Monday, June 29, 2015

စက်သုံးဆီဆိုင်များ စိစစ်ခွင့်ပြုလျက်ရှိသော်လည်း တရားမ၀င်စက်သုံးဆီဆိုင်များရှိနေသဖြင့် အရေးယူဆောင်ရွက်လျက်ရှိ






သတင်း-ဇင်ဦး (မြန်မာ့အလင်း)
ဓာတ်ပုံ-သီဟစည်သူ

နေပြည်တော် ဇွန် ၂၈

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အတွင်းရှိ စက်သုံးဆီဆိုင်များတွင် စံသတ်မှတ် ချက်များ၊ တရားဝင်ရောင်းချခွင့်၊ တရားဝင် စက်သုံးဆီသိုလှောင်ခွင့် ဆိုင်ရာ အချက်အလက် အထောက် အထား မခိုင်လုံသည့် စက်သုံးဆီ အရောင်းဆိုင်အချို့ ရှိနေခြင်းကြောင့် စက်သုံးဆီဖြန့်ဖြူး သိုလှောင်ရောင်းချ ခြင်းဆိုင်ရာ ဆပ်ကော်မတီအဖွဲ့များ က လိုက်လံစစ်ဆေး အရေးယူမှုများရှိ နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန် ရှိသူထံမှ သိရသည်။
စက်သုံးဆီအရောင်းဆိုင်များကို ၂ဝ၁ဝ ပြည့်နှစ် ဇွန်လအတွင်း စတင် ဖွင့်လှစ်ရောင်းချခွင့်ပြုသည့် အချိန်မှ စ၍ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်ကဏ္ဍအတွက်သာ စက်သုံး ဆီများ တာဝန်ယူဖြန့်ဖြူးပြီး အခြား ပုဂ္ဂလိကကဏ္ဍများကို ပုဂ္ဂလိက စက်သုံးဆီဆိုင်များက ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။
ယင်းအခြေအနေကို အခွင့် ကောင်းယူကာ အချို့စက်သုံးဆီဆိုင် များသည် အရည်အသွေးမှန်ကန် တိကျမှုမရှိသည့် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချနေဆဲ ဖြစ်ခြင်း ကြောင့် အရည်အသွေး ပြည့်မီ မှန်ကန်မှုမရှိကြောင်း စစ်ဆေးတွေ့ ရှိပါက ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ကို ယာယီ/ အမြဲတမ်း ပိတ်သိမ်းအရေး ယူလျက်ရှိပြီး ယခုအခါ စက်သုံးဆီ တင်သွင်းခွင့်ကိုပါ အကျိုးသက် ရောက်မည့် အရေးယူမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များ စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအတွက် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်း(Myanmar Pretroleon Trade
Association- MPTA) က ကြီးကြပ်၍ တစ်နိုင်ငံလုံးအတွက် တင်သွင်း ဖြန့်ဖြူးလျက်ရှိကြောင်း၊ စက်သုံးဆီ အခြင်အတွယ် မှန်ကန်စေရေးနှင့် အရည်အသွေး မှန်ကန်စေရေး အတွက် စွမ်းအင်ဝန်ကြီးဌာနမှ စံသတ်မှတ်ထားသော ခြင်ခွက်များ၊ ပြည်ပမှတင်သွင်းထားသည့် Moblie
Fuel Lab ကားများဖြင့် အခါအား လျော်စွာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးအရေးယူမှုများနှင့် ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းမင်းဦးက '' တရားမဝင် စက်သုံးဆီဆိုင်များကို အရေးယူတဲ့နေရာမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာ ဆပ်ကော်မတီခွဲတွေက ဒေသ အာဏာပိုင်အဖွဲ့အစည်းများ ပါဝင် တဲ့ အဖွဲ့များ ဖွဲ့စည်းပြီးတော့ အဲဒီအဖွဲ့တွေက အခါအားလျော်စွာ စစ်ဆေးတယ်။ စစ်ဆေးပြီးလို့ တရား မဝင်ဖွင့်တဲ့ ဆိုင်တွေတွေ့တဲ့ခါ ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာနက ပူးပေါင်းပြီး အရေးယူတယ်။ ဒီလို စစ်ဆေးတဲ့နေရာမှာ သတ်မှတ်ထား တဲ့ စည်းကမ်းချက်များနှင့် မကိုက် ညီဘူးဆိုရင် စစ်ဆေးအရေးယူမှုများ ပြုလုပ်နေတယ်။ အရင်တုန်းကဆို ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့ရှိ စံသတ်မှတ်ချက်နဲ့ မကိုက်ညီ တဲ့ဆိုင်တွေကို စစ်ဆေးအရေးယူမှုတွေ ပြုလုပ်ခဲ့တာတွေရှိပါတယ်။ အရေး ယူတဲ့အခါမှာ ပထမဦးဆုံး သတိပေး တယ်၊ တစ်လပိတ်သိမ်းတယ်၊ သုံးလပိတ်သိမ်းတယ်၊ ခြောက်လ ပိတ်သိမ်းတယ်၊ နောက်ဆုံး အဲဒါ တွေမှ မလိုက်နာဘူးဆိုရင် လိုင်စင် တွေ ပြန်သိမ်းတဲ့ထိ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်'' ဟု ပြောကြားသည်။
စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်း ချလိုပါက သက်ဆိုင်ရာပြည်နယ် နှင့် တိုင်းဒေသကြီးတွေမှတစ်ဆင့် ထောက်ခံချက်နှင့် စွမ်းအင်ဝန်ကြီး ဌာနသို့ အဆင့်ဆင့်တင်ပြပြီး စက်သုံး ဆီဆိုင်ဖွင့်မည့်နေရာ၏ သတ်မှတ် ချက်များဖြစ်သည့် စက်သုံးဆီဆိုင် ဖွင့်မည့်နေရာသည် ကိုယ်ပိုင်မြေ သို့မဟုတ် ခွင့်ပြုချက်ယူပြီး ငှားရမ်း ထားသည့်မြေဖြစ်ရမည်၊ ထို့ပြင် ယင်းဆိုင်အနေဖြင့် ပတ်ဝန်းကျင်ကို မီးဘေးအန္တရာယ်အရ လည်းကောင်း၊ ပတ်ဝန်းကျင်အား အနှောင့်အယှက် ဖြစ်စေသည့် အချက်များအရ လည်းကောင်း သတ်မှတ်ချက်များဖြင့် ကိုက်ညီသည့် ဆိုင်များကိုသာ စိစစ်ပြီး ခွင့်ပြုပေးလျက်ရှိသည်။ ထို့နောက် အဆောက်အအုံဆောက် လုပ်သည့်အခါတွင် သတ္တုတွင်း ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စံနှုန်းများဖြင့် ကိုက်ညီသည့် စက်သုံး ဆီ သိုလှောင်မှု၊ ရောင်းချမှုဆိုင်ရာ အဆောက်အအုံဆောက်လုပ်ခွင့်ပုံစံ နှင့်ကိုက်ညီသည့် ဆိုင်များကိုသာ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ဆောက် လုပ်ပြီး အဆောက်အအုံများကို စွမ်းအင်ဝန်ကြီးဌာနနှင့် သတ္တုတွင်း ဝန်ကြီးဌာနတို့က ပူးပေါင်းစစ်ဆေးပြီး စစ်ဆေးချက် အောင်မြင်ပါက စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် စက်သုံးဆီဖြန့်ဖြူးသိုလှောင်ရောင်းချခြင်းဆိုင်ရာ အမှု ဆောင်ကော်မတီ အစည်းအဝေးတွင် တင်ပြဆုံးဖြတ်ချက်ရယူပြီး ဆိုင်ဖွင့်လှစ်ခွင့်ပြုလျက်ရှိကြောင်းကိုလည်း၎င်းထံမှ သိရသည်။
စက်သုံးဆီ သိုလှောင်ခွင့် လိုင်စင်များကို သတ္တုတွင်းဝန်ကြီး ဌာနကခွင့်ပြုပြီး စက်သုံးဆီရောင်း ချခွင့် လိုင်စင်များကို စွမ်းအင် ဝန်ကြီးဌာနက စိစစ်ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။ လက်ရှိ အချိန်တွင် တစ်နိုင်ငံလုံး၌ ပုဂ္ဂလိက ထံလွှဲပြောင်းပေးခဲ့သည့် နိုင်ငံပိုင် စက်သုံးဆီဆိုင်များ ၂၆၁ ဆိုင် အပါအဝင် ပုဂ္ဂလိကစက်သုံးဆီ ဆိုင်ပေါင်း ၁၄ဝ၂ ဆိုင် ခွင့်ပြုထားပြီး နိုင်ငံပိုင်စက်သုံးဆီဆိုင်မှာ ၁၂ ဆိုင် သာရှိသည်ဟု ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် စွမ်းအင်ဝန်ကြီး ဌာန၏ စက်သုံးဆီဆိုင်များစာရင်းတွင် ဖော်ပြထားသည်။
စက်သုံးဆီဆိုင်များအပြင် စက် သုံးဆီသိုလှောင်စခန်း ခြောက်ခု၊ ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီအဖွဲ့ အစည်းပိုင် ရေယာဉ် ၁၅ စင်း၊ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်တစ်ခုတို့ကို မြန်မာ့ရေနံ ထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment