Tuesday, June 2, 2015

အနာဂတ်မျိုးဆက်သစ်တို့၏ ကနဦးကျောင်းဖွင့်ရက်တွင် အဆင်ပြေချောမွေ့မှုရှိရန် စီစဉ်ဆောင်ရွက်ထား

 


အင်တာဗျူးနှင့်
ဓာတ်ပုံ-ဥမ္မာသန့်

ရန်ကုန် ဇွန် ၁
၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်းများကို ယနေ့စတင် ဖွင့်လှစ်လိုက်သည်။ ယခုနှစ်တွင် နိုင်ငံတော်က ကျောင်းနေအရွယ်က လေးတိုင်း ပညာသင်ကြားနိုင်ရေး အတွက် မူလတန်း၊ အလယ်တန်းကို ယခင်နှစ်က အခမဲ့ပညာရေးစနစ် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် အခြေခံ ပညာအထက်တန်းကိုပါ အခမဲ့ပညာ ရေးစနစ် ပြောင်းလဲလိုက်သည်။
ပညာသင်ကြားရာတွင် ကုန်ကျ စရိတ်နည်းပါးပြီး ပညာသင်ကြားသူ ဦးရေ များပြားလာစေရန်လည်း နိုင်ငံတော်က တစ်ဖက်တစ်လမ်းမှ ကူညီလိုက်သဖြင့် ပညာသင်ကြားသူ ဦးရေများပြားလာမည်ဖြစ်သည်။ ထို့ အပြင် ကျောင်းအပ်ရာတွင်လည်း ငွေ ကုန်ကျမှုမရှိသည့်အပြင် ဖတ်စာအုပ် များ၊ ဗလာစာအုပ်များကိုပါ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး ၄၃ မြို့နယ်ရှိ အခြေခံပညာကျောင်း ၂၇၂၈ ကျောင်းကို ယနေ့တစ်ပြိုင် တည်း ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများပျော်ရွှင် လန်းဆန်းစွာ ပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။
''ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည် လောင်း၊ ငါတို့စာသင်ကျောင်း''ဟူ သည့် ကလေးကဗျာလေးကဲ့သို့ပင် အနာဂတ်မျိုးဆက်သစ်တို့၏ ကနဦး ကျောင်းဖွင့်ရက်တွင် အဆင်ပြေချော မွေ့မှုရှိရန် စီစဉ်ဆောင်ရွက်ထားရှိ မှုနှင့်စပ်လျဉ်း၍ မိဘ၊ ဆရာ၊ ကျောင်း သားများအား တွေ့ဆုံမေးမြန်းခဲ့သည်။
ဒေါ်အေးအေးမြင့်
(အထက(၄)ပုဇွန်တောင်)
ကျွန်မတို့ ဆရာတွေအနေနဲ့ ကလေးတွေ ကျောင်းဖွင့်ရက်မှာ အဆင်သင့် ပညာသင်ကြားနိုင်ဖို့ ကျောင်းမဖွင့်ခင်ကတည်းက ဆောင် ရွက်ခဲ့ပါတယ်၊ စာသင်ခန်းမှာ လိုအပ် တဲ့ မီး၊ ပန်ကာ၊ စာသင်ခုံ အကုန်လုံး ကို စနစ်တကျဖြစ်အောင် လုပ်ဆောင် ခဲ့ပါတယ်။ ကျောင်းကဒီနှစ်မှာ မိုးလုံ အောင် အဆောက်အအုံပြင်ဆင်ခြင်း၊ ရေအိမ်ပြုပြင်ခြင်းတွေ ဆောင်ရွက် ခဲ့တယ်၊ ကလေးတွေ ကျောင်းတက် ရင်သောက်ဖို့ ရေသန့်စက်ကိုလည်း ရေစစ်တွေ ပြန်လဲထားပါတယ်။ ကျောင်းမဖွင့်ခင်ရက်တွေမှာ ကိုယ့် အခန်းမှာရှိတဲ့ ကလေးနဲ့ခုံ ကိုက်ရဲ့ လား၊ ခုံတွေကိုလည်း အကျိုးတွေမရှိ အောင် အစစအရာရာ အဆင်ပြေ အောင်လုပ်ထားပါတယ်။ နွေရာသီ ကတည်းက တစ်ကျောင်းလုံးမှာရှိတဲ့ ခုံတွေကို ပြန်လည်ပြုပြင်ထားပြီးပါပြီ၊ ကျောင်းသားတွေ စာသင်ရာမှာ အခက်အခဲမရှိအောင် အားလုံး ဆောင်ရွက်ထားပါတယ်။ ဒီမနက် ကျောင်းဖွင့်ချိန်မှာလည်း အတန်း အလိုက် ကလေးတွေကို ဆရာမတွေ က ကျောင်းရှေ့ကနေပြီးစနစ်တကျနဲ့ စာသင်ခန်းအထိလိုက်ပို့ပေးခဲ့ပါတယ်။
မအိမွန်ဖြိုး( အဋ္ဌမတန်း၊
အထက(၄)ပုဇွန်တောင်)
သမီးဒီနေ့ ကျောင်းဖွင့်ရက်မှာ အတန်းသစ်တက်ရမှာရယ်၊ သမီး သူငယ်ချင်းတွေနဲ့ တွေ့ရမှာကြောင့် ပျော်ပါတယ်၊ သမီးတို့ ကျောင်းက ဖတ်စာအုပ်တွေ အခမဲ့ပေးပါတယ်၊ သမီး အခုစာသင်ရမယ့် အခန်းကို လည်း ဆရာမတွေကခုံတွေစနစ်တကျ နဲ့ သန့်ရှင်းစွာ လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မောင်ရဲသီဟထွန်း(ပဉ္စမတန်း၊
အထက(၄)ပုဇွန်တောင်)
ဒီနေ့ကျောင်းမှာ သူငယ်ချင်းတွေ နဲ့ အတန်းအတူတူတက်ရတဲ့အတွက် ပျော်ပါတယ်၊ စာသင်ကြားရာမှာ အခက်အခဲမရှိအောင် ဆရာမတွေက လည်း စာသင်ခန်းထဲက မီးချောင်း၊ ပန်ကာ၊ စာသင်ခုံတွေကိုအဆင်သင့် သန့်ရှင်းစွာပြုလုပ်ထားတာတွေ့ရပါ တယ်၊ ကျောင်းအပ်တော့လည်း ငွေ အကုန်အကျမရှိအောင် အခမဲ့ပညာ ရေးစနစ်ဖြစ်တဲ့အတွက် တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါ်သင်းသင်းဆွေ
(အထက(၄)ပုဇွန်တောင်)
ကျောင်းသားတွေအတွက် ဖတ် စာအုပ်တွေလည်း အခမဲ့ဝေငှထားပြီး ပြီ၊ မူလတန်းအတွက် ဗလာစာအုပ် ခြောက်အုပ် အခမဲ့ပေးထားပြီးပြီ။ စာသင်ဖို့ကတော့ အဆင်သင့်ပါပဲ၊ ကျောင်းဖွင့်ရက်မှာ အဆင်သင့် စာသင်နိုင်ဖို့အတွက် ကျောင်းမဖွင့်ခင် ကပဲ လုပ်ဆောင်ခဲ့ပါတယ်။ ယခုနှစ် စာသင်ကြားနေတဲ့ သူငယ်တန်း ကျောင်းသားတွေကိုလည်း သက်ဆိုင် ရာအခန်းအလိုက် ဆရာမတွေက လိုက်ပို့ပြီး ကလေးပျော်ရွှင်အောင် လုပ်ပေးပါတယ်၊ ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို မိဘသဖွယ် ကြင်ကြင်နာနာနဲ့ပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေးနဲ့ကျောင်းနေပျော် ပြီး စာတော်တဲ့ကလေးတွေဖြစ်အောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
ဦးတင်ဝင်း(ကျောင်းသားမိဘ)
နိုင်ငံတော်က အခမဲ့ပညာရေး စနစ်ကို ဖော်ဆောင်ပေးတဲ့အတွက် မိဘတစ်ယောက်အနေနဲ့ ပြောရရင် ပညာရေးစရိတ်တွေ နည်းသွားလို့ ဝမ်းသာပါတယ်၊ သမီးအတွက် ကျောင်းက ဗလာစာအုပ်နဲ့ဖတ်စာအုပ် အခမဲ့ပေးပါတယ်။ ကလေးတွေ အနေနဲ့ ပညာရေးစရိတ်သက်သာတဲ့ အတွက် ပညာရေးအားတက်လာပါ တယ်။
ဆရာမတွေကလည်း ဂရုစိုက် ပါတယ်။ ကလေးတွေရဲ့ လူမှုရေး နေထိုင်မှုအားလုံးကို စည်းကမ်းတကျ ဖြစ်အောင် ဆရာမတွေကသွန်သင်ပေး ပါတယ်။ ကလေးတွေ ပညာတတ်တွေ ဖြစ်အောင် ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
 

No comments:

Post a Comment