Tuesday, June 2, 2015

ပေါ်တူဂီနဲ့ ကိုလံဘီယာတို့ အခြေအနေကောင်းမယ့် ကမ္ဘာ့ယူ-၂၀

 
 
 Myanmaalinn's photo.
 
နယူးဇီလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၂ဝ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားနေပြီဖြစ်ပါတယ်။ ဇွန် ၃ ရက်မှာတော့ ကာတာနဲ့ ပေါ်တူဂီ၊ ဆီနီဂေါနဲ့ ကိုလံဘီယာ၊ မက္ကဆီကိုနဲ့ ဥရုဂွေး၊ ဆားဘီး ယားနဲ့ မာလီတို့ပွဲတွေ ဆင်နွှဲကြပါလိမ့်မယ်။ လူငယ်ကြယ်ပွင့်တွေ ကစားကြတဲ့ ဒီပြိုင်ပွဲမှာ ဘယ်အသင်းတွေအုပ်စုအဆင့်က တက်သွားမယ်ဆိုတာ စိတ်ဝင် စားစရာ အလွန်ကောင်းပါတယ်။
ဆီနီဂေါနှင့် ကိုလံဘီယာ
ကိုလံဘီယာအသင်းဟာ ယူ-၂ဝ ကမ္ဘာ့ဖလားပွဲသမိုင်းမှာ တတိယရရှိခဲ့ဖူး သလို ကွာတားဖိုင်နယ်ကို သုံးကြိမ်တက်ရောက်ခဲ့ဖူးတဲ့ မှတ်တမ်းရှိပါတယ်။ ဆီနီဂေါတို့ကတော့ မှတ်တမ်းကောင်းမရှိပေမယ့် လျင်မြန်မှုနဲ့ ကြံ့ခိုင်မှုကို ဦးစားပေးပြီး ပြိုင်ဘက်ကို ကျော်ဖြတ်တတ်တာမို့ ကိုလံဘီယာတို့ သတိထား ကစားရပါလိမ့်မယ်။ ကိုလံဘီယာတို့က ဒီပြိုင်ပွဲမှာ မှတ်တမ်းအသစ်ရေးထိုး နိုင်ဖို့ ကြိုးစားမှာမို့ ဆီနီဂေါကို ဖြတ်ကျော်ပြီး အမှတ်ပြည့်ယူဖို့ ကြိုးစားပါလိမ့် မယ်။ အသင်းလိုက် နားလည်မှုရှိရှိနဲ့ ကစားတတ်တဲ့ ကိုလံဘီယာကို ဆီနီဂေါ တို့ အမြင့်ဆုံးမျှော်မှန်းနိုင်တာက သရေပွဲဖြစ်ပြီး အဖြစ်နိုင်ဆုံးရလဒ်က ဂိုး မပြတ်တဲ့ အရှုံးရလဒ်ဖြစ်နိုင်ပါတယ်။
ကာတာနဲ့ ပေါ်တူဂီ
ကာတာနဲ့ ပေါ်တူဂီတို့ နောက်ဆုံးတွေ့ဆုံမှုမှတ်တမ်းကိုကြည့်ရင် ပေါ်တူဂီ တို့က ၂ဝဝ၉ ခုနှစ်မှာ ခြောက်ဂိုးပြတ်နိုင်ပွဲရထားပါတယ်။ ကာတာအသင်းဟာ အမေရိကန်နဲ့ ခရိုအေးရှားတို့နဲ့ ကစားခဲ့တဲ့အခါ ရလဒ်ကောင်းတွေရရှိခဲ့တာ မို့ အခုပေါ်တူဂီကို ဘယ်လိုကစားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကာတာ အသင်းဟာ ၁၉၈၁ ခုနှစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ မှတ် တမ်းကောင်းရှိပြီး အခုနှစ်မှာ အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ဖို့ ကြိုးစား လာပါလိမ့်မယ်။ ပေါ်တူဂီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲ ရလဒ်တွေကိုကြည့်ရင် ဥရုဂွေးကို သုံးဂိုးပြတ်နိုင်ပြီး ဘရာဇီးကိုတော့ တစ်ဂိုး- ဂိုးမရှိနဲ့ ရှုံးပွဲကြုံထားပါတယ်။ အခုပွဲမှာတော့ ပေါ်တူဂီအတွက် သုံးမှတ်အပြည့် ယူပြီး နောက်တစ်ဆင့်တက်ရေးကြိုးစားပါလိမ့်မယ်။
ဆားဘီးယားနှင့် မာလီ
ယူ-၂ဝ ကမ္ဘာ့ဖလားသမိုင်းမှာ မာလီတို့ ၁၉၉၉ ခုနှစ်မှာ တတိယနေရာ ရရှိခဲ့ဖူးပါတယ်။ ဆားဘီးယားတို့ကတော့ ခြေစွမ်းအတက်အကျရှိနေပြီး မာလီ တို့က နောက်ဆုံး ၁၉ ပွဲကစားခဲ့တဲ့ရလဒ်ကိုကြည့်ရင် ခြောက်ပွဲနိုင်၊ သုံးပွဲ သရေ၊ ၁ဝ ပွဲရှုံးထားတာမို့ ဆားဘီးယားတို့ ဒီပွဲမှာ ခက်ခဲပါလိမ့်မယ်။ ဆားဘီး ယားတို့ရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲရလဒ်ကိုကြည့်ရင် ရိုမေးနီးယားတို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးပြီး အမေရိကန်တို့ကိုတော့ တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ထားပါတယ်။ အခုပွဲမှာတော့ အုပ်စုအဆင့်က တက်ဖို့ မက္ကဆီကိုနဲ့ ဥရုဂွေးတို့နဲ့အပြိုင် ကြိုးစားရမှာဖြစ်လို့ ခြေကုန်ထုတ်ရပါလိမ့်မယ်။ ဒီပွဲမှာ မာလီတို့ရဲ့ အားထုတ်မှု ကြောင့် ဆားဘီးယားတို့ အခက်ကြုံရနိုင်ပေမယ့် အနိုင်ဆိုတာ ဆားဘီးယားတို့ အတွက် ဖြစ်သွားနိုင်ပါတယ်။
မက္ကဆီကိုနှင့် ဥရုဂွေး
အုပ်စုအဆင့်က တက်မယ်လို့ရေပန်းစားနေတဲ့ မက္ကဆီကိုနဲ့ ဥရုဂွေးတို့ တွေ့ဆုံမှုက ပွဲကောင်းတစ်ပွဲဖြစ်လာပါလိမ့်မယ်။ ဥရုဂွေးဟာ ယူ-၂ဝ ကမ္ဘာ့ ဖလားပြိုင်ပွဲတွေမှာ အစဉ်အလာကောင်းတွေရှိခဲ့တဲ့ အသင်းဖြစ်ပြီး လက်ရှိ မှာလည်း အသင်းလိုက်စုဖွဲ့မှုအားအကောင်းဆုံး အသင်းဖြစ်နေပါတယ်။ ဒါ ပေမယ့် ပနားမား၊ ဟွန်ဒူးရပ်စ်အသင်းတွေကို ရှုံးပွဲကြုံတွေ့ထားတာမို့ ယုံကြည်လို့တော့မရပါဘူး။ မက္ကဆီကိုတို့ကလည်း ဒီပွဲမှာ မှတ်တမ်းကောင်း တင်ဖို့ ကြိုးစားမှာမို့ အပြိုင်ကြိုးစားပြီး အမှတ်ခွဲယူကိန်းဆိုက်သွားနိုင်ပါ တယ်။ ။
မိုးမြင့်လင်းလက်

No comments:

Post a Comment