Monday, June 1, 2015

ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့မှ စစ်လေယာဉ်များ ယီမင်မြို့တော်ရှိ စစ်အခြေစိုက်စခန်းများအား တိုက်ခိုက်




The Mirror Daily's photo.
ဆာနား မေ ၃၁

ယီမင်နိုင်ငံ ဆာနားမြို့ရှိ ဟူသီ သူပုန်များနှင့် မဟာမိတ်ပြုထားသည့် ယီမင်စစ်ဘက်အခြေစိုက်စခန်းများအား ဆော်ဒီအာရေဗျ ဦးဆောင်သောညွန့်ပေါင်းအဖွဲ့မှ စစ်လေယာဉ်များက မေ ၃ဝရက် ညလုံးပေါက်နှင့် မေ ၃၁ ရက် နံနက် အစောပိုင်းထိ တိုက်ခိုက်ခဲ့ကြောင်း ဆာနားမြို့ ဒေသခံများက ပြောကြားသည်ဟု ယနေ့ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဆာနားလေဆိပ်အနီးရှိ လေတပ် အခြေစိုက်စခန်းနှင့် သမ္မတနန်းတော်ဝင်းအား အပေါ်စီးမှကြည့်နေနိုင်သော စစ်စခန်းတစ်ခုတို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယီမင်သမ္မတအက်ဗ်ရာ ဘူမန် ဆာဟာဒီ ပြန်လည်အာဏာရရှိရေးအတွက် ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းနိုင်ငံတို့သည် ယခု နှစ်မတ်လအတွင်းမှ စတင်၍ ယီမင်နိုင်ငံအတွင်း၌ လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။
အီရန်က ထောက်ခံအားပေးသည့် ဟူသီသူပုန်များသည် ယခုနှစ်စက်တင် ဘာလအတွင်းက မြို့တော်ဆာနားကို သိမ်းယူခဲ့ပြီး ၎င်းတပ်ဖွဲ့များက ယီမင်နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ ထိုးဖောက်လာပြီးနောက် မတ်လတွင် ယီမင်သမ္မတဟာဒီသည် နိုင်ငံမှ ထွက်ပြေးခဲ့ရသည်။

မေ ၃ဝ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ပိုင်းရှိနယ်စပ်မြို့ နတ်ဂျက်ရန်အား ဟူသီသူပုန်များက ဒုံးကျည်စင်းရေ ၂ဝ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့၏ ရုပ်မြင်သံကြားမှကြေညာခဲ့သည်။

ယီမင်နိုင်ငံတွင်းမှ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကြောင့် နတ်ဂျက်ရန်ဒေသတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အခြားခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူက ပြောကြားသည်။
ယီမင်နိုင်ငံတွင် ယခုနှစ်မတ်လ ၁၉ ရက်ကတည်းက ဖြစ်ပွားခဲ့သော လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၈၇ဝ ကျော်သေဆုံးပြီး ၇ဝဝဝ ကျော်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ ကပြောကြားသည်။ ရိုက်တာ။

No comments:

Post a Comment