Monday, June 29, 2015

အိန္ဒိယတွင် လူမြင်ကွင်း၌ ကျင်ငယ်စွန့်သည့်အတွက် လူ ၁ဝ၉ ဦးအဖမ်းခံရ




The Mirror Daily's photo.
 


နယူးဒေလီ ဇွန် ၂၈

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ် ပြည်နယ်တွင် လူမြင်ကွင်း၌ စိတ်အနှောင့်အယှက် ဖြစ်စရာ မဖွယ်မရာပြုလုပ်မှုများကို ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းသည့်အနေဖြင့် လူမြင်ကွင်းတွင် ကျင်ငယ်စွန့်သည် လူ ၁ဝဝ ကျော်ကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးမှုကို ရထားရဲတပ်ဖွဲ့က ဥတာပရာဒေ့ရှ် ပြည်နယ်၏ ကမ္ဘာလှည့်ခရီးသည် များလာရောက်ရာ အဂရာမြို့တွင် စနေနေ့က ပြုလုပ်ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအားလုံး ရဲစခန်းတွင် တစ်ညထိန်းသိမ်းခံရပြီး ရူပီး ၅ဝဝ (၁ဝ ဒေါ်လာ)စီ ဒဏ်ရိုက်ခဲ့ကြောင်း ထိပ်တန်း ရဲအရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင်ပြောကြားသည်။

'' လူမြင်ကွင်းမှာ ကျင်ငယ်စွန့်တဲ့အတွက် လူ ၁ဝ၉ ဦးကို ကျွန်တော်တို့ ဖမ်းဆီးခဲ့ပါတယ်။ အခုလို ဖမ်းဆီးတာက သန့်ရှင်းသပ်ရပ်မှုရှိလာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ များသောအားဖြင့် လူတွေက ရထားလမ်း၊ ဘူတာရုံပတ်ဝန်းကျင်တွေမှာ အညစ်အကြေး စွန့်လေ့ရှိပြီး ဒီနေရာတွေဟာ ပိုပြီးသန့်ရှင်းသပ်ရပ်မှုရှိနေဖို့ သင့်ပါတယ်'' ဟု ရထားရဲတပ်ဖွဲ့ ကြီးကြပ်ရေးမှူး ဂျီအင်န်ခန်နာက သတင်းမီဒီယာများသို့ ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် လူမြင်ကွင်း၌ ကျင်ငယ်စွန့်ခြင်းသည် ပြစ်မှုတစ်ခုဖြစ်သော်လည်း အများသုံး သန့်စင်ခန်းမရှိသည့်အတွက် လူများသည် လူမြင်ကွင်းတွင် ကျင်ငယ်စွန့်လေ့ရှိကြသည်။
ဆင်ဟွာ။

No comments:

Post a Comment