Monday, June 1, 2015

သာယာဝတီမင်း ခေါင်းလောင်းကြီးနှင့် အရွယ်တူ မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာမင်္ဂလာခေါင်းလောင်းတော်ကြီး ထားဝယ်မြို့သို့ရောက်ရှိ




The Mirror Daily's photo.
 

ထားဝယ် မေ ၃၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင် ပြည်သူများ စုပေါင်းပါဝင် လှူဒါန်းမှုဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျက်သရေဆောင်ရွှေတောင်စား စေတီတော်မြတ်ကြီး၏ အောက် ပစ္စယာအင်္ဂါထောင့်၌ ဘုံခုနစ်ဆင့် ပြာသာဒ်တော်ဖြင့် အပူဇော်ခံထားရှိမည့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာမင်္ဂလာ ခေါင်းလောင်းတော်ကြီးသည် မေ ၂၆ ရက်တွင် မန္တလေးမြို့မှစတင်ထွက်ခွာလာပြီး မေ ၂၉ ရက်တွင် ထားဝယ်မြို့ သို့ရောက်ရှိလာကာ မောင်မယ်ရှောင် ကျေးရွာ ရှင်ဓာတ်ဝဲဘုရားကြီးအနီးတွင် ညအိပ်ရပ်နားအပူဇော်ခံထားရှိသည်။

ဆက်လက်၍ မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာမင်္ဂလာ ခေါင်းလောင်းတော်ကြီးကို မေ ၃ဝ ရက်မွန်းလွဲ ၂ နာရီတွင် မောင်မယ်ရှောင် ကျေးရွာမှဘုရားကြီး ဝင်းအတွင်းသို့ အပူဇော်ခံလာရာ လမ်းတစ်လျှောက်၌တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘုရားကြီး ဂေါပကအဖွဲ့ဝင်များ၊ အကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ပြည်သူလူထုများက သာသနာ့အလံများ ကိုင်ဆောင်၍ စည်ကားသိုက် မြိုက်စွာဖြင့် လိုက်ပါကြည်ညိုကြသည်။

ခရီးလမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများက ဖျော်ရည်များ၊ စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကာ မဟာဝိဇယ ခေမသီတလ နိဗ္ဗုတ ဃောသမဟာမင်္ဂလာ ခေါင်းလောင်းတော်ကြီးကို စုရပ်ဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရ ဇိန် ဘုရားကြီးဝင်းအတွင်း၌ ပူဇော်ခံထားရှိသည်။

မဟာဝိဇယ ခေမသီတလ နိဗ္ဗုတ ဃောသ မဟာမင်္ဂလာ ခေါင်းလောင်းတော်ကြီးသည် လက်ရှိ မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးစာရင်းဝင် ရွှေတိဂုံစေတီတော်မြတ်ကြီး တနင်္ဂနွေ ထောင့်ရှိ သာယာဝတီမင်းခေါင်းလောင်း တော်နှင့်အရွယ်တူဖြစ်ပြီး ကြေးပိဿာချိန် ၁၁၇၇၇ ပိဿာ၊ အမြင့် ၁၂ ပေ၊ အချင်း ၇ ပေ ၅ လက်မ၊ ထု ၁ ပေရှိ၍ခေါင်းလောင်းတော်ကြီးတွင် ငြိမ်းချမ်းသာယာသော နိမိတ်ပုံအဖြစ် လောကနတ်ရုပ်တုနှင့် မြန်မာမှု အနုပညာများကို တင့်တယ်စွာ တပ်ဆင်ပြုလုပ်ထားကြောင်း သိရသည်။

ခေါင်းလောင်းတော်ကြီးကို မေ ၃၁ ရက် ညနေ ၆ နာရီခွဲတွင် စုရပ်ဖြစ်သော ဘုရားကြီးဝင်းအတွင်းမှ ကိုယ်စားတော်လေးဆူနှင့် အတူ ထားဝယ်မြို့အတွင်းသို့ လှည့်လည်ပူဇော်ခံကြောင်း သိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)

No comments:

Post a Comment