Monday, June 29, 2015

တတ်ကျွမ်းထားသောအတွေ့အကြုံဖြင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်ပါက အောင်မြင်မှုရရှိမည်

 
ရန်ကုန် ဇွန် ၂၈
မိမိတို့ ရရှိထားသည့် အတွေ့အကြုံ နှင့် ဗဟုသုတများပေါင်း၍ ရောက် ရှိသည့်နေရာတွင် စနစ်တကျဆောင် ရွက်အသုံးချပါက အောင်မြင်မှုရရှိ လာမည်ဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် ဟိုတယ်လုပ်ငန်း လေ့ကျင့်ရေး ကနဦး ဆောင်ရွက်မှု၏ ပထမအကြိမ် ဧည့် ဝန်ဆောင်မှုလုပ်ငန်း သင်တန်းဆင်းပွဲ နှင့် သင်တန်းဆင်းများအတွက် အလုပ်အကိုင်ပြပွဲကျင်းပပေးသည့် အခမ်းအနားတွင် ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ရွှေက ပြောကြားခဲ့သည်။
''အလုပ်ခွင်မှာ ရောက်ရှိလာပြီး လက်တွေ့လုပ်ကိုင်ဆောင်ရွက်ကြတဲ့ အခါ တကယ်ဖြစ်မြောက်ချင်တဲ့စိတ် နဲ့တတ်ကျွမ်းအောင်လုပ်ပြီး စိတ်ရှည် ရှည်နဲ့ကြိုးစားရင် တိုးတက်အောင်မြင် ခြင်းဆိုတာ မလွဲမသွေရရှိလာမှာ ဖြစ် တယ်။ မောင်တို့မယ်တို့ တာဝန်ယူ ဆောင်ရွက်ရတဲ့ဟိုတယ်မှာ စိတ်ရော ကိုယ်ပါ ဇွဲရှိရှိနဲ့ နှစ်ရှည်ရှည် ကြိုးစား လုပ်ကိုင်ခဲ့ရင် တစ်နေ့မှာ သက်ဆိုင် ရာဘာသာရပ်ပိုင်းမှာ ထူးချွန်လာမှာ ပါ''ဟု ပြောကြားသည်။
အဆိုပါသင်တန်းဆင်းပွဲသည် ဆွစ်ဇာလန်နိုင်ငံအစိုးရမှ ရန်ပုံငွေ ထောက်ပံ့မှုပြုထားသော ပထမ အကြိမ် ဧည့်ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး သင်တန်းဆင်းသူများအတွက် အလုပ်အကိုင်ပြပွဲပါ ပူးတွဲကျင်းပ ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန်သံရုံး၊ ဆွစ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SDC)၏ငွေကြေးထောက်ပံ့မှုနှင့်ဆွစ်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Swisscontact မှ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ရက်သတ္တ ခုနစ်ပတ်ကြာမြင့်သည့် ဧည့်ဝန်ဆောင်မှုသင်တန်းကို ရန်ကုန် နှင့် နေပြည်တော်တို့၌ မတ်လမှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးတွင် လှိုင်သာယာ၊ ဒလ၊ အင်းစိန်၊ မြောက်ဥက္ကလာပ မြို့နယ်တို့မှ အခြေခံပညာအလယ် တန်းအဆင့်ရှိ လူငယ်များကို ရွေးချယ် စိစစ်ကာ သင်တန်းပေးခြင်းဖြစ် ကြောင်း သိရသည်။
သင်တန်းပေးရာတွင် ရေရှည် အကျိုးစီးပွားကိုဦးတည်သော ဆင့်ကဲ ပြန့်ပွားပညာပေးရေးပုံစံကို အသုံးပြု ထားပြီး ဆွစ်ဇာလန်မှ ကျွမ်းကျင် ပညာရှင်များက ဆွစ်နည်းပညာဖြင့် သင်ကြားမည့် ဆရာ ၁၈ ဦးအား ဆရာအတတ်သင် သင်တန်းပို့ချခဲ့ပြီး ထိုဆရာများမှ ဟိုတယ်အတွင်းရှိ supervisor အဆင့်ရှိသော ဧည့် ဝန်ဆောင်မှုသင်တန်းနည်းပြ ၁၁ဝ အား ကျွမ်းကျင်နည်းပြများဖြစ်လာ အောင် သင်တန်းပြန်လည်ပို့ချခဲ့သည်။ အဆိုပါနည်းပြများမှတစ်ဆင့် ယခု ကဲ့သို့ အခွင့်အရေးနည်းပါးသူများကို ပြန်လည်သင်ကြားပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ သင်တန်းပြီးဆုံး သူများကို မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ တစ်ဆင့် ပြည်တွင်းဟိုတယ်များကို တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် လျှောက်ထားခွင့်ရရှိစေရန် ဟိုတယ် နှင့် စားသောက်ဆိုင် ၃ဝ နှင့် ချိတ်ဆက်စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခု အလုပ် အကိုင်ပြပွဲအား ကျင်းပပေးခြင်းဖြင့်သင်တန်းသားများသည် အလုပ် အကိုင်ရှာဖွေရာတွင် ပိုမိုလွယ်ကူပြီး ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွင် လိုအပ် သောအလုပ်သမားဈေးကွက်ကိုလည်း နားလည်သဘောပေါက်လာမည်ဖြစ် ကြောင်း သိရသည်။
''လာမယ့် သြဂုတ်လအတွင်းမှာ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေက ကလေးတွေကို ခေါ်ယူသင် ကြားပေးဖို့ အစီအစဉ်တွေရှိနေတယ်။ ဒါ့အပြင် လူဇင်ဘတ်နိုင်ငံရဲ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းက ဒီက ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန နဲ့ ဆက်သွယ်နေပြီး သူတို့က အခု ဆွစ်အဖွဲ့နဲ့ ပူးပေါင်းကာ ယခုထက် အဆင့်မြင့်ပြီး လက်တွေ့ကျတဲ့ တိုးတက်မှုအပြည့်အဝရရှိစေတဲ့ သင်တန်းတွေ ဖွင့်လှစ်သွားမယ်။ ဒီအတွက် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန က သူတို့လိုအပ်တဲ့ပံ့ပိုးမှုတွေ ဆောင် ရွက်ပေးနေတယ်။ တခြား ကမ်းလှမ်း ထားတဲ့ အဖွဲ့အစည်းတချို့လည်း ရှိနေတယ်''ဟု ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနအနေဖြင့် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံစိတ်ချရသော အလုပ်အကိုင် ဖန်တီးပေးရေးနှင့် ခရီးသွားလာရေး လုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် မဟာဗျူဟာများ၊ မူဝါဒ များချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ ဧည့်ဝန်ဆောင်မှုလုပ်ငန်း သင်တန်း များဖွင့်လှစ်ခြင်းဖြင့် လိုအပ်ချက် များကို ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
(မြတ်စန္ဒီသင်းဇော်)

No comments:

Post a Comment