Saturday, May 30, 2015

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းရလဒ်များ တရားဝင်ထုတ်ပြန် နိုင်ငံတစ်ဝန်း၊ကမ္ဘာတစ်ဝန်းက အချက်အလက်အသုံးပြုသူအားလုံးအတွက် တစ်ပြိုင်တည်းရရှိနိုင်ပြီး



Myanmaalinn's photo.
နေပြည်တော် မေ ၂၉

၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်အမှာ စကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယ သမ္မတများဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည် ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်းနှင့်ဒေသတို့မှ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြံပေးကိုယ်စားလှယ်၊ သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံ တကာအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့်ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံ့တာဝန် ယူပြီး သုံးလအကြာ ၂ဝ၁၁ ခုနှစ် မေလ၌ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃ဝ ကြာ မကောက်ယူနိုင်ခဲ့သည့် အချို့နယ်မြေများ၌ နှစ်ကာလရာချီပြီး မကောက်ယူနိုင်ခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်၏ လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ယခုကဲ့သို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန် စဉ်းစားဆုံးဖြတ်သည့်အခါ နိုင်ငံ တကာ စံချိန် စံညွှန်းများနှင့် ကိုက်ညီ စေရန် ထည့်သွင်းစဉ်းစားပြီး လိုအပ် ချက်များကို ပံ့ပိုးကူညီပေးရန် ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံညှိနှိုင်း ခဲ့ပါကြောင်း။
အကျိုးဆက်အဖြစ် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့နှင့် ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကြီးကို အောင်မြင် စွာကောက်ယူနိုင်ရန် ပူးပေါင်း လက်တွဲဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လေးနှစ်နီးပါးကြာ ဆောင်ရွက်ရသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအစီအမံကို ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်းနှင့် ထုတ်ပြန် ကြေညာခြင်းဆိုသည့် အဆင့်(၄) ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကွင်းဆင်း စာရင်းကောက်ယူပြီး နောက်နိုင်ငံတကာ လုပ်ထုံးလုပ်နည်း များအတိုင်း ပထမဆင့် သန်းခေါင် စာရင်း ရှေ့ပြေးလူဦးရေစာရင်းကို ၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ တွင် မိမိတို့ ကြိုတင်ကတိကဝတ် ပြုထားခဲ့သည့်အတိုင်း အသေးစိတ် အချက်အလက်များ ပါဝင်သည့် ပင်မအစီရင်ခံစာကို ထုတ်ပြန် ကြေညာသွားမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ သန်းခေါင်စာရင်းမှ လူဦးရေနှင့် အိမ်အကြောင်းအရာ အခြေခံကိန်းဂဏန်းအချက်အလက် များ ရရှိလာခြင်းကြောင့် မြန်မာနိုင်ငံ အတွက် ဖြစ်ထွန်းလာသည့် အကျိုး ရလဒ်များကို အနည်းငယ်ရှင်းလင်း ပြောကြားလိုပါကြောင်း။
အားလုံးသိရှိကြသည့် အတိုင်း နိုင်ငံတစ်နိုင်ငံတွင် နယ်မြေဧရိယာ အပိုင်းအခြား သတ်မှတ်ချက်ရှိရန် လိုအပ်သကဲ့သို့ နိုင်ငံအတွင်းမှာ ရှိသည့် လူဦးရေအရွယ်အစား၊ ပျံ့နှံ့ နေထိုင်မှုနှင့် ဝိသေသလက္ခဏာများကို မှန်ကန်တိကျစွာ သိရှိရန်လိုအပ်ပါ ကြောင်း၊ နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်များ တွင် အချက်အလက်ကို အခြေခံသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်၊ ပြည်သူများအတွက် ပိုမိုသင့်လျော် ကောင်းမွန်သည့် မူဝါဒများ ချမှတ်နိုင် ရန်နှင့် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် ကျား/မ မရွေး၊ အဆင့်အတန်းမရွေး၊ မသန်စွမ်းသူ များအပါအဝင် လူတိုင်း၊ လူတိုင်း အရည်အသွေးပြည့်မီသော ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှု များကို ထိရောက်မှန်ကန်စွာ ဆောင် ရွက်ပေးရန်အတွက် သန်းခေါင် စာရင်းကရလာသည့် အချက်အလက် များက အထောက်အကူပြုမည် ဖြစ်ပါ ကြောင်း၊ တစ်ဖက်ကလည်း မှန်ကန် တိကျသည့် အချက်အလက်များကို အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံသူ နိုင်ငံသားများ၏ စွမ်းဆောင်ရည် များကို အပြည့်အဝအသုံးချနိုင်မည် ဖြစ်ပြီး ဘဝတွင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေနှင့် မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်သူများ၏ အခြေအနေမှန်များကို ပကတိဖြစ်ရပ် မှန်အတိုင်း သိရှိနိုင်မည်ဖြစ်သည့် အတွက် ခန့်မှန်းယူဆချက်များ အပေါ်တွင် မှီခိုအားထားစရာမလိုဘဲ လိုအပ်သည့် နေရာများတွင် မှန်ကန် လိုအပ်သည့် စီမံကိန်းများကို ချမှတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုသန်းခေါင်စာရင်း အချက်အလက် များသည် နိုင်ငံတော်အစိုးရအတွက် သာမက ပုဂ္ဂလိက ကဏ္ဍ၊ တိုင်းရင်း သားခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် နိုင်ငံ ရေးလှုပ်ရှားဆောင်ရွက်နေသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပြည်သူများကို ဝန်ဆောင်မှုများပေးနေသည့် လူမှု အဖွဲ့အစည်းများ အပါအဝင် အားလုံး အတွက် မရှိမဖြစ်လိုအပ်ပါကြောင်း။
ယခုနေရာတွင် အလျဉ်းသင့်၍ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုသည့် ကိစ္စနှင့် မိမိတို့အစိုးရလက်ထက်တွင် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များချိတ်ဆက်မှုကို အနည်းငယ်ပြောကြား လိုပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ အားလုံးနှင့် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူခြင်းမှ ရရှိလာမည့် အချက်အလက်များသည် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်ပြီး သော်လည်းကောင်း ချိတ်ဆက်နေပါ ကြောင်း၊ ကာလကြာရှည် သန်းခေါင် စာရင်း မကောက်ယူနိုင်ခဲ့သည့် အတွက် အခြေခံအကျဆုံးဖြစ်သည့် မိမိတို့နိုင်ငံ၏ လူဦးရေစာရင်းဇယား များကို ခန့်မှန်းတွက်ချက်နေရသည့် အနေအထားမှ တိတိကျကျတွက်ချက် နိုင်သည့်အနေအထားကို ရောက်ရှိ လာခြင်းသည်ပင်လျှင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း၏ ပကတိတန်ဖိုးပင် ဖြစ်ပါကြောင်း။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံ မှု စီးဝင်ရေးတို့အတွက် မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်ဆိုင်ရာ အချက် အလက်များ၊ လူဦးရေကို အခြေခံ သည့် ဈေးကွက်အနေအထားကို မူတည်ပြီး စီမံကိန်းများရေးဆွဲခြင်း၊ ဈေးကွက်အနေအထားတွက်ချက်ခြင်း အစရှိသည့် လုပ်ငန်းများကို ဆောင် ရွက်ရာတွင်လည်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှ ရရှိလာမည့် လူဦးရေစာရင်းများကို အသုံးပြုပြီး တိကျ ခိုင်မာပြီး ရေရာသေချာမှုရှိသည့် တွက်ချက်မှုများကို ပြုလုပ်နိုင်မည့် အကျိုးကျေးဇူးကို ရရှိနိုင်မည်ဖြစ်ပါ ကြောင်း။
လူမှုရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အဓိကကျသည့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်များ တိုင်းရင်းသားမျိုးနွယ် စုများ၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လူဦးရေ စာရင်းများက အဓိကအထောက် အကူပေးမည်ဖြစ်ပါကြောင်း။
မကြာမီ ပေါ်ပေါက်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများကတစ်ဆင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် မလွဲမသွေကြုံတွေ့ရမည့် တိုင်းရင်း သားမျိုးနွယ်စုများ ပြဋ္ဌာန်းသတ်မှတ် ခြင်းကိစ္စအတွက် နိုင်ငံရေးသဘော တူညီချက်များကိုအခြေခံပြီး ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် လူဦးရေစာရင်းများကို အခြေခံညှိနှိုင်း ကြရမည်ဖြစ်ပါကြောင်း၊ ယင်းနိုင်ငံ ရေးဆွေးနွေးပွဲများက ရရှိလာမည့် နိုင်ငံရေးသဘောတူညီချက်များကို အခြေခံပြီး ခေတ်စနစ်နှင့်လျော်ညီ သည့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စရပ် များ ပြဋ္ဌာန်းချက်များကိုလည်း ဥပဒေ ပြုရေးနည်းလမ်းများ၊ အုပ်ချုပ်ရေး နည်းလမ်းများနှင့်အဆင့်ဆင့်ပြုလုပ် သွားကြရမည်ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ဆောင်ရွက်သည့်အခါ မိမိတို့ နိုင်ငံ လူ့အဖွဲ့အစည်း၏ အနာဂတ် ကံကြမ္မာကို ပြဋ္ဌာန်းသတ်မှတ်ရန် အတွက် လူဦးရေစာရင်းများသည် အရေးပါသည့်အခန်းကဏ္ဍက ပါဝင် လာမည်ဟု မိမိအနေနှင့် ရှုမြင်ထားပါ ကြောင်း၊ ယင်းတင်ပြချက်များကို ကြည့်မည်ဆိုပါက ယခု ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းကို မိမိအနေနှင့် သော်လည်းကောင်း၊ မိမိတို့အစိုးရအနေနှင့် သော်လည်း ကောင်း အလွန်အရေးကြီးသည့် ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့သည့်အတွက် တန်ဖိုးထား၊ ဂုဏ်ယူရမည့် အမျိုးသား ရေးအောင်မြင်မှုတစ်ခုအဖြစ် ခံယူ ထားသည်ဟု ပြောကြားလိုပါကြောင်း။
ယခုပြည်လုံးကျွတ် သန်းခေါင် စာရင်းအောင်မြင်စွာ ကောက်ယူနိုင် မှုကို မိမိတို့ နိုင်ငံအတွက် ဂုဏ်ယူရ မည့် အမျိုးသားရေးအောင်မြင်မှု တစ်ရပ်ဖြစ်သည်ဟု ခံယူရသည်မှာ များစွာအဓိပ္ပာယ်ရှိပါကြောင်း၊ မိမိ အနေနှင့် ပြီးခဲ့သည့်နှစ် သန်းခေါင် စာရင်း စတင်ခြင်းအထိမ်းအမှတ် အခမ်းအနားတွင် သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကြီးသည် တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခု တည်းနှင့် ဆောင်ရွက်၍ရခြင်းမဟုတ် ဘဲ နိုင်ငံတစ်ဝန်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး ညီညွတ်သော အင်အားနှင့် ပေါင်းစပ် မှသာ အောင်မြင်စွာ ဆောင်ရွက်နိုင် မည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ကို ပြောကြားခဲ့ပါကြောင်း၊ ယင်းလုပ်ငန်း စဉ်ကြီးသည် မိမိတို့နိုင်ငံသားအားလုံး တက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှုကြောင့် လုပ်ငန်းပမာဏ အလွန်ကြီးမားကျယ်ပြန့်သည့် နိုင်ငံ တော်လုပ်ငန်းစဉ်ကြီးကို သတ်မှတ် ချိန်အတွင်း အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါကြောင်း၊ ယနေ့ဖြစ်ရပ်သည် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပေါင်းစည်းမှုစွမ်းအားကို ပြသနိုင် ခြင်းဖြစ်သကဲ့သို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင် မှုအားနှင့် သမိုင်းမှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါ ကြောင်း။
နိုင်ငံတစ်ဝန်းလုံးတွင် သန်းခေါင် စာရင်းလုပ်ငန်းကြီးကို ကူညီထောက်ပံ့ ပေးခဲ့ကြသည့် ပြည်တွင်းက စေတနာ ရှင်၊ အလှူရှင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊ ဘာသာရေးအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများ နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်း ပါဝင်မှုများကိုလည်း မှတ်ကျောက်တင် ထားရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် သန်းခေါင်စာရင်းကောက်ယူရာတွင် အဓိကနေရာက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် စာရင်းကောက် ဆရာ/ဆရာမများကို ပျူပျူငှာငှာ ကြိုဆိုခဲ့ကြပြီး မေးမြန်းသည့်အချက် အလက်များကို စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည့်၊ ပူးပေါင်းကူညီ ပေးခဲ့ကြသည့် မြန်မာပြည်တစ်နံ တစ်လျားက တိုင်းရင်းသား ညီအစ်ကို မောင်နှမ ပြည်သူပြည်သားများ အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်ဟု မှတ်တမ်း တင်ပြောကြားလိုပါကြောင်း။
တစ်ဆက်တည်းတွင် ယင်း လုပ်ငန်းတာဝန်ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ရှုမြင်ပြီး ထိရောက်သည့် ပူးပေါင်းဆောင်ရွက် မှုများ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တာဝန်ကျေမှုကိုလည်း မိမိအနေနှင့် အသိအမှတ်ပြု ပြောကြားအပ်ပါ ကြောင်း။
သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကြီး ချောမွေ့အောင်မြင်အောင် အကူ အညီပေးခဲ့ကြသည့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ၊ အလှူရှင်နိုင်ငံများ ဖြစ်သည့် သြစတြေးလျ၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု တို့ကိုလည်း နိုင်ငံတော်အစိုးရ ကိုယ်စား ကျေးဇူးဥပကာရ အထူးတင် ရှိပါသည်ဟု ပြောကြားလိုပါကြောင်း၊ အလှူရှင်များ၏ ငွေကြေး၊ နည်းပညာ နှင့် စီမံခန့်ခွဲမှုအထောက်အပံ့များ သည် သန်းခေါင်စာရင်းလုပ်ငန်းစဉ် ကြီး အောင်မြင်မှုအတွက် အရေးပါ သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို မှတ်တမ်းတင်ပါကြောင်း၊ အလားတူ သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အကြံပေး ပညာရှင်များနှင့် ယင်းစီမံချက်ကြီး တွင် ဘက်စုံ၊ ထောင့်စုံက ပါဝင် ပတ်သက်ခဲ့ကြသည့် ဝန်ကြီးဌာနများ က အရာထမ်း၊ အမှုထမ်းများကိုလည်း နိုင်ငံတော်မှ မှတ်တမ်းတင်ဂုဏ်ပြု ပါကြောင်း။
ထို့ပြင် မိမိတို့ကျေးဇူးအထူးတင် ရမည့်သူများတွင် နိုင်ငံတကာနည်း ပညာအကြံပေးအဖွဲ့ (ITAB) ကို လည်းချန်ထား၍ မဖြစ်နိုင်ပါကြောင်း၊
နိုင်ငံတကာ အကြံပေးအဖွဲ့ဝင်များ အနေနှင့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် နည်းပညာ နှင့် အရည်အသွေးထိန်းချုပ်မှုများကို အနီးကပ် စဉ်ဆက်မပြတ်အကြံပြု ခဲ့ကြ၍ မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်းကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ပြီး သန်းခေါင်စာရင်း လုပ်ငန်းစဉ်၏ကောင်းမွန်မှုဖြင့် သန်း ခေါင်စာရင်း ရလဒ်များ၏ ယုံကြည် စိတ်ချရမှုများအပေါ် သံသယဝင် နေမှုများကို ဖယ်ရှားနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတကာမိတ်ဆွေများနှင့် အဖွဲ့ အစည်းများ၏ ပူးပေါင်းကူညီဆောင် ရွက်မှုအတွက် မြန်မာနိုင်ငံသူ/နိုင်ငံ သားအားလုံးက အစဉ်အမှတ်ရနေ မည်ဖြစ်သည်ကို ပြောကြားလိုပါ ကြောင်း။
ယနေ့ အခမ်းအနားသည် နောက်လအနည်းငယ်ကြာသည်အထိ ဆက်လက်ဆောင်ရွက်ရမည့် သန်း ခေါင်စာရင်း အချက်အလက်များ ဖြန့်ဝေမည့်အစီအစဉ်၏ ပထမ ခြေလှမ်းဖြစ်ပါကြောင်း၊ နယ်မြေ ဒေသအသီးသီးက ဦးစီးဦးဆောင်ပြု လုပ်သူများနှင့် ပြည်သူများမပါဝင်ဘဲ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း နှင့် အစိုးရ၊ ပြည်သူနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှသာ အပြည့်အဝအောင် မြင်မည်ဖြစ်သည်ကိုလည်း အလေး အနက်ထား ပြောကြားလိုပါကြောင်း၊ ပြီးခဲ့သည့် သန်းခေါင်စာရင်းတွင် အကြောင်းအမျိုးမျိုးကြောင့် စာရင်း မကောက်ယူနိုင်ခဲ့သည့် နေရာအချို့ ရှိခဲ့သော်လည်း ယခုသန်းခေါင်စာရင်း တွင် ကောက်ရန် ကျန်ခဲ့သည့်လူဦးရေ ကိုရရှိပြီး အချက်အလက်များပေါ် အခြေခံပြီး လူဦးရေခန့်မှန်းနည်းစနစ် များအသုံးပြုကာ အနီးစပ်ဆုံးမှန်ကန် စေရန် ခန့်မှန်းနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကဏ္ဍအသီးသီးက ခေါင်းဆောင်များ အတူတကွလက်တွဲပူးပေါင်းဆောင် ရွက်ခြင်းသည် နိုင်ငံတော်အတွက် အရင်းအမြစ်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံ မှုဟုလည်း ဆိုနိုင်မည်ဖြစ်ပါကြောင်း။
သန်းခေါင်စာရင်းအစီရင်ခံစာ တွင်ပါသည့် ရလဒ်များကို ထုတ်ပြန် ကြေညာသည့် ဆွေးနွေးပွဲများ မကြာမီ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပြီး သန်းခေါင်စာရင်းရလဒ်များနှင့် ပတ်သက်သည့် အသိပညာဗဟုသုတ များကိုလည်း မျှဝေသွားမည်ဖြစ်ပါ ကြောင်း၊ အသိပညာဗဟုသုတများ သည် လိုအပ်သည့် ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်ရန် အထောက်အပံ့ဖြစ် စေသကဲ့သို့ အလားအလာကောင်းများ ရှိသည့် ဒေသများကိုလည်း ဖွံ့ဖြိုး တိုးတက်လာစေမည် ဖြစ်ပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အနေဖြင့် အချက်အလက် အသုံးပြုသူများ အားလုံး သန်းခေါင်စာရင်းအချက် အလက်များကို ရရှိနိုင်ရန် နည်းလမ်း မျိုးစုံနှင့် အစွမ်းကုန် ကြိုးစားဆောင် ရွက်ခဲ့ရပါကြောင်း၊ အချက်အလက် များကို ပုံနှိပ်ထားသည့် အစီရင်ခံစာ များအနေနှင့် ထုတ်ပြန်မည်ဖြစ်ပြီး အင်တာနက်တွင်လည်း လွယ်ကူစွာ ရနိုင်ရန် ဆောင်ရွက်ထားပါကြောင်း၊ အင်တာနက်မရရှိနိုင်သည့် နေရာများ ၌ ‘ဒီဗွီဒီများနှင့် အသုံးပြုနိုင်ရန် လည်း စီမံဆောင်ရွက်ထားပါကြောင်း၊ မနီးစပ်သူများအတွက်လည်း အများ နားလည်လွယ်မည့်ပုံစံဖြင့် အစီရင် ခံစာများကို ပြုစုထားပါကြောင်း၊ မီဒီယာများအနေနှင့်လည်း သန်းခေါင် စာရင်းအချက်အလက်များကို ပြည်သူ များထံ အမှန်တကယ်ရောက်ရှိစေရန် ထပ်မံပြီး ကူညီဖြန့်ဝေပေးကြရန် တိုက်တွန်းအပ်ပါကြောင်း။
ယခုဖြစ်စဉ်ကစ၍ မှန်ကန်သည့် အချက်အလက်များကို ပြည်သူလူထု လက်ထဲအရောက် ပွင့်လင်းမြင်သာမှု ရှိစွာ အစိုးရတစ်ရပ်အနေဖြင့် ပေးပို့ ခြင်းဖြစ်သည်ဟုလည်း ခံယူစေလိုပါ ကြောင်း၊ မြန်မာပြည်သူပြည်သား များ၏ ပကတိလူမှုစီးပွားရေးအခြေ အနေမှန်ကို ပြဆိုသည့် အရင်းအမြစ် များအဖြစ် သန်းခေါင်စာရင်းရလဒ် များကို အသုံးပြုကြပါဟု တိုက်တွန်း လိုပါကြောင်း။
သန်းခေါင်စာရင်း ရလဒ်များ သည် ယနေ့မြန်မာနိုင်ငံ၏ပုံရိပ်ကို ဖော်ပြနေပါကြောင်း၊ အနာဂတ်တွင် မည်သည့်နိုင်ငံမျိုး ဖြစ်စေချင်သည်ကို ဆုံးဖြတ်ကြရန် မိမိတို့ အတူတကွ လက်တွဲလုပ်ဆောင်သွားကြရန် လို အပ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ရှေ့ဆက် ဆောင်ရွက်သွားမည့် လမ်းကြောင်းတွင် မိမိတို့ကျရောက် ရာကဏ္ဍက တက်ကြွစွာပါဝင်ဆောင် ရွက်ကြရန် တိုက်တွန်းပါကြောင်း။
ထို့ကြောင့် ယနေ့အခမ်းအနား တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်သမ္မတအနေဖြင့် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရလဒ်များကို တရား ဝင်ထုတ်ပြန်ပါကြောင်း၊ နိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်းက အချက်အလက် အသုံးပြုသူအားလုံးအတွက် တစ်ပြိုင် တည်းရရှိနိုင်ပြီ ဖြစ်ပါကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ပါ ကြောင်းနှင့် အားလုံးကိုကျေးဇူးတင် ရှိပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ အကြံပေးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယား၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ ညွှန်ကြားရေး မှူး မစ္စလုဗ်နာဘက်ကွီတို့က နှုတ်ခွန်း ဆက်စကား ပြောကြားကြသည်။
ယင်းနောက် ဗဟိုသန်းခေါင် စာရင်းကော်မရှင်နာယက ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များကိုယ်စား နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့ ညွှန်ကြားရေးမှူး မစ္စ ဂျဲနက် အီး ဂျက်ဆင်၊ နိုင်ငံတကာအလှူရှင် များကိုယ်စား ဗြိတိန်နိုင်ငံ သံအမတ် ကြီး မစ္စတာ အန်ဒရူး ပက်ထရစ်နှင့် လူမှုအဖွဲ့အစည်းများ ကိုယ်စား ဦးငွေသိန်းတို့ထံ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာများကို ပေးအပ် သည်။
ဆက်လက်၍ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက သန်းခေါင်စာရင်း ရလဒ်များနှင့်စပ်လျဉ်း၍ လူဦးရေ ဆိုင်ရာများ၊ အိမ်ထောင်စုအကြောင်း အရာများ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာများ၊ ပညာရေးဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာများ၊ မွေးဖွားခြင်း ဆိုင်ရာများ၊ သေဆုံးခြင်းအကြောင်း အရာများ၊ အိမ်အကြောင်းအရာနှင့် အိမ်အသုံးအဆောင် ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ သုံးစွဲမှုအခြေအနေ၊ မသန်စွမ်းမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဆောင်ရွက်ပြီးခဲ့သည့် သန်းခေါင် စာရင်းအစီအမံများကို မှတ်တမ်း ဗီဒီယိုဖြင့်ပြသကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံ တော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည် တော်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

(သတင်းစဉ်)

No comments:

Post a Comment