Monday, June 29, 2015

မြို့ပြတိုက်ခန်းများတွင် ဘွန်ဇိုင်းပင်ကလေးများ၊ ဒန်းခုံကလေးများပြုလုပ်ကာ စိတ်ချမ်းသာစွာအနားယူနိုင်အောင်ပြုလုပ်လာ


 
မန္တလေး ဇွန် ၂၈
တစ်သက်ပျော်ချင် သစ်ပင်စိုက်ဟုဆိုထားခဲ့ပေသည်။ မြို့ပြဒေသတွင်မူ တိုက်ခန်းများဝယ်၍ နေထိုင်ခြင်း၊ အိမ်ခန်းငှားနေထိုင်ခြင်း၊ ကျဉ်းမြောင်းသောနေရာအတွင်း နေထိုင်ရသည့်အတွက် သစ်ပင်စိုက်ရန် မြေနေရာအလွတ် မရှိသည်များလည်းကြုံနေရသည်။ မြို့ပြတိုက်ခန်း ယဉ်ကျေးမှုတွင် သစ်ပင်မစိုက်နိုင်သော်လည်း ဝရံတာ များ၊ လှေကားအနီးနှင့် ပြတင်းပေါက်အနီးတို့တွင် အလှ ပန်းအိုးများ စိုက်ပျိုးလေ့ရှိကြသည်။
ပန်းအိုးစိုက်ပျိုးမှုတွင်လည်း ကြီးထွားမှုအတွက် နေရာမပေးနိုင်သူတို့မှာ ဘွန်ဇိုင်းပင်ကလေးများကိုသာ ဝယ်ယူစိုက်ပျိုးကာ ယုယနေကြရသည်။ ဘွန်ဇိုင်းပင်များကို ဝယ်ယူစိုက်ပျိုးရာတွင် အများစုသည် အပွင့်ပါသော အပင်တို့ကို ဝယ်ယူထားလေ့ရှိသည်။ ဘွန်ဇိုင်းပင်များကို ကြည့်ကာ သစ်ပင်စိုက်ခြင်းရသကို ခံစားကြရသည်ဟု ဆိုကြသည်။
ဘွန်ဇိုင်းဆိုသည်မှာ လင်ဗန်းအတွင်း စိုက်ပျိုးထား သောအပင်ဟုခေါ်ဝေါ်ကြကြောင်း သိရသည်။ များသော အားဖြင့် ဘွန်ဇိုင်းကို ပန်းအိုးငယ်များဖြင့် စိုက်ပျိုးလေ့ရှိပြီး သက်ကြီးပု အပင်အမျိုးအစားဖြစ်ကာ ချစ်စရာကောင်း လှသည်။ ဘွန်ဇိုင်းကို လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင် ကျော်ခန့်ကစကာ တရုတ်ပြည်တွင် စတင်စိုက်ပျိုးခဲ့ပြီး နောက်ပိုင်းတွင် ဂျပန်ပြည်သို့ စိုက်ပျိုးနည်းရောက်ရှိကာ ဘွန်ဇိုင်းစိုက်ပျိုးခြင်းသည် အနုပညာရပ် အသစ်အဆန်းဟု မှတ်ယူကာထင်ရှားလာပြီး အာရှနိုင်ငံ အနှံ့အပြားသို့ ရောက်ရှိသွားကြောင်း သိရသည်။
မြို့ပြတိုက်ခန်းများတွင် ဘွန်ဇိုင်းပင်များကို ဝယ်ကာ အမြတ်တနိုးစိုက်ပျိုးလာကြသည်။ ဘွန်ဇိုင်းပင်သည် ငြိမ်းချမ်းခြင်း၊ မြင့်မြတ်ခြင်း၊ ကောင်းမွန်ခြင်း အဓိပ္ပါယ် ဆောင်ပြီး မင်္ဂလာရှိသည်ဟု အယူအဆရှိကြသည်။ ယခုအခါ မြို့ပြတိုက်ခန်းယဉ်ကျေးမှုတွင် ဘွန်ဇိုင်းပင်များ ကို တယုတယစိုက်ပျိုးကာ ပျော်ရွှင်ခြင်းရသကို ဖန်တီး နေလျက်ရှိကြောင်း ဘွန်ဇိုင်းစိုက်ပျိုးသူတစ်ဦးက ရှင်းပြ၍ သိရသည်။
(တိမ်တမန်)

No comments:

Post a Comment