Saturday, May 2, 2015

ပျူရှေးဟောင်းမြို့များ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ညှိနှိုင်းစည်းဝေး





The Mirror Daily's photo.


နေပြည်တော် မေ ၁


မြန်မာနိုင်ငံ၏ ပထမဦးဆုံးကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖြစ်သည့် ပျူရှေးဟောင်းမြို့များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၃ဝ ရက်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ယဉ်ကျေးမှုအမွေအနှစ်များ အနက်မှ ပထမဆုံးကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်းသည် နိုင်ငံ၏ ဂုဏ်တစ်ရပ်လည်း ဖြစ်ကြောင်း၊ ပျူမြို့ဟောင်းသုံးမြို့သည် လွန်ခဲ့သည်နှစ် ၂ဝဝဝ နီးပါးက ပေါ်ထွန်းခဲ့သော မြို့ဖြစ်ကြောင်း၊ မြို့ပြ တည်ထောင်နေထိုင်နိုင်ခြင်း၊ လူဦးရေအသင့်အတင့်များပြားခြင်း၊ စာပေယဉ်ကျေးမှုထွန်းကားခြင်း၊ အတတ်ပညာ၊ အသိပညာနှင့် လက်မှုအနုပညာထွန်းကားခြင်း စသော မြို့ပြယဉ်ကျေးမှုထွန်းကားသော ခေတ်တစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့သမိုင်းတန်ဖိုးမြင့်မားသော ပျူမြို့ဟောင်း သုံးမြို့ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အဖွဲ့အစည်း အသီးသီးက ဆက်လက်ပြီးစဉ်ဆက်မပြတ် ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပျူရှေးဟောင်းမြို့များ ကြီးကြပ်ညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပျူရှေးဟောင်းသုံးမြို့ကို ၂ဝ၁၄ ခုနှစ် ဇွန်လက ကျင်းပခဲ့သော (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်း အဝေးဆုံးဖြတ်ချက်ဖြင့် ကမ္ဘာ့အမွေအနှစ်အဖြစ် အသိ အမှတ်ပြုခဲ့ကြောင်း၊ ပျူရှေးဟောင်းမြို့သုံးမြို့သည် ကမ္ဘာ့အမွေအနှစ် စံတန်ဖိုးသတ်မှတ်ချက် (၂၊ ၃၊ ၄) နှင့် ကိုက်ညီခြင်း၊ အထောက်အထားများ ခိုင်လုံစွာ သုတေသန ပြုထားခြင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်အတူ ဆက်စပ်ဝန်ကြီးဌာနများမှ ပညာရှင်များ၊ သမိုင်းပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ဗိသုကာပညာရှင်များ အသင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ပူးပေါင်းပါဝင် အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် စတင်ဆောင်ရွက်ချိန်မှ နှစ်နှစ်မြောက် ကာလအတွင်း ကမ္ဘာ့အမွေအနှစ်အဖြစ်အသိအမှတ်ပြု ခံရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီး နောက်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် အချက် ၂ဝ ကို ယူနက်စကိုက တိတိကျကျ သတ်မှတ်ပေးပါကြောင်း၊ ယင်းအချက်များမှာ ပျူရှေးဟောင်းမြို့များနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ၊ ထိန်းသိမ်းရေးလုပ်ငန်းများ၊ စီမံခန့်ခွဲရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းများ၊ ဒေသခံလူမှုအဖွဲ့ အစည်းများအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည် တိုးမြှင့်ရေးလုပ်ငန်းများ၊ အနာဂတ် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပေးနိုင်မည့်လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်ဒေသများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစီမံချက် (Risk Disaster Management Plan)၊ ခရီးသွားဧည့်သည်များ ဆိုင်ရာ စီမံခန့်ခွဲရေးစီမံချက် (Visitor Management Plan) နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက် အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရေး စီမံချက် (Conservation Management Plan) တို့ ရေးဆွဲဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ပျူမြို့ဟောင်းသုံးမြို့ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီရှစ်ခုကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများက ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေ၊ ကြုံတွေ့ရသည့် အခက်အခဲနှင့် ဖြည့်ဆည်းပေးရမည့်အချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ပျူမြို့ဟောင်းများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက် ရမည့်ကိစ္စများ၊ ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းလုပ်ဆောင် ပေးရမည့်လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှုအစီအစဉ်များ၊ ဒေသခံပြည်သူများက လုပ်ဆောင်ပေးရမည့်အချက်များ၊ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်ကိစ္စများ၊ UNESCO က သတ်မှတ် ပေးထားသည့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်မတိုင်မီ အပြီးဆောင်ရွက်ထားရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment