Monday, June 29, 2015

ရန်ကုန်မြို့လယ်ရှိ လူသွားလမ်းဖြတ်ရေမြောင်းအဖုံးများနေရာတွင် လမ်းသွားလမ်းလာအချို့ ခြေချော်၍ ဒဏ်ရာရရှိခြင်းများရှိလာ




The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၈

ရန်ကုန်မြို့လယ်ရှိ လူသွားပလက်ဖောင်းဖြတ် ရေမြောင်း အဖုံးများ ကားလမ်းမဘက်အစွန်တွင် နေရာချန်ထားပြီး အပြည့်ခင်းမထားခြင်း၊ ရေမြောင်းဖုံးများတွင် ကျိုးပဲ့နေ၍ အပေါက်များဖြစ်နေခြင်းတို့ကြောင့် ယခုလပိုင်းတွင် လမ်းသွားလမ်းလာအချို့ ယင်းနေရာများတွင် ခြေချော်ကျ၍ ဒဏ်ရာရရှိမှုများရှိလာသည်ကို မြင်တွေ့ရသည်ဟု လမ်းမတော်နှင့် လသာမြို့နယ်၌ နေထိုင်သူများက ပြောသည်။

၂ဝ၁၁ နှစ်ကုန်တွင် တစ်ကြိမ်၊ ၂ဝ၁၃ နှစ်ဆန်းပိုင်းတွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ရန်ကုန်မြို့လယ် ကားလမ်းမများဘေး လူသွားပလက်ဖောင်းလမ်းများ ခင်းပေးခဲ့သည်။ မသန်စွမ်းသူများပါ အသုံးပြုနိုင်ရန် ဆင်ခြေလျှော အတက်၊ အဆင်းများ ပြုလုပ်ပေးခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ပလက်ဖောင်းကြမ်းပြင်အချို့ တူးဆွပြီး ပြန်လည်အချောခင်းပေးခြင်းများ နည်းသည်။ သို့ဖြစ်ရာ နေရာအချို့တွင် ကြီးမားသော မညီညာသည့် ချိုင့်များ မြင်တွေ့ရသည်။ အသေဖုံးထားသော မြောင်းဖုံးအချို့မှာ မြောင်းဆယ်သည့်အခါ သံချွန်ဖြင့် တူးဆွမှုကြောင့် မြောင်းဖုံးနှင့် မြောင်းဖုံးအစပ်များကျိုးပဲ့မှုများ မဟာဗန္ဓုလလမ်းတွင် မြင်တွေ့နေရသည်ဟု မဟာဗန္ဓုလလမ်းပေါ်ရှိ ဆိုင်ခန်းတွင် နေထိုင်သူ ကိုမျိုးကပြောသည်။

(၁၃) လမ်းနှင့် ဘုန်းကြီးလမ်းကြား မဟာဗန္ဓုလ လမ်းပေါ်ရှိ လူသွားပလက်ဖောင်းဖြတ်ရေမြောင်းဖုံးတစ်ခုတွင် အပေါက်များရှိနေရာ ဇွန် ၂၇ ရက် ညနေ ၄ နာရီခွဲဝန်းကျင်တွင် လမ်းသွားလမ်းလာ အမျိုးသမီး ငယ်တစ်ဦး ခြေချော်ကျသွားရာ ထိခိုက်နာကျင်မှုများသည် ဟု ယင်းနေရာအနီး အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ထပ်မံ၍ ခြေချော်ကျမှု မရှိရန် သတိပေးအမှတ် အသားများ စိုက်ထူထားသည်ကို ဇွန် ၂၈ ရက် ညနေထိ မြင်တွေ့နေရဆဲ ဖြစ်သည်။

လသာမြို့နယ်အတွင်းရှိ ဆေးခန်းတစ်ခုတွင် အလုပ်ဆင်းနေသော သူနာပြုတစ်ဦးသည်လည်း ယင်းမြို့နယ် အတွင်းရှိ အနော်ရထာလမ်းမဘေး မြောင်းဖုံးအပြည့်မခင်း ဘဲကားလမ်းမဘက်အစွန်တွင် နေရာချန်ထားသော နေရာ၌ ခြေချော်ကျခဲ့သည်။ တစ်ပေဝန်းကျင်အနက်ရှိရာ ထိခိုက်မှုများ၍ အလုပ်မှ နှစ်ပတ်တိတိ နားခဲ့ရသည်ဟု ယင်းဆေးခန်းတွင် လုပ်ကိုင်နေသော ဆရာဝန်တစ်ဦးက ပြောသည်။ ဇွန်လဆန်းပိုင်းတွင် အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး ဇွန်လနောက်ဆုံးပတ်တွင် လမ်းမတော်မြို့နယ်အတွင်းရှိ အနော်ရထာလမ်းမဘေး လူသွားပလက်ဖောင်းဖြတ် ရေမြောင်းဖုံးမခင်းထားသော ကားလမ်းမဘက် အစွန်နေရာတွင် ည ၇ နာရီခွဲအချိန် လမ်းသွားလမ်းလာတစ်ဦးသည် ရှေ့မှလမ်းလျှောက်သွားသူများအား ကျော်တက်စဉ် အစွန်မြောင်းဖုံး မရှိသည့်နေရာသို့ ခြေချော်ကျသွားရာ ထိခိုက်ဒဏ်ရာရသွားသည်ဟု ရွှေတောင်တန်းလမ်းနေ သူတစ်ဦးက ပြောသည်။

လူသွားပလက်ဖောင်းဖြတ်ရေမြောင်းဖုံးများကို နေရာအချို့တွင် အပြည့်ခင်းထားသည်။ အချို့နေရာများ၌ ကားလမ်းမဘက်ခြမ်းအစွန်နေရာတွင် နေရာချန်ထားခဲ့သည်။ အပြည့်ခင်းသောနေရာများတွင် သွားလာရေး အဆင်ပြေသော်လည်း ကားလမ်းမဘက်အစွန်နေရာ ချန်ခင်းသည့်ရေမြောင်းပေါက်နေရာများတွင် သတိမထားမိသော လမ်းသွားလမ်းလာအချို့ ထိခိုက်ဒဏ်ရာရမှုများ ရှိလာကြသည်။ လပေါင်းများစွာ အဖုံးမရှိသော အနော်ရထာလမ်းနှင့် (၁၂)လမ်းထောင့် တယ်လီဖုန်းမြေအောက် ကြိုး အပေါက်နေရာတွင် အနီးရှိပြည်သူများ ယာယီသစ်သားများဖြင့် အဖုံးပြုလုပ်ထားသည်ဟု လမ်းသွားလမ်းလာများက ပြောသည်။
(မောင်စေအောင်)

No comments:

Post a Comment