Monday, June 29, 2015

အရည်အသွေးကောင်းဆန်စပါးများ ထုတ်လုပ်နိုင်ရန် ခေတ်မီဆန်စပါး ကြိတ်ခွဲရေးလုပ်ငန်းကြီးများသည် အရေးပါ



Myanmaalinn's photo.

Myanmaalinn's photo.

နေပြည်တော် ဇွန် ၂၈

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး အထောက်အကူပြု တစ်နေ့ တန် ၂၂ဝ ကျ ခေတ်မီဆာတာကေးဆန်စက်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာ၌ ကျင်းပရာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက် ရောက်ဖွင့်လှစ်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO)၏ ဆာတာ ကေးဆန်စက်အား ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်၊ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပေါင်းဆန်နှင့် ဆန်ဖြူကြိတ်ခွဲသန့်စင်စက် ဆိုင်းဘုတ် ကို စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပုဂ္ဂလိကအခန်းကဏ္ဍမှ ခေတ်မီဆန်စက်ကြီးများ ရင်းနှီး မြှုပ်နှံထူထောင်၍ ကြိတ်ခွဲထုတ်လုပ် သောဆန်များကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် ၁ ဒသမ ၈ သန်းကျော်အထိ တင်ပို့နိုင် ခဲ့ကြောင်း။
MAPCO အနေဖြင့် ကုန်ကြမ်း များရရှိရန် ကန်ထရိုက်လယ်ယာ စနစ်ဖြင့် သွင်းအားစုများ ကြိုတင် ထုတ်ပေးပြီး စပါးတင်း ၁ဝဝ လျှင် ငွေကျပ် လေးသိန်း ငါးသောင်းနှုန်း ကြိုတင်အာမခံဈေးဖြင့် သတ်မှတ် ဝယ်ယူမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပုဂ္ဂလိကအခန်းကဏ္ဍမှ ဆောင်ရွက် နိုင်ခြင်းသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မှတ်တိုင်သစ် တစ်ရပ် စိုက်ထူနိုင်ခြင်းဖြစ်ပါ ကြောင်း၊ နိုင်ငံတော်၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံ မှု အခန်းကဏ္ဍ၏ အရေးပါမှုအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ပူးပေါင်းဆောင်ရွက်မှုများကို လည်းကောင်း၊ နေပြည်တော်ကောင်စီ ဝင် ဦးမြင့်ရွှေက နေပြည်တော်ကောင်စီ နယ်မြေအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အခြေနေကို လည်းကောင်း၊ MAPCO ဥက္ကဋ္ဌ ဦးချစ်ခိုင်က နိုင်ငံတကာအဆင့်မီ ဆန်စက်ကြီးအား နေပြည်တော် ကောင်စီနယ်မြေအတွင်း ရင်းနှီးမြှုပ်နှံ တည်ဆောက်ရခြင်းနှင့်MAPCO ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ယနေ့ ဆန်စက် ဖွင့်လှစ်နိုင်မှုသည် ပမာဏအားဖြင့် သေးငယ်သော်လည်း သက်ရောက်မှု အားဖြင့် ကြီးမားသည့် ခြေလှမ်း တစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံ အကျဆုံးဖြစ်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း။
မိမိတို့နိုင်ငံသည် ယခင်က ကမ္ဘာ တွင် ဆန်စပါးတင်ပို့မှု ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်ခဲ့ပါကြောင်း၊ ယင်းအခြေ အနေသို့ ပြန်လည်တက်လှမ်းနိုင်ရေး အတွက် နိုင်ငံတကာတွင် ကျင့်သုံးနေ သည့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးပုံစံများကို လေ့လာပြီး မိမိတို့ နိုင်ငံအတွက် အကျိုးရှိအောင် အသုံး ချရမည်ဖြစ်ပါကြောင်း။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရန်အတွက် ပါဝင်ပတ်သက်သည့် လယ်သမားများ၊ ပညာရှင်များ၊ ရင်းနှီး မြှုပ်နှံသူများ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် သက် ဆိုင်သူများအားလုံးနှင့် ပူးပေါင်း ပါဝင်သည့် Multi Stakeholder Approach စနစ်ဖြင့် ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ဆန်စပါးဈေးကွက်ဝင်ရန် အတွက် အရည်အသွေးကောင်းရန်၊ ဈေးနှုန်းယှဉ်ပြိုင်စွမ်းရှိရန်၊ ထုတ်ကုန် များနှင့် ပတ်သက်၍ တာဝန်ယူမှု ရှိရန်နှင့် ဝန်ဆောင်မှုကောင်းမွန်မှသာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဆန်စပါးများ ထုတ်လုပ်နိုင်မည်ဖြစ် ပါကြောင်း၊ အရည်အသွေးကောင်း မွန်သည့် ဆန်စပါးများထုတ်လုပ်နိုင် ရန် ခေတ်မီဆန်စပါးကြိတ်ခွဲရေး လုပ်ငန်းကြီးများ (Rice Processing Complex) များသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း။
