Monday, June 1, 2015

ဟီဂူအင်အား ခေါ်ယူနိုင်ခဲ့ပါက ဗန်ပါစီအား ဂျူဗင်တပ်သို့ ရောင်းမည်


 
မန်ယူအသင်းမှ ထွက်ခွာရန်ရှိနေသည့် နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီအား အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားလျက်ရှိပြီး မန်ယူအသင်းအနေဖြင့် ၄င်းတို့ခေါ်ယူရန်ပစ်မှတ်ထားလျက်ရှိသည့် နာပိုလီတိုက်စစ်မှူး ဟီဂူအင်အား ခေါ်ယူနိုင်ခဲ့ပါက တိုက်စစ်မှူး ဗန်ပါစီအား ဂျူဗင်တပ်အသင်းသို့ ရောင်းချမည်ဖြစ်ကြောင်း မန်ယူအသင်းနည်းပြ ဗန်ဟားလ်က ထုတ်ဖော်ပြောကြားလိုက်သည်။
မန်ယူအသင်းသည် တိုက်စစ်ပိုင်းအတွက် ဟီဂူအင်ကို ခေါ်ယူနိုင်မှသာလျှင် ဗန်ပါစီကို ဂျူဗင်တပ်သို့ရောင်းချရန် သဘောတူညီသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဂျူဗင်တပ်အသင်းကမူ မန်ယူအသင်း၏ ကစားသမားဟောင်းများဖြစ်ကြသည့် ကာလို့စ်တိဗက်ဇ်နှင့် ပက်ထရစ်အီဗရာတို့အား ခေါ်ယူအားဖြည့်ထားခြင်းကြောင့် ယခုနှစ် ဘောလုံးရာသီတွင် ရလဒ် ကောင်းတစ်ခုရရှိထားမှုအပေါ် သုံးသပ်ကာ အသက်(၃၁)နှစ်အရွယ်ရှိ နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီအား ခေါ်ယူရန်စိတ်ဝင်စားနေခြင်းဖြစ်သည်။
တိုက်စစ်မှူး ဗန်ပါစီသည် လက်ရှိတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးသည်။ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်သည် အသက်(၂၇)နှစ်အရွယ်သာရှိနေသေးခြင်းကြောင့် ဗန်ပါစီထက် လေးနှစ် ငယ်ရွယ်နေပြီး မန်ယူအသင်းအနေဖြင့် ဟီဂူအင်ကို ခေါ်ယူနိုင်ခဲ့ပါက ကာလကြာရှည်အသုံးပြု ခွင့်ရမည်ဖြစ်၍ တိုက်စစ်မှူး ဟီဂူအင်အားခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ မန်ယူအသင်းသည် ဟီဂူအင်အား ရွန်းနီနှင့် တွဲဖက်ကာ တိုက်စစ်ပိုင်းတွင် စွမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်ထားသည်။
မန်ယူအသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် လာရောက်ကစားနေသည့် တိုက်စစ်မှူး ဖယ်ကာအို သည်လည်း မိုနာကိုအသင်းတွင် ပြန်ကစားမည်ဖြစ်သောကြောင့် မန်ယူအသင်းသည် တိုက်စစ်ပိုင်း အတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မည့်ကစားသမားတစ်ဦး အမှန်တကယ်လိုအပ်နေပြီ ဖြစ်သည်။
ဗန်ပါစီအနေဖြင့် နည်းပြဗန်ဟားလ်လက်ထက်တွင် မန်ယူအသင်း၌ တောက်ပသည့် ကြယ်တစ်ပွင့်ဖြစ်လာရန် မျှော်လင့်ထားခဲ့သော်လည်း ဒဏ်ရာပြဿနာများကြုံနေခြင်းနှင့် ပွဲထွက်ကစားခွင့်ရရှိခဲ့သည့်ပွဲစဉ်များတွင်လည်း ခြေစွမ်းမပြနိုင်ခြင်းတို့ကြောင့် အခြားကလပ်အသင်းတစ်သင်းသို့ ရောင်းချရန် မန်ယူအသင်းက စီစဉ်လာခဲ့ခြင်းဖြစ်သည်။
ငွေကြယ်နှင့် ရွိုင်ယန်ဟေဒင်
စုစည်းသည်

No comments:

Post a Comment