Saturday, May 2, 2015

လယ်ယာသုံးစက်ကိရိယာများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပုလဲသွယ်စပ်မျိုးစပါး ဝတ်မှုန်ကူးပွဲကျင်းပ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်





The Mirror Daily's photo.



နေပြည်တော် မေ ၁


ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) က ထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပုလဲသွယ်စပ်မျိုးစပါး ဝတ်မှုန်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန်အနီးရှိ အဆင့်မြင့်စက်မှုလယ်ယာစနစ် ဧက ၃ဝဝဝ တစ်ဆက်တစ်စပ်တည်း စံပြစိုက်ခင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်ပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အခမ်းအနားများသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တာတရှိဟီဂူချိ၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့(FAO)၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန(IRRI) နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့မှ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် စာရေးဆရာ အသင်းတို့မှ ပညာရှင်များ၊ စိုက်ပျိုး ရေးပညာရှင်များနှင့် ဒေသခံတောင်သူလယ်သမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ နံနက် ၈ နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အခမ်းအနား ကျင်းပသည့် စံပြစိုက်ခင်းသို့ ရောက်ရှိပြီး ဒေသခံ တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်သည်။
ထို့နောက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် လုပ်ကွက်ငယ်တောင်သူများ စားနပ်ရိက္ခာ ဖူလုံစေရေးအကူအညီ စီမံကိန်းအစီအစဉ်အရ ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ထောက်ပံ့ပေးအပ်သည့် လယ်ယာသုံးစက်ကိရိယာများ လွှဲ ပြောင်းပေးအပ်ခြင်း အစီအစဉ်ကို ကျင်းပရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကJICA က ကူညီဖြည့်ဆည်းပေးမည့် လယ်ယာသုံးစက်ကိရိယာများ ဖြစ် သည့် ကူဘိုတာထွန်စက် ၉၃ စီး၊ ကူဘိုတာ ရိတ်သိမ်းခြွေလှေ့စက် ၁ဝ စီး၊ ခြောက်သွားထွန် ၉၂ လက်နှင့် ဓားစက်ထွန် ၉၂ လက်တို့ကို ထောက်ပံ့ကူညီပေးသည့်အတွက် တောင်သူလယ်သမားများ ကိုယ်စား အထူးပင်ကျေးဇူးတင် ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံခေါင်းဆောင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို မြစ်ဖျားခံပြီး ပညာရှင်အချင်းချင်းကူညီမှု၊ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်မှုမှတစ်ဆင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာတာတရှိ ဟီဂူချိက ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ လယ်ယာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အကူအညီများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လယ်ယာသုံးစက်ကိရိယာများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ထံ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဂျပန်သံအမတ်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။

ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအတွက် လယ်ယာကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ တစ်နိုင်ငံလုံး၏ စားနပ်ရိက္ခာဖူလုံရေးအတွက် လယ်ယာ ကဏ္ဍက အဓိက မောင်းနှင်ပေးလျက်ရှိ ပါကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေး တွင် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့အနက် စိုက်ပျိုး ရေးကဏ္ဍသည် အဓိကပါဝင်လျက် ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေး ကဏ္ဍကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း စိုက်ပျိုးရေး ကဏ္ဍတိုးတက်စေရန် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
တိုးတက်ချင်လျှင် ပြောင်းလဲရမည်ဖြစ်ပြီး အဓိကကျသည့် ပြုပြင် ပြောင်းလဲရေးတစ်ရပ်မှာ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရမည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ ထိုသို့ပြောင်းလဲရာတွင် အပြောလွယ်သော်လည်း အလုပ်ခက်ပါကြောင်း၊ တောင်သူလယ်သမား များအနေဖြင့် လက်တွေ့လုပ်ကိုင် ကြရသည့်အတွက် ထိုအခက်အခဲ များကို သိရှိပါကြောင်း၊ သို့သော် ထိုအခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲရမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ ပြောင်းလဲရန်လည်း မိမိတို့တွင် စွမ်းအားများ ရှိကြပါကြောင်း။

