Monday, June 29, 2015

တိုက်စစ်မှူး နေမာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာမည်ဟု ဖော်လန်ပြောကြား


 
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းမှ ဘရာဇီးတိုက်စစ်မှူး နေမာသည် ကမ္ဘာ့အကောင်းဆုံးကစား သမား ဖြစ်လာလိမ့်မည်ဟု အပြည့်အဝယုံကြည်ထားကြောင်း ဥရုဂွေးတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က ပြောကြားခဲ့သည်။
ဘရာဇီးကြယ်ပွင့် နေမာသည် ယခုနှစ်ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလား၊ စပိန်ကိုပါဒယ်ရေးဖလား စသည်ဖြင့် တစ်နှစ်တည်းတွင် ဖလားသုံးလုံးရယူပေးနိုင်ခဲ့သည့် ကစား သမားများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။
ဘရာဇီးလက်ရွေးစင်အသင်းနှင့်အတူ ကိုပါအမေရိကဖလားပြိုင်ပွဲ၌ ဝင်ရောက်ကစားခဲ့ရာတွင် ကိုလံဘီယာ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုအဆင့်ပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရခြင်းကြောင့် ကိုပါ အမေရိကဖလားပြိုင်ပွဲတွင် လေးပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရသည်။သို့သော် တိုက်စစ်မှူးနေမာသည် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ၊ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုတို့ကဲ့သို့ ကမ္ဘာ့အကောင်းဆုံးကစားသမား အဖြစ်သို့ ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း ဒီယေဂိုဖော်လန်က ထုတ်ဖော်ပြောကြားခဲ့သည်။
''နေမာဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ သူဟာ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာမှာကစားနေတဲ့အချိန်မှာ ဘာစီလိုနာအတွက် ဂိုးတွေသွင်းယူ ပေးနိုင်ခဲ့သလို အခြားကစားသမားတွေ ဂိုးသွင်းနိုင်ဖို့ကိုလည်း ဖန်တီးပေးမှုတွေ အတော်များများပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ နေမာဟာ ဘောလုံးကိုဖြတ်ကျော်ယူတဲ့နေရာမှာလည်း မှော်ဆန်တဲ့ကစားကွက်ကိုအသုံးပြု တတ်တဲ့ကစားသမားတစ်ဦးပါ'' ဟု ဥရုဂွေးတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က ပြောကြားခဲ့သည်။
တိုက်စစ်မှူးနေမာသည် လက်ရှိတွင် အသက်(၂၃)နှစ်အရွယ်သာရှိသေးပြီး ဘာစီလိုနာကစားဖော် တိုက်စစ်မှူး မက်ဆီထက် ငါးနှစ်၊ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုထက် ခုနစ်နှစ် အသက်အရွယ် ငယ်နေသေးခြင်းကြောင့် တိုက်စစ်မှူးနေမာသည် ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် မြင်တွေ့ရမည့် ကစားသမားဖြစ်ပြီး လာမည့်နှစ် အနည်းငယ်အတွင်း ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဒီယေဂိုဖော်လန်က ဆိုသည်။
[နိုင်လင်းကြည်]

No comments:

Post a Comment