သတင်း
မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-မိုးမခ
ရန်ကုန် မေ ၂၉
မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-မိုးမခ
ရန်ကုန် မေ ၂၉
ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ နှစ် ပေါင်း ၁ဝ၇ နှစ် သက်တမ်းရှိပြီဖြစ် သည့် ရန်ကုန်စာတိုက်ကြီးကို ရန်ကုန် မြို့၏ ပဉ္စမမြောက် ရှေးဟောင်းအမွေ အနှစ် အဆောက်အအုံ အထင်ကရ ပြယုဂ်အဖြစ် ရန်ကုန်မြို့ပြ အမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က အပြာရောင် ကမ္ပည်းပြား ကိုယနေ့ နံနက် ၁ဝ နာရီတွင် တပ်ဆင်လိုက်ပြီဖြစ်သည်။
အပြာရောင်ကမ္ပည်းပြား ဆို သည်မှာ လူအများနှင့် သက်ဆိုင် သောနေရာများတွင် အဆိုပါနေရာ နှင့်
ဆက်စပ်နေသည့် သမိုင်းဝင်လူပုဂ္ဂိုလ် များနှင့် အဖြစ်အပျက်များအကြောင်း ကို ဖော်ပြပြီး မြို့၏ အမှတ်အသား အဖြစ် တပ်ဆင်ထားရှိမည့် အထိမ်း အမှတ် ကမ္ပည်းပြားဖြစ်သည်။ ယခု ရန်ကုန်မြို့၏ ပဉ္စမမြောက် ရှေးဟောင်း အမွေအနှစ်အဆောက် အအုံဖြစ်လာသည့် ယခုရန်ကုန် စာတိုက်ကြီးသည် ဗြိတိသျှကိုလိုနီ လက်ထက် ၁၉ဝ၈ ခုနှစ်ကစတင် တည်ဆောက်ခဲ့ပြီး အိန္ဒိယဆန်ကုန် သည်များရုံးစိုက်ရာ အဆောက်အအုံ ဖြစ်ခဲ့ကာ ၁၉၅၄ ခုနှစ်တွင် ယခုဗဟို စာတိုက်ကြီးကို စတင်ပြောင်းလဲဖွင့် လှစ်ခဲ့သည်။
''အခုရန်ကုန်စာတိုက်ကြီးကို ပဉ္စမ မြောက် ရန်ကုန်မြို့ရဲ့ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံအပြာ ရောင်ကမ္ပည်းတပ်ဆင်တဲ့ အခမ်း အနားမှာ ကျွန်တော့်အနေနဲ့ တိုက် ရိုက်ပတ်သက်တဲ့ ဝန်ကြီးဌာန မဟုတ် ပေမယ့် သမ္မတကြီးလက်ထက်မှာ ရှေးဟောင်းအမွေအနှစ် ပြန်လည် ထိန်းသိမ်းရေးလုပ်ငန်းကို တစ်တပ် တစ်အား အားပေးခဲ့ပါတယ်။ ဒါကြောင့် အပြာရောင်ကမ္ပည်းရဲ့ တန်ဖိုးကို သက်ဆိုင်ရာ ဝန်ကြီးဌာန ရော၊ ပြည်သူတွေပါ သိစေချင်တဲ့ အပြင် ရန်ကုန်မြို့ပြထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (YHT) ရဲ့ လုပ်ဆောင်ချက်ကိုလည်းအသိအမှတ် ပြုတဲ့ အနေနဲ့တက်ရောက်ခဲ့တာပါ။ ကျွန်တော်တို့ဆီမှာ ပြီးခဲ့တဲ့နှစ်ပေါင်း ၂ဝ လောက်ကတည်းက မြို့ပြဖွံ့ဖြိုး တိုးတက်မှုတွေကို လုပ်ဆောင်ခဲ့ပေ မယ့် စနစ်မကျနခဲ့မှုကြောင့် ရှေး ဟောင်း အမွေအနှစ်အဆောက်အအုံ အပါအဝင် ပန်းခြံတွေ၊ အားကစား ကွင်းတွေပါ ပျောက်ကွယ်ခဲ့ရတယ်။
အခုလိုရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်ဟာ ပြည်သူ တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့အမွေအနှစ် ပြယုဂ်ကိုတန်ဖိုးထားသလို၊ ကမ္ဘာ လှည့် ခရီးသွားတွေအနေနဲ့လည်း တန်ဖိုးထား လေ့လာနိုင်စရာနေရာ ဖြစ်လာမှာပါ။ အခြားနိုင်ငံတွေမှာ အထပ်မြင့် အဆောက်အအုံတွေ ရှိ ပေမယ့် ကျွန်တော်တို့လိုမြို့တွင်း ခြောက်မြို့နယ်မှာ အခုလိုရှေးဟောင်း အမွေအနှစ်တွေ မရှိတော့ဘူး'' ဟု အဆိုပါအခမ်းအနားသို့ တက်ရောက် လာသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
ရန်ကုန်မြို့ပြ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့အနေဖြင့် ၂ဝ၁၂ ခုနှစ်က စတင်အကောင်အထည် ဖော်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့၏ ပထမဦးဆုံး မြို့ပြအမွေအနှစ်အဖြစ် ၂ဝ၁၄ ခုနှစ် သြဂုတ် ၉ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၊ ဒုတိယ မြို့ပြ အမွေအနှစ်အဖြစ် ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် ဧရာဝတီ ဘဏ်(ယခင်ရိုးကုန်တိုက်)၊ တတိယ မြို့ပြအမွေအနှစ်အဖြစ် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် အာမေးနီး ယန်းဘုရားကျောင်း၊ စတုတ္ထမြောက် မြို့ပြ အမွေအနှစ်အဖြစ် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ဗဟို မီးသတ်စခန်းတို့ကို အပြာရောင် ကမ္ပည်းပြားများ တပ်ဆင်ပေးခဲ့ပြီး ယခု ၂ဝ၁၅ ခုနှစ် မေ ၂၉ ရက်တွင် ရန်ကုန်စာတိုက်ကြီးကို ပဉ္စမမြောက် မြို့ပြအမွေအနှစ်အဖြစ် မှတ်တမ်းတင် အပြာရောင်ကမ္ပည်းကိုတပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။
''ကျွန်မတို့ အခုလို မြို့ပြရဲ့အမွေ အနှစ်အဆောက်အအုံ အပြာရောင် ကမ္ပည်းပြား တပ်ဆင်တဲ့အခါမှာ အဓိကရွေးချယ်တာကတော့ မြို့ရဲ့ အထင်ကရ အဆောက်အအုံတွေ၊ အဓိကနေရာတွေ၊ သုံးနေတဲ့ အဆောက်အအုံရဲ့ သမိုင်းမှတ်တမ်း ပါဝင်ခဲ့မှုတွေ၊ ပြည်သူတွေအသိများပြီး ကမ္ဘာလှည့်ခရီးသည်တွေ အသွား အလာများတဲ့ မြို့ပြနေရာတွေ စတဲ့ အချက်တွေကိုကြည့်ပြီး မြို့ပြရဲ့ အမွေ အနှစ်လို့ မှတ်တမ်းပြုခဲ့တာ ဖြစ်ပါ တယ်။ အခုလိုမှတ်တမ်းတင်တဲ့အခါ မှာလည်း သမိုင်းအချက်အလက်ပြည့်စုံ အောင် ရှာဖွေရပါတယ်။ အဲဒီလို သမိုင်းမှတ်တမ်း အချက်အလက် ပြည့်စုံပြီး ဒီနှစ်တွင်းမှာ ဆက်လက် အသိအမှတ်ပြု တပ်ဆင်ပေးသွားမယ့် နေရာလေးခုလောက်ရှိပါသေးတယ်။ ဒီနှစ်အတွင်းမှာပဲ မြို့ပြအမွေအနှစ် အဖြစ် အပြာရောင်ကမ္ပည်းပြားကို ဆက်လက် တပ်ဆင်ပေးသွားမှာ ဖြစ် ပါတယ်''ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ဒါရိုက်တာဒေါ်မိုးမိုးလွင်က မြန်မာ့ အလင်းသို့ ပြောကြားသည်။
ယနေ့ ဖွင့်လှစ်မှတ်တမ်းတင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ပေး သည့် ပဉ္စမမြောက် ရန်ကုန်မြို့ပြ အမွေအနှစ်အဆောက်အအုံ အသိ အမှတ်ပြုအခမ်းအနားကို ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်၊ ဗဟိုစာတိုက်ကြီးမှ လက်ထောက် အထွေထွေမန်နေဂျာဦးရွှေထွန်းမောင်နှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့မှ ဒါရိုက်တာဒေါ်မိုးမိုးလွင် တို့က တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
(မြန်မာ့အလင်း)

No comments:
Post a Comment