ထိုသို့ စက်မှုလယ်ယာသို့ကူးပြောင်းရာတွင် နိုင်ငံတော်က တောင်သူလယ်သမားများအတွက် နည်းပညာ၊ မျိုးစပါး၊ စက်ကိရိယာများစသည့် လိုအပ်ချက်များ ထောက်ပံ့ပေးသွားရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသည့် သီးနှံများသည်လည်း ဈေးကွက်ဝင် သီးနှံများဖြစ်ပြီး ကျေးလက်ကို ဈေးကွက်နှင့် မိတ်ဆက်ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ လယ်ယာကဏ္ဍတိုးတက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်နေကြသည့် တောင်သူလယ် သမားများအပါအဝင် အဘက်ဘက် က ဝိုင်းဝန်းဆောင်ရွက်ပေးကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဧည့်သည်တော်များ သည်JICA မှ ထောက်ပံ့ပေးအပ်သည့် လယ်ယာသုံးစက်ကိရိယာများအား လှည့်လည်ကြည့်ရှုကြပြီး အဆိုပါစံပြ စိုက်ခင်း၌ ကျင်းပသည့် ပုလဲသွယ် စပ်မျိုးစပါး တစ်ဆက်တစ်စပ်တည်း ဧက ၁ဝဝ ဝတ်မှုန်ကူးပွဲတော်ကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဒုတိယသမ္မတက ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ တာတရှိဟီဂူချိနှင့်JICA မှ မြန်မာ နိုင်ငံဌာနေကိုယ်စားလှယ် မစ္စတာ ကီချီရို နာကာ ဇာဝါတို့အား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ပြီး ဝတ်မှုန်ကူးပွဲတော်သို့ ပါဝင်တက် ရောက်ကြသည့် စိုက်ပျိုးရေးပညာရှင် များနှင့် တောင်သူလယ်သမားများအား စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတသည် အောင်သုခကျေးရွာရှိ ၂ဝ၁၅ခုနှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် လယ်ယာထူးချွန်ဆုရ တောင်သူဦးကျော်ဝင်း၏ အောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် ပုလဲသွယ် နွေစပါး စိုက်ခင်းများကိုလည်းကောင်း၊ တဲကြီးကုန်းကျေးရွာအနီးရှိ မြန်မာ နယူးဧရာကုမ္ပဏီ၏ တစ်ဆက်တစ်စပ် တည်း ပုလဲသွယ် စပ်မျိုးစပါး(F1) မျိုးစေ့ထုတ် ဧက ၁ဝဝစိုက်ခင်း၌ ဝတ်မှုန်ကူးပွဲတော် ဆောင်ရွက်နေမှု များကို လည်းကောင်း၊ အလျင်လို ကျေးရွာအနီးရှိ အောင်မြင်ဖြစ်ထွန်း လျက်ရှိသည့် တစ်ဆက်တစ်စပ်တည်း ပုလဲသွယ်စပ်မျိုးစပါး(င်္၁)မျိုးစေ့ထုတ် ဧက ၃၄၄ စိုက်ခင်းများကိုလည်း ကောင်း၊ ဇမ္ဗူသီရိမြို့နယ် ငလိုက်ဆည်ရေသောက်စနစ် လက်တံမြောင်း တစ်လျှောက်ရှိ ဖြစ်ထွန်းအောင်မြင် လျက်ရှိသော တစ်ဆက်တစ်စပ် တည်း နွေစပါးစိုက်ခင်းများကို လည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

နိုင်ငံတော်အစိုးရသစ် သက်တမ်း ကာလတစ်လျှောက်တွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ ပူးပေါင်းဆောင် ရွက်မှုများမှာ ၂ဝ၁၁ ခုနှစ်တွင် အရည်အသွေးပြည့်မီသော မျိုးစပါး ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ် ဖွံ့ဖြိုး ရေးစီမံကိန်း၊ ၂ဝ၁၂ ခုနှစ်တွင် အပူပိုင်းဇုန်ဒေသအတွင်း ရေချွေတာ သုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ၂ဝ၁၃ ခုနှစ်တွင် စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးကဏ္ဍရှိ လူသားအရင်း အမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ဌာနများ၏ အရည်အသွေးမြှင့်တင်ရေး စီမံကိန်းနှင့် အခွင့်အရေးနည်းပါးသော လယ်သမားများအတွက် စားနပ်ရိက္ခာ ဖူလုံရေးစီမံကိန်း၊ ၂ဝ၁၄ ခုနှစ်တွင် ပဲခူးအနောက်ခြမ်းဒေသ ဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း အဆင့်မြင့်စက်မှုလယ်ယာ စနစ် ဖော်ထုတ်၍ အကောင်အထည် ဖော်ဆောင်ရွက်မှုများမှာ ဒက္ခိဏ သီရိမြို့နယ်တွင် ၃၅၈၉ ဧက၊ ဇေယျာ သီရိမြို့နယ်တွင် ၅၂၅ ဒသမ ၇၆ ဧက၊ ဇမ္ဗူသီရိမြို့နယ်တွင် ၁ဝ၆၃ ဒသမ ၅၃ ဧက၊ ပုဗ္ဗသီရိမြို့နယ်တွင် ၁၄၈၂ ဧက၊ ပျဉ်းမနားမြို့နယ်တွင် ၁၃၂၁ ဧက၊ လယ်ဝေးမြို့နယ်တွင် ဧက ၇ဝဝ၊ ဥတ္တရသီရိမြို့နယ်တွင် ၅၇ ဧကနှင့် တပ်ကုန်းမြို့နယ်တွင် ၆၈၆ ဧက စုစုပေါင်း ၉၄၂၄ ဒသမ ၂၉ ဧကဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင်လည်း ဇေယျာသီရိမြို့နယ် တွင် ဧက ၁၁၅ဝ ၊ တပ်ကုန်းမြို့နယ် တွင် ဧက ၁၅ဝဝ ၊ ပျဉ်းမနားမြို့နယ် တွင် ဧက ၁၅ဝဝ နှင့် လယ်ဝေးမြို့နယ် တွင် ဧက ၂၈၅ဝ စုစုပေါင်း ဧက ၇ဝဝဝ ကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment