Monday, June 29, 2015

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ အင်္ဂလန်အသင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်တက်


 
၂ဝ၁၅ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အဆိုပါ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်သည့် အင်္ဂလန်အမျိုးသမီးအသင်းနှင့် အိမ်ရှင်ကနေဒါအမျိုးသမီးအသင်း တို့ ပွဲစဉ်တွင် အင်္ဂလန်အမျိုးသမီးအသင်းက ကနေဒါအမျိုးသမီးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။
အင်္ဂလန်အမျိုးသမီးအသင်းသည် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်လှမ်းလာခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်တွင် လက်ရှိအမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ ဂျပန်အမျိုးသမီးအသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဂျပန်အမျိုးသမီးအသင်းသည် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ် အဆင့်တွင် သြစတြေးလျအမျိုးသမီးအသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်အမျိုးသမီးအသင်းနှင့် ကနေဒါအမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် အင်္ဂလန်အမျိုးသမီးအသင်းသည် သုံးမိနစ်အတွင်း နှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပွဲကစားချိန် ၁၁ မိနစ်တွင် တေလာနှင့် ပွဲကစားချိန် ၁၄ မိနစ်တွင် ဖာရာဝီလီယံ၏ အလွတ်တည်ကန်ဘောမှတစ်ဆင့် လူစီဘရောင်းက ခေါင်းတိုက်သွင်းယူခဲ့သည့် သွင်းဂိုးတို့ပင်ဖြစ် သည်။
ကနေဒါအမျိုးသမီးအသင်းအတွက် ချေပဂိုးကိုမူ ဆင်ကလဲယားက ပွဲကစားချိန် ၄၂ မိနစ်တွင် သွင်းယူပေး ခဲ့ခြင်းဖြစ်သည်။ လက်ရှိအင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဆမ်ဆွန်သည် အင်္ဂလန်လက်ရွေးစင်အမျိုးသား အသင်းနှင့် လက်ရွေးစင်အမျိုးသမီးအသင်းတို့ကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့သူဖြစ်သည်။ လက်ရှိတွင် အင်္ဂလန် အမျိုးသမီးအသင်းသည် ၁၉၉ဝ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင် နယ်အဆင့်သို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်အမျိုးသမီးအသင်းနှင့် ဂျပန်အမျိုးသမီးအသင်းတို့၏ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၂ရက်တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် နှစ်ကြိမ်ဗိုလ်စွဲထားသည့် ဂျာမနီအမျိုးသမီးအသင်းသည်လည်း ကွာတား ဖိုင်နယ်အဆင့်တွင် ပြင်သစ်အမျိုးသမီးအသင်းအား ငါးဂိုး-လေးဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းကြောင့် အမျိုးသမီးကမ္ဘာ့ ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ဂျာမနီအမျိုးသမီးအသင်းသည် ဆီမီးဖိုင်နယ် အဆင့်တွင် အမေရိကန်အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
[ငွေကြယ်]

No comments:

Post a Comment