Saturday, May 2, 2015

ရမည်းသင်းမြို့ လူမှုထူးချွန်စာကြည့်တိုက်ပန်းချီသင်တန်းမှ သင်တန်းသား သင်တန်းသူများ လေ့