Monday, June 1, 2015

မြန်မာ-ဂျပန် စာတိုက်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး



Myanmaalinn's photo.

နေပြည်တော် မေ ၃၁

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းနှင့်အဖွဲ့သည် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား စာတိုက်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်နှင့် စာတိုက်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းများလေ့လာရန် မေ ၂၅ ရက်မှ ၃ဝ ရက်အထိ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း တိုကျိုမြို့ ကာမာကူရာနှင့် ကျိုတိုမြို့များရှိ စာတိုက်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆက်သွယ်ရေးဆိုင်ရာ ဆောင်ရွက် ထားရှိမှုများကို သွားရောက်လေ့လာ ခဲ့သည်။
မေ ၂၆ ရက်တွင် ဂျပန်နိုင်ငံ၊ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ မြန်မာနှင့် ဂျပန်နှစ်နိုင်ငံ အကြား စာတိုက်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို နှစ်ဖက်ဝန်ကြီးများက လက်မှတ်ရေးထိုးကြသည်။ ကာမာကူရာစာတိုက်နှင့် ကျိုတိုမြို့ရှိ ကင်းကကုချိစာတိုက်များတွင် စာတိုက် ဝန်ဆောင်မှုများအပြင် ပြည်သူများ ၏ အခြားလိုအပ်ချက်များဖြစ်သည့် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ သုံးစွဲသူ ဝန်ဆောင်မှုလုပ်ငန်းများ ဝန်ဆောင်မှုပေးနေခြင်းကို ကြည့်ရှု လေ့လာခဲ့သည်။ ဆက်လက်၍ တိုကျိုမြို့ရှိ Hitachi Company ၏ မြန်မာ့စာတိုက်လုပ်ငန်း၌ ငွေပို့ လွှာလုပ်ငန်းကို လက်ရှိ Fax ဖြင့် အသုံးပြုနေရာမှ Online Money Order System Software ဖြင့် ပိုမိုလုံခြုံ၊ လျင်မြန်၊ ထိရောက်စွာ အသုံးပြုနိုင်ရေးလုပ်ငန်းစဉ်များအား လေ့လာဆွေးနွေးသည်။
ဆက်သွယ်ရေးကဏ္ဍတွင်NEC Company က ဆောင်ရွက်လျက်ရှိ သော Cyber Security factory ကို သွားရောက်ပြီး Cyber Attack တိုက် ခိုက်ခံနေရမှုများကို ထိန်းချုပ်ရေးဌာန ကစောင့်ကြည့်၍ ဖြေရှင်းဆောင်ရွက် ပေးနေမှုများ၊ ဂျပန်နိုင်ငံ၊ ပြည်တွင်း ရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၌ Radio လှိုင်းများ တရားမဝင် အသုံးပြုနေမှုများကို စိစစ်ရှာဖွေ သည့် Mobile Test Vehicle မော်တော်ယာဉ်ကို နည်းပညာ အဆင့်မြှင့်တင်ထားမှုများ၊ KDDI Company မှ အဆောက်အအုံများ ပေါ်၌ ဆက်သွယ်ရေးတာဝါများ တပ်ဆင်ထားမှုနှင့် LTE ရေဒီယို လှိုင်းများ၏ စွမ်းဆောင်ရည်များကို အဝေးမှနေ၍ စမ်းသပ်ကွပ်ကဲမှုများ ကို လေ့လာခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် Liberal Democratic Party မှ လွှတ်တော်ဆိုင်ရာ ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့်လည်းကောင်း၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များနှင့် လည်းကောင်း တွေ့ဆုံ၍ စာတိုက် လုပ်ငန်းနှင့် ဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင် ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြပြီး မေ ၃ဝ ရက်တွင် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

(မြန်မာ့အလင်း)

No comments:

Post a Comment