Monday, June 1, 2015

1.6.2015...ကြေးမုံ စာတည်းရှုထောင့်






ကျက်သရေမင်္ဂလာတိုးသောလ


 

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ နယုန်လပြည့် နေ့ဖြစ်သည်။ သာသနာ့သမိုင်း၌ ငြိမ်းချမ်းရေးမှတ်တိုင် စိုက်ထူနိုင်သော နေ့ဖြစ်သည်။ များပြားလှသော နတ်၊ ဗြဟ္မာပရိသတ်များ စုဝေးရောက်ရှိစဉ် မဟာသမယသုတ်ကို မြတ်စွာဘုရားက ဟောကြားတော်မူသောနေ့ဖြစ်သည်။
ရောဟိဏီမြစ်ရေကို ကပိလနှင့် ကောလိယ နှစ်ပြည်ထောင်သားတို့ လုယူရာမှ ပဋိပက္ခဖြစ်ပွားမည့်ဘေးမှ ကင်းရှင်းသောနေ့၊ ငြိမ်းချမ်းရေး ရသောနေ့။ ရဟန်းတော် ၅ဝဝ ရဟန္တာဖြစ်တော်မူသောနေ့။ နတ်၊ ဗြဟ္မာ၊ အသူရာနှင့် နဂါး၊ ဂဠုန်များ၊ ရဟန်းတော်များ တစ်ကြိမ်သာစုရုံးမိသောနေ့။ မဟာသမယသုတ်ကို အကြောင်းပြု၍ ရန်ဘက်များ မေတ္တာသက်ဝင်သောနေ့။ သုတ္တန် ခုနစ်မျိုးကို မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ ဟူသည့် ထူးမြတ်သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
ထိုနေ့ရက်တွင် ရေလုခြင်းကိုအကြောင်းပြု၍ နှစ်ပြည်ထောင်သားတို့အား ငြိမ်းချမ်းရေးတရားကို ဟောကြားတော်မူခဲ့သဖြင့် ညီညွတ်ခြင်း၊ ချမ်းသာခြင်းတို့ကို ရရှိခဲ့ပါသည်။ နယုန်လပြည့် ညချမ်းအချိန်တွင် ရဟန္တာဖြစ်မည့် သံဃာ ၅ဝဝ တို့ အစည်းအဝေးကြီးကျင်းပခဲ့ရာ ယင်းဌာနသို့ လာရောက်ကြည်ညိုကြကုန်သော နတ်ဗြဟ္မာ၊ နဂါး၊ ဂဠုန်တို့အား မြတ်စွာဘုရားက မဟာသမယသုတ်ကို ဟောကြားတော်မူခဲ့ပါသည်။

မဟာသမယသုတ်ကို ဟောကြားတော်မူပြီးနောက် ရာဂစရိုက်အားကြီးသူ၊ ဒေါသစရိုက်အားကြီးသူ၊ မောဟစရိုက်အားကြီးသူ၊ ဝိတက်စရိုက်အားကြီးသူ၊ သဒ္ဓါစရိုက်အားကြီးသူ၊ ပညာစရိုက်အားကြီးသူတို့အတွက် တရားတော်တစ်မျိုးစီ ဟောကြားတော်မူခဲ့ရာ နတ်ဗြဟ္မာအပေါင်းတို့ ကျွတ်တမ်းဝင်ခဲ့ပါသည်။ ထိုသို့ ကျွတ်တမ်းဝင်အောင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော မဟာသမယသုတ်မှာ ထူးခြားလှပါသည်။

ဤမဟာသမယသုတ်ကို အစဉ်အမြဲရွတ်ဖတ်ကြပါက နတ်အများ၏ ချစ်ခင်မှု၊ နှစ်လိုမှုခံရသလို အိမ်သစ်၊ နေရာသစ်များတွင် ရွတ်ဆိုပွားများခြင်းဖြင့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်သည့် အကျိုးထူးများ ရရှိနိုင်ပါသည်။ ကပိလဝတ်ပြည် မဟာဝုန်တောကြီးအတွင်း ဤမဟာသမယသုတ်ကို မြတ်စွာဘုရားရှင် ဟောကြားတော်မူသည်ကိုအကြောင်းပြု၍ ယနေ့နယုန်လပြည့်နေ့၌ မဟာသမယအခါပွဲတော်ကို အစဉ်အလာမပျက် ကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။

ယခုနယုန်လသည် နွေရာသီကုန်ဆုံး၍ မိုးရာသီကာလသို့ ကူးပြောင်းရောက်ရှိချိန်ဖြစ်ပါသည်။ ဤလတွင် မိုးရေ၊ မိုးစက်များပက်ဖျန်းလာခြင်းနှင့်အတူ စံပယ်၊ မြတ်လေး အစရှိသည့်ပန်းမန်များ ပွင့်လန်းလာသဖြင့် သင်းပျံ့သည့် မွှေးရနံ့များနှင့် ထုံသင်းနေသောကာလဖြစ်ပါသည်။ ကောင်းကင်တစ်ခွင်၌လည်း မြူခိုးများယှက်လိမ်ကာ တိမ်ညိုတိမ်တိုက်များနှင့် အုံ့ဆိုင်း ဝေဆာပြီး ကြည်နူးဖွယ်သဘာဝအလှဝန်းကျင်များ လွှမ်းခြုံနေသောကာလ ဖြစ်ပါသည်။

ဤကာလတွင် ရန်ပြေငြိမ်းအေးစေခြင်း၊ နတ်ဗြဟ္မာများစုဝေးခြင်း၊ အမျိုးကောင်းသားတို့ သာသနာ့ဘောင်သို့ဝင်ရောက်ခြင်း၊ ရဟန်းတော် ၅ဝဝ တစ်ပါးမကျန် ရဟန္တာဖြစ်တော်မူခြင်း၊ နိမ္မိတဘုရားက အမေးရှိ၍ ပကတိဘုရားရှင်က အဖြေရှိသည်တို့ကို နာကြားရခြင်း၊ အချင်းချင်းခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်ခြင်း၊ မဟာသမယဆိုင်ရာ သုတ္တန်ခုနစ်မျိုးကို နာကြားရခြင်း၊ ဘိက္ခုနီသာသနာ အစတည်သောနေ့ဖြစ်ခြင်း စသည့် ကောင်းခြင်းများနှင့်ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ထိုမျှသာမက နယုန်လတွင် ရှေးမြန်မာမင်းများက လယ်ထွန်မင်္ဂလာပွဲများ ပြုလုပ်လေ့ရှိပြီး ရဟန်းသံဃာများအတွက်လည်း စာတော်ပြန်ပွဲများ ကျင်းပလေ့ရှိပါသည်။

လူအပေါင်းတို့ နေထိုင်ချင်စဖွယ်ကောင်းသော ဤရာသီကာလ နယုန်လသည် ထူးကဲလှပါသည်။ ထို့ကြောင့် နယုန်လတွင် ကုသိုလ်ကောင်းမှုများပြုသင့်ကြပါသည်။ နယုန်လပြည့်နေ့တွင် ထူးမြတ်သည့် မြတ်စွာဘုရား ရှင်ဟောကြားသော တရားထူးများနှင့် ဂုဏ်ထူးဝိသေသများကို မှတ်သားအာရုံပြုကာ မဟာသမယသုတ်တော်ကို ရွတ်ဆိုပွားများအားထုတ်ခြင်းဖြင့် ကျက်သရေမင်္ဂလာအဖြာဖြာတိုးပွားဝေစည်လာမည် ဖြစ်ပါသည်။ ။

No comments:

Post a Comment