Monday, June 29, 2015

ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်ထွန်းကားနေသမျှ ပန်းဆယ်မျိုးပညာရပ်များ တိမ်ကောပျောက်ကွယ်သွားမည်မဟုတ်





The Mirror Daily's photo.



မန္တလေး ဇွန် ၂၈

မြန်မာ့ယဉ်ကျေးမှုသည် ဘာသာတရားသက်ဝင် ယုံကြည်မှုအပေါ်တွင် တည်မှီလျက်ရှိပြီး ပန်းဆယ်မျိုး လက်မှုပညာဖြင့် ထုတ်လုပ်သောပစ္စည်းများသည် စေတီ၊ ပုထိုး၊ ဆင်းတု၊ ဘုန်းတော်ကြီးကျောင်း စသည့် ဗုဒ္ဓ ဘာသာနှင့်သက်ဆိုင်သော အဆောက်အအုံများတွင် အများဆုံးလေ့လာတွေ့ရှိရသဖြင့် ဗုဒ္ဓဘာသာထွန်းကား နေသမျှ ပန်းဆယ်မျိုးပညာရပ်များ တိမ်ကောပျောက်ကွယ်သွားမည်မဟုတ်ကြောင်း သိရသည်။

ယနေ့မျက်မှောက်ကာလတွင် မြန်မာ့ရိုးရာပန်းဆယ် မျိုးလုပ်ငန်းများသည် သာသနိကဆိုင်ရာအဆောက်အအုံ၊ လူမှုအသုံးအဆောင်များ၊ လှူဒါန်းကိုးကွယ်မှုပစ္စည်းများ စသည်တို့ကို မပျက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အပြင်ပြည်တွင်းသာမက ပြည်ပဈေးကွက်အထိ ထိုးဖောက် ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ယခင် မြန်မာ့ ရိုးရာနည်းစနစ်များနေရာတွင် ခေတ်မီနည်းစနစ်များဖြင့်လည်း ပေါင်းစပ်လုပ်ကိုင်လျက်ရှိပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များမှလည်း မျိုးဆက်သစ် လူငယ်များကိုမွေးထုတ်ပေးလျက်ရှိကြောင်း ဆရာကြီး နတ်မောက် ဦးထွန်းရှိန်က ပြောသည်။

''ပန်းဆယ်မျိုးအနုပညာလက်ရာတွေက ရှေးနှစ်ပေါင်း ၁ဝဝဝ ကျော်ကတည်းကရှိလာတဲ့ မြန်မာ့ယဉ်ကျေးမှု လက်ရာတွေဖြစ်တဲ့အတွက် ကွယ်ပျောက်သွားဖို့မဖြစ်နိုင်ဘူး။ ဆက်လက်တိုးတက်ဖို့အတွက်ပဲ အနုပညာပစ္စည်း တွေထုတ်လုပ်ရာမှာ လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကိုကူညီထောက်ပံ့ပေးဖို့ပဲလိုပါတယ်။ အနုပညာရှင်တွေကို အားပေးတဲ့အနေနဲ့ ပြပွဲပြိုင်ပွဲတွေ မကြာခဏကျင်းပပေး ရမယ်။ ၁၉၉၆ ခုနှစ်က မန္တလေးဆင်ဖြူကန်ကွင်းမှာ ကျင်းပသွားတဲ့ ပန်းဆယ်မျိုးပြပွဲပြိုင်ပွဲကြီးဟာ ဒို့တစ်သက် တစ်ခါပဲကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး ကျင်းပခဲ့တဲ့ပွဲကြီးပေါ့။ ဒီပွဲမှာ အထူးခြားဆုံးက စစ်ကိုင်းတိုင်းဒေသကြီးက ပြိုင်ပွဲဝင်တဲ့ မင်းကွန်းခေါင်းလောင်းကြီးလောက်ကြီးတဲ့ လျှပ်စစ်နဲ့တီထွင်ထားတဲ့ ခေါင်းလောင်းကြီးပါပဲ။ အခုထိ မျက်လုံးထဲကမထွက်ဘူး။ အခုလည်း နိုင်ငံတော်က ရန်ကုန်နဲ့ မန္တလေးမှာ အနုပညာဗဟိုဌာနကြီး ဖွင့်လှစ်ပေးမယ်လို့ကြားလိုက်ရတာ အလွန်အားရကျေနပ် မိတယ်။ နှစ်ပေါင်း ၅ဝ နဲ့ ၁ဝဝ ကြားမှာ မရှိခဲ့ဘူးတဲ့ ထူးခြားတဲ့အားပေးကူညီမှုတစ်ခုပါပဲ။ ဒါမှ မြန်မာ့ပန်း ဆယ်မျိုးလက်ရာတွေ အရောင်တောက်လာမှာပေါ့ဗျာ''ဟု ၎င်းက ပြောသည်။

မြန်မာ့ရိုးရာပန်းဆယ်မျိုးလက်မှုပညာရပ်များသည် ဘုရား၊ စေတီ၊ ကျောင်း၊ ကန်တို့တွင် အများအပြားတွေ့မြင် နိုင်ပြီး တော်ဝင်မင်းသုံးပစ္စည်းများနှင့် အထွတ်အမြတ် နေရာများတွင်သာ အများဆုံးတွေ့မြင်နိုင်သဖြင့် ဗုဒ္ဓဘာသာထွန်းကားနေသမျှ ပန်းဆယ်မျိုးပညာရပ်များလည်း တိမ်ကောပျောက်ကွယ်မည်မဟုတ်ကြောင်းကို မန္တလေး မြို့ရှိ ပန်းဆယ်မျိုးလုပ်ငန်းများအား သွားရောက်လေ့လာ ခြင်းဖြင့် သိရှိနိုင်ကြောင်း ရိုးရာပန်းချီပညာရှင် ဦးမောင်မောင်သီရိက ပြောသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment