Friday, May 1, 2015

အရည်အချင်းပြည့်ဝသည့်အလုပ်သမား


ယနေ့သည် ကျွန်ုပ်တို့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများအား အလေးအနက်ဂုဏ်ပြုသည့် ကမ္ဘာ့အလုပ်သမား နေ့ အခါသမယဖြစ်ပါသည်။
အလုပ်သမားကြီးများသည် နိုင်ငံအတွက် ကုန်ထုတ်စွမ်းအား မြင့်မား ရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ဝင်ငွေတိုးတက်ရရှိရေး၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေ့စဉ်အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေသည့် ကာယလုပ်သားကြီးများဖြစ်၍ အဆိုပါ အလုပ်သမားကြီးများကို နှစ်စဉ်ဤနေ့ရောက်တိုင်း ဂုဏ်ပြုကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရှိ လုပ်သားအင်အားကို စနစ်တကျ အကျိုးရှိစွာအသုံးချနိုင်ရေး၊ အမှန်တကယ် အလုပ်လုပ်လိုသူများအား သင့်တော်ကောင်းမွန်သော လုပ်ငန်းခွင်များ၌ နေရာချထားပေးနိုင်ရေး၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည် ထက်မြက်သော ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ပေါ်ထွန်းရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် အရည်အချင်းရှိသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်ပေးနေသည်ကို တွေ့ရပါသည်။
ထိုအချိန်ကာလတွင် နိုင်ငံအတွက်နှင့် မိမိဘဝအကျိုးစီးပွားအတွက် အလုပ်လုပ်လိုသော အရည်အချင်းကောင်းများရှိသည့် အလုပ်သမားကြီးများ လိုအပ်လာပါသည်။ ပွင့်လင်းမြင်သာသော စီးပွားရေးစနစ်နှင့် ပြုပြင်ပြောင်း လဲရေးကို ဆောင်ရွက်နေသောကာလ၌ တီထွင်ဖန်တီးနိုင်စွမ်းရှိသော အလုပ် သမားကြီးများလည်း အထူးလိုအပ်နေပါသည်။
မြန်မာနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းသစ်များ တိုးတက်လာခြင်း နှင့်အတူ အလုပ်သမားအသစ်များလည်း ပိုမိုလိုအပ်လာပါသည်။ အလုပ် အကိုင်အခွင့်အလမ်းများ တိုးတက်လာမှုနှင့်အတူ အရည်အချင်းရှိသော၊ စွမ်းရည်မြင့်မားသော အလုပ်သမားများဖြစ်ဖို့ အားထုတ်ကြရမည်ဖြစ်ပါသည်။ မိမိတို့တွင် အရည်အချင်းပြည့်ဝနေပါက အလုပ်နှင့် အခွင့်အရေးများမှာ ညီညွတ်မျှတစွာ ထက်ကြပ်လိုက်ပါမည်ဖြစ်ပါသည်။
အလုပ်သမားများဘက်က ထိုသို့ အရည်အချင်းများ ပြည့်ဝအောင် ဆောင်ရွက်ကြသလို အလုပ်ရှင်များဘက်ကလည်း အလုပ်သမားများ၏ လိုအပ် ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရမည်သာ ဖြစ်သည်။ အမြတ်အစွန်းတစ်ခုတည်းသာမကြည့်ဘဲ လူမှုပတ်ဝန်းကျင်ထိခိုက်မှုမရှိစေ ရေးကိုလည်း ထည့်သွင်းတွက်ချက်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
အလုပ်သမားများအတွက် အေးချမ်းသာယာ၍ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ် သင့်လျော်ကောင်းမွန်သောလုပ်ငန်းခွင်ကို တည် ဆောက်ပေးရန်လည်းလိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်ပေးမှသာ ကျန်းမာ ကြံ့ခိုင်ပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် အလုပ်သမားအင်အားထု၏ စွမ်းအားဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံ၏စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာခြင်းနှင့်အတူ နိုင်ငံတကာအဆင့်မီ ကုန် ပစ္စည်းများ ထုတ်လုပ်ဖို့လိုအပ်လာပါသည်။ ထိုလိုအပ်ချက်နှင့်အညီ အလုပ်သမားကြီးများက ကုန်ထုတ်စွမ်းအားမြင့်မားအောင် ထုတ်လုပ်ပေး နိုင်မှသာ နိုင်ငံတကာစံနှုန်းများနှင့်အညီ ခံစားခွင့်များလည်း ရရှိနိုင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ယခုအခါ အလုပ်သမားများ တောင်းဆိုလျက်ရှိသည့် အနည်းဆုံးအခကြေးငွေသတ်မှတ်ပေးနိုင်ရေးအတွက် နိုင်ငံတကာနှင့် ပြည်တွင်းမှ အလုပ်သမားဆိုင်ရာအဖွဲ့အစည်းများ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာအာဏာပိုင်တို့ ပူးပေါင်းကာ အလုပ်သမားများအတွက် ထိုက်သင့်သည့်အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးနေပြီဖြစ်သည်။ အလုပ်သမားများဘက်ကလည်း အရည် အချင်းပြည့်ဝပြီး စည်းကမ်းစနစ်ကောင်းမွန်သည့် အလုပ်သမားများဖြစ် အောင် ကြိုးပမ်းအားထုတ်ရင်း မိမိအကျိုး၊ အလုပ်ရှင်နှင့် နိုင်ငံတော်အကျိုး များကို သယ်ပိုးထမ်းရွက်နိုင်ကြစေရန် ဆန္ဒပြုလိုက်ပါသည်။ ။

No comments:

Post a Comment