ထိုသို့ ခေတ်မီ ဆန်းစပါးကြိတ် ခွဲရေးလုပ်ငန်းကြီးများ တည်ထောင် နိုင်ရန်အတွက် ပုဂ္ဂလိကအခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် ပြုပြင်ပြောင်းလဲ မှုများဆောင်ရွက်ခဲ့ကြောင်း၊ ပုဂ္ဂလိက အခန်းကဏ္ဍ၏ ပါဝင်ပူးပေါင်းမှုများ ကို ကြိုဆိုပါကြောင်းနှင့် အားပေး ထောက်ခံမှုများ ပြုလုပ်ပေးရန် အသင့်ရှိပါကြောင်း၊ ဆန်စပါးအထွက် ကောင်းသည့်ဒေသများ၌ ယခုကဲ့ သို့ ခေတ်မီဆန်စက်ကြီးများ အပြိုင် အဆိုင် ထွက်ပေါ်လာရန် မျှော်လင့် ပါကြောင်း။
ကန်ထရိုက်လယ်ယာစနစ်သည် တောင်သူများ၏ အကျိုးစီးပွားအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင် ကြောင်း၊ ယုံကြည်မှုရှိလာအောင် သက်ဆိုင်သူများအားလုံး ပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်ပြီး မူဝါဒများ ချမှတ်ကာ ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်သင့်ပါကြောင်း၊ ယနေ့ အချိန်တွင် ကမ္ဘာ့ဈေးကွက်သို့ ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေ အနေများ ရရှိထားပါကြောင်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်း စတင်ချိန်တွင် လွတ်လပ်စွာယှဉ်ပြိုင် မှုများရှိလာမည်ဖြစ်ရာ ရရှိလာသည့် အခွင့်အရေးများကို အကျိုးရှိစွာ အသုံးချ၍ လယ်ယာထွက်ကုန်များကို ကမ္ဘာ့ဈေးကွက်သို့ အဆင့်အတန်းမီ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လုပ်ငန်းရှင်များ နှင့် သက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ယင်းနောက် MAPCO ဥက္ကဋ္ဌ ဦးချစ်ခိုင်က နေပြည်တော်ကောင်စီ နယ်မြေရှိ စိုက်ဧက ၅ဝဝဝ အတွက် ကန်ထရိုက်စနစ်ဖြင့် မိုးရာသီ ပုလဲ သွယ်စပါး စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား မျိုး၊ သွင်းအားစု၊ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးစရိတ် ကြိုတင်ထောက်ပံ့မှု ငွေကျပ်သိန်း ၇၅ဝဝ အား တောင်သူများထံ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၌ ဆန်စပါးကဏ္ဍဆိုင်ရာ သုတေသနကျမ်းပြုစုနေသော မဟာသိပ္ပံကျောင်းသား ကျောင်းသူ များအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်က နေပြည်တော် ကောင်စီနယ်မြေ၌ MAPCO နှင့် Private Public Partnership စနစ် ဖြင့် ၂ဝ၁၄-၂ဝ၁၅ နွေစပါးရာသီ တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ထမ်းများအား ဂုဏ် ပြုလက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် တောင်သူလယ် သမားများကိုယ်စား တောင်သူ ဦးစိုးစိုးက ကျေးဇူးတင်စကား ပြော ကြားသည်။
ထို့နောက် တက်ရောက်လာကြ သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော် များသည် ဒက္ခိဏသီရိမြို့နယ်ရှိ ခေတ်မီမျိုးစေ့သန့်စင်စက်၊ ခေတ်မီ မျိုးစေ့ထုပ်ပိုးစက်များဖြင့် စိုက်ပျိုး ရာသီအချိန်မီ တောင်သူများလက်ဝယ် ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်လျက်ရှိ သည့် ပုလဲသွယ်စပ်မျိုးစပါး(F1)မျိုးစေ့ထုတ်စက်ရုံနှင့် ခေတ်မီအအေး ခန်းမျိုးစေ့သိုလှောင်ရုံများကို လည်း ကောင်း၊ မြန်မာနယူးဧရာ ကုမ္ပဏီ၏ ပုလဲသွယ်စပ်မျိုးစပါး မျိုးစေ့ထုတ် စက်ရုံတပ်ဆင်ပြီးစီးမှုနှင့် စက်ရုံ အတွင်း ခေတ်မီမျိုးစေ့သန့်စင်စက် များ ရောက်ရှိနေမှုကိုလည်းကောင်း ကြည့်ရှုကြသည်။
ယနေ့ဖွင့်လှစ်သည့် ဆန်စက် သည် ပေါင်းဆန်နှင့် ဆန်ဖြူ တစ်နေ့ လျှင် တန် ၂၂ဝ ကြိတ်ခွဲထုတ်လုပ် သန့်စင်နိုင်သည့် ဆန်စက်ဖြစ်ပြီး ပထမအဆင့် ပေါင်းဆန်စက် ဆန်ဖြူ ကြိတ်ခွဲမှုအပိုင်းကို စတင်ဖွင့်လှစ်ခြင်း ဖြစ်သည်။ ယင်းဆန်စက်မှ ထုတ်လုပ် သော ဆန်များကို MJ Rice Brand ဖြင့်ထုတ်လုပ်မည်ဖြစ်ပြီး ရွှေဘိုပေါ် ဆန်၊ ရှမ်းဆန်၊ ရှမ်းကောက်ညှင်း ဆန်နှင့် မနောသုခ စသည့် ဆန် အမျိုးအစားများကို ခေတ်မီထုပ်ပိုး မှုဖြင့် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment