Saturday, May 2, 2015

လူငယ်အလုပ်သမားများအား စာသင်ကြားသည့် အခွင့်အလမ်းများကို ပေးအပ်လျက်ရှိ





The Mirror Daily's photo.

ရန်ကုန် မေ ၁

Samsung Electronic သည် အန်ဂျီအိုတစ်ခုဖြစ်သောMyanmar Mobile Education Project (myMe) နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းကာ ရန်ကုန်မြို့နှင့် မန္တလေး မြို့ရှိ လက်ဖက်ရည်ဆိုင်များမှ လူငယ် အလုပ်သမားများကို အခြေခံ စာတတ်မြောက်ရေး၊ သင်္ချာနှင့် ကွန်ပျူတာသင်တန်းများအား သင်ယူနိုင်မည့် အခွင့်အလမ်းများကို ပေးအပ်လျက်ရှိနေကြာင်း သိရသည်။

ထိုကဲ့သို့သော အပြန်အလှန် အကျိုးသက်ရောက်မှု အနေဖြင့် အဆိုပါ လက်ဖက်ရည်ဆိုင်များမှ လူငယ်အလုပ်သမား စာသင်သားများသည် မိမိကိုယ်ကို ယုံကြည် အားကိုးမှုများ တိုးပွားလာမည်ဖြစ်ပြီး တီထွင်ဆန်းသစ်မှုများမှ တစ်ဆင့် ဝေဖန်စဉ်းစား တွေးခေါ်နိုင်စွမ်း တိုးတက်လာမည်ဖြစ်ကာSamsung မှ ယနေ့တွင် myMe ၏ ရွေ့လျား စာသင်ကြားမှုကို အားဖြည့်သည့် အနေဖြင့် မော်တော်ယာဉ်တစ်စီးကိုပေးအပ်လှူဒါန်းခဲ့သည်။Samsung သည် myMe မှ ထားရှိသည့် မော်တော်ယာဉ်များ၏အရေအတွက် ကို တိုးချဲ့ပေးသွားရုံသာမက လက်ရှိ တည်ရှိနေသော စာသင်ကြားမှုပြု နေသည့် myMe ယာဉ်များကိုလည်း ပြုပြင်ပေးသွားမည်ဖြစ်ပြီးSamsung Tabletများအပါအဝင် သင်ကြားမှုအသုံးအဆောင်ကိရိယာများဖြစ်သော စာသင်စားပွဲနှင့် ထိုင်ခုံများ၊ တီဗွီများကိုလည်း တပ်ဆင်ပေးသွားမည် ဖြစ်သောကြောင့် လူငယ်များ၏ ဒဒ်ဂျစ်တယ် ပလက်ဖောင်းများနှင့် နည်းပညာကျွမ်းကျင်မှုအရည်အသွေး များကို တိုးတက်မြင့်မားလာစေမည် ဖြစ်သည်။

Samsung Myanmar ၏မန်နေဂျင်းဒါရိုက်တာ Mr. Nam Sik Ahn က ''မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတိုင်းဟာ အရည်အသွေး ပြည့်ဝတဲ့ ပညာသင်ယူခွင့်ရဖို့ လိုသလို ပညာရေးဟာဆင်းရဲ မှုလျှော့ချရေးမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်လည်းဖြစ်တယ်ဆိုတဲ့ myMe ရဲ့ရည်မှန်းချက်ကို ကျွန်တော် တို့ ယုံကြည်ပါတယ်။ ဒီလိုကျွန်တော် တို့ ပူးပေါင်းဆောင်ရွက်လိုက်ခြင်း အားဖြင့် ကျွန်တော်တို့ ထားရှိတဲ့ကတိ ဖြစ်တဲ့ နောင်မျိုးဆက်သစ်လူငယ် တွေ တိုးတက်ဖို့ပံ့ပိုးပေးနိုင်ရုံသာမက လက်ဖက်ရည်ဆိုင်တွေမှာ နာရီပေါင်း များစွာ အလုပ်လုပ်ကိုင်နေရတဲ့ ကလေးသူငယ်တွေအတွက် အကျိုး ရှိစေမှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။

Myanmar Mobile Education Project (myMe) မှ စီမံကိန်း ဒါရိုက်တာ ဦးတင်မောင်မောင်အေးက ''ကျွန်တော်တို့ဒီ Project ကို စတင် တာကတော့ တစ်နှစ်ခွဲလောက်ရှိပါပြီ။ လက်ရှိမှာတော့ လက်ဖက်ရည်ဆိုင် ၂ဝ ကျော်လောက်နဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ငါးကျောင်းကို သင်ကြားပေးနေပါတယ်။ ရန်ကုန်မြို့ နဲ့ မန္တလေးမြို့မှာ စတင်သင်ကြား ပေးနေတာပါ။ ကျောင်းသား ကျောင်းသူပေါင်း ၄ဝဝ လောက် ရှိပါတယ်။ ခုကျွန်တော်တို့ သင်ကြား ပေးနေတာကတော့ ကျောင်းတွင်း ပညာရေးစနစ် မဟုတ်ပါဘူး။ ကျောင်းပြင်ပ ပညာရေးစနစ်ကို သင်ကြားပေးနေတာပါ။ သူတို့အတွက် လက်တွေ့လိုအပ်လောက်တာတွေကို သင်ကြားပေးပါတယ်။ ဥပမာ အချို့ လက်ဖက်ရည်ဆိုင်တွေက ကလေး တွေက တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ ကျောင်းပညာရေးကို နှစ်တန်းနဲ့ ထွက်ထားကြတာရှိသလို ၉ တန်း၊ ၁ဝ တန်းနဲ့ ထွက်သွားကြတာလည်း ရှိပါတယ်။ အဲတော့ကျွန်တော်တို့က အတန်းတွေ ပြန်ခွဲပေးရပါတယ်။ ကျောင်းလုံးဝမတက်ဖူးတဲ့ ကလေး တွေနဲ့ တက်ဖူးခဲ့တဲ့ ကလေးတွေကို ပြန်ခွဲထုတ်ပေးရပါတယ်။ သူ့အဆင့် နဲ့သူပေါ့။ အင်္ဂလိပ်စာ၊ လူမှုရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးတွေ သင်ကြားပေးပါတယ်''ဟုပြောသည်။

