Monday, June 1, 2015

တတိယအကြိမ် အမျိုးသားသတင်းဆုချီးမြှင့်ပွဲကျင်းပ






ရန်ကုန် မေ ၃၁

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ တတိယအကြိမ်မြောက် အမျိုးသားသတင်းဆု (National Press Award) ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြရိပ်ညိုဟိုတယ်၌ ကျင်းပသည်။

ယနေ့ ကျင်းပသည့် တတိယအကြိမ် (၂ဝ၁၄-၂ဝ၁၅) အမျိုးသားသတင်း ဆုချီးမြှင့်ပွဲတွင် သတင်း သူရဲကောင်းဆု၊ အကောင်းဆုံး သတင်းကာတွန်းဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆုနှင့် အကောင်းဆုံး သတင်းရုပ်/သံဆု စုစု ပေါင်း (၄) မျိုးကို ပေးအပ်ချီးမြှင့်ခဲ့သည်။

သတင်းသူရဲကောင်းဆုကို သတင်းစာဆရာကြီး ဖိုးသောကြာ (ခေတ်+ မိုး)၊ သတင်းကာတွန်းဆုကို ဦးရွှေထူး (ပြည်)၊ သတင်းဓာတ်ပုံဆုကို ဦးစိုးဇေယျာ ထွန်းနှင့် သတင်းရုပ်သံဆုကို DVB သတင်းဌာနတို့မှ ရရှိခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် အဖွဲ့အစည်းများမှ ပေးပို့ လာသောသဝဏ်လွှာများကို ကိုယ်စားလှယ် အသီးသီးက ဖတ်ကြားကြသည်။

ထို့နောက် အမျိုးသားသတင်းဆု ကော်မတီဥက္ကဋ္ဌ ဦးဝင်းငြိမ်းက တတိယအကြိမ် (၂ဝ၁၄-၂ဝ၁၅) အမျိုးသားသတင်းဆု ပေးအပ်ခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးရဲထွဋ်၊ ဦးအောင်မင်းနှင့် အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့က ဆုချီးမြှင့်ကြပြီး ဆုရရှိသူများကိုယ်စား ဆရာကြီးဖိုးသောကြာ (ခေတ်+မိုး)က ကျေးဇူးတင်စကား ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်းနှင့် ဦးရဲထွဋ်၊ အမျိုးသားသတင်းဆုကော်မတီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများ အသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်နှင့် မြန်မာစာနယ်ဇင်းသမဂ္ဂတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဆုရရှိကြသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပထမအကြိမ် အမျိုးသားသတင်းဆုကို ၂ဝ၁၂ ခုနှစ် မတ် ၁၈ ရက် နှင့် ဒုတိယအကြိမ် အမျိုးသားသတင်းဆုကို ၂ဝ၁၃ ခုနှစ် မေ ၃ရက်တို့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အမျိုးသားသတင်းဆုကော်မတီ (၂ဝ၁၂ ပြက္ခဒိန်အတွက်)ကို ဖျက်သိမ်းခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွက် အမျိုးသားသတင်းဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွက် အမျိုးသားသတင်းဆုကော်မတီကို ၂ဝ၁၅ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး သတင်းဆုချီးမြှင့်ရာတွင် အမျိုးသား သတင်းသူရဲကောင်းဆု (National News Hero Award) ကို ထပ်မံဖြည့်စွက် ၍ ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွက် ယမန်နှစ်များက ပေးအပ်ခဲ့သော အခြားဆုများကိုမူ ချီးမြှင့်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment