Monday, June 29, 2015

တရုတ်(တိုင်ပေ)ဖော်မိုဆာအပန်းဖြေဥယျာဉ်တွင် မီးလောင် လူ ၅ဝဝ ကျော်ထိခိုက်ဒဏ်ရာရ





The Mirror Daily's photo.


တိုင်ပေ ဇွန် ၂၈

တရုတ်(တိုင်ပေ)ရှိ အပန်းဖြေဥယျာဉ်တစ်ခုတွင် ကာဗွန်ဆေးမှုန့်များ မီးလောင်ကျွမ်းမှုကြောင့် လူ ၅၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးဌာနကဆိုသည်။

ဖော်မိုဆာ အပန်းဖြေဥယျာဉ်တွင် လူပေါင်း ၄၅ဝဝ ခန့်သည် ကာလာပလေးအေးရှပါတီပွဲဆင်နွှဲနေစဉ် ဖျော်ဖြေရေးစင်မြင့်ထက်တွင် အမျိုးအမည်မသိကာဗွန်အမှုန့်များကို မီးရှို့ခဲ့ရာမှ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ ထိုလောင်ကျွမ်းခဲ့သည့် ကာဗွန်အမှုန့်များသည် ပါတီပွဲတက်ရောက် နေသည့်ပရိသတ်များအပေါ်သို့ လွင့်စင်လာခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။ ဒဏ်ရာရသူများအနက် ၁၉၄ ဦးသည် အရေပြားမီးလောင်ကျွမ်းမှုဒဏ်ကို ပြင်းထန်စွာခံစားနေရသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံ ၄၃ ခုတွင်ဆေးကုသပေးလျက်ရှိသည်။ ဒဏ်ရာရရှိသူ ၁၈၃ ဦးသည် အရေးပေါ်အနေအထားတွင်ရှိပြီး အရေပြားအစားထိုးကုသရန်လိုအပ်နေကြောင်း တရုတ်(တိုင်ပေ)ကျန်းမာရေးဗျူရိုက ဆိုသည်။

ခန္ဓာကိုယ်နှင့် ကိုယ်လက်အင်္ဂါလှူဒါန်းရေးစင်တာများ၊ ပလတ်စတစ်ဆာဂျူရီဌာနများကို လူနာများအား အရေပြားအစားထိုးကုသရန် အရေးပေါ်ကမ်းလှမ်းထားကြောင်း တရုတ်(တိုင်ပေ)ကျန်းမာရေးဗျူရိုက ပြောကြားသည်။

မတော်တဆမှုများမဖြစ်ပွားစေရန် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဓာတုဆေးမှုန့်များနှင့် အခြားသောမီးလောင်စေတတ်သည့် အရာများအသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ထားကြောင်း တရုတ်(တိုင်ပေ) အာဏာပိုင်များက ဆိုသည်။

''ထိခိုက်ဒဏ်ရာရခဲ့သူတွေအတွက် အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့တွေ အချိန်မီ ဆေးကုသမှုရရှိပါစေလို့ မျှော်လင့်ပါတယ်'' ဟု တရုတ် (တိုင်ပေ)ရေးရာရုံး၏ပြောရေးဆိုခွင့်ရှိသူ မာခွန့်ဆီးရာကွာက ၎င်း၏ခံစားချက်ကို ပြောသည်။
ယခုကဲ့သို့ လူစုလူဝေးဖြင့်ထိခိုက်ဒဏ်ရာရရှိသည့် ဖြစ်ရပ်မျိုး တရုတ် (တိုင်ပေ)တွင် ယခင်က ဖြစ်ခဲ့ဖူးခြင်းမရှိပေ။ ဆင်ဟွာ။

No comments:

Post a Comment