ဆက်လက်၍ ၎င်းက ''ဆိုင်တွေမှာ ရှိတဲ့ Menu တွေကို ကျွန်တော်တို့က အင်္ဂလိပ်လိုဘာသာပြန်ပြီး သင်ကြား ပေးလိုက်တာပါ။ ဒီလိုသင်ကြားမှုဟာ ဆိုင်ရှင်တွေအတွက်လည်း အကျိုးရှိပါတယ်။ ဆိုင်တွေမှာ နိုင်ငံ ခြားသား ဧည့်သည်တွေလာရောက် စားသောက်ကြတဲ့အခါကျတော့ ဒီကလေးတွေက အနည်းနဲ့အများ ဆိုသလို ပြောတတ်ဆိုတတ်သွား တတ်အောင်ပါ။ LEVEL 2 မှာဆို ကွန်ပျူတာသင်တန်း အပါအဝင် ဘာအရည်အချင်းအနေနဲ့ ဘာတွေ အသုံးတည့်မလဲ သင်ကြားပေးပါ တယ်။ အဓိကတော့ လက်ဖက် ရည်ဆိုင်ကအလုပ်သမား ကလေးတွေ ကို လက်တွေ့ကျတဲ့ တွေးခေါ်မှု၊ ပြဿနာဖြေရှင်းပုံ ဖြေရှင်းနည်း အပြင် သက်မွေးဝမ်းကျောင်း ပညာ တွေ ရရှိစေချင်လို့ပါ။ ဆိုင်ရှင်တွေ ကျတော့လည်း အစပိုင်းတော့ ပြောရ တာ နည်းနည်းလက်ဝင်တာပေါ့။ စကားပြောပြရတယ်။ ရှင်းပြရတယ်၊ ကျွန်တော်တို့က ဒါတွေသင်ကြားပေး ပါ့မယ်။ အစ်ကိုတို့ အစ်မတို့ ဆိုင်မှာ ဆိုင်နဲ့ပတ်သက်ပြီး ဒီလိုအကျိုးကျေးဇူး တွေရရှိမယ်ဆိုပြီး ရှင်းပြရပါတယ်။ ကလေးတွေက စားဝတ်နေရေး အဆင်မပြေလို့ လုပ်နေကြတာလေ။ဆိုင်ရှင်တွေကိုလည်း အပြစ်ပြောလို့ မရဘူး။ ဆိုင်ရှင်တွေကို အပြစ်ပြောဖို့ လည်း ကျွန်တော်တို့က ဒီ Project ထောင်ထားတာ မဟုတ်ဘူးလေ။ ရည်ရွယ်ချက်ကတော့ ကလေးတွေကို ဗဟုသုတပေးချင်လို့ပါ။ ဒီလိုရှင်းပြ တော့ ဆိုင်ရှင်တွေကလည်း သဘော တူပါတယ်၊ သူတို့လည်း ဘာမှစိုက် မထုတ်ရပါဘူး။ လူမှုဆက်ဆံရေး ကောင်းလာရင် သူတို့ဆိုင်အတွက်ပဲ အကျိုးရှိတာပါ။ ကလေးတွကို ကားနဲ့ လိုက်သင်ပေးသလို စောစောဆိုင် သိမ်းတဲ့နေရာတွေမှာ လူစုပြီးဆိုင် တွေမှာလည်း သင်ကြားပေးပါတယ်'' ဟုထပ်မံရှင်းပြသည်။

အဆိုပါ Myanmar Mobile Education Project (myMe) ၏ Project ကို မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ကြခြင်း ဖြစ်ပြီး ရှေ့ဆက်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အခြားမြို့ များတွင်လည်း Project ခွဲများ ထူထောင်ရန်ရှိနေကြောင်း၊ ပညာရေး လုပ်ဆောင်ကြသည့် အဖွဲ့အစည်း များနှင့်ပူးပေါင်းပြီး လုပ်ဆောင်သွား ကြမည်ဖြစ်ကြောင်း၊ ထိုသို့ ပူးပေါင်းလုပ်ဆောင်ရာတွင် သင်ရိုးညွှန်းတမ်းပေးမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအားtrainingလုပ်ပေး သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိMyanmar Mobile Education Project (myMe) မှာ ရန်ကုန်မြို့တွင် ရွေ့လျားစာသင်ကြားသည့် ယာဉ်လေးစီးနှင့် မန္တလေးမြို့တွင် ရွေ့လျား စာသင်ကြားသည့် ယာဉ်တစ်စီး ရှိနေကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ(စိုးဝင်း-MLA))

No comments:

Post a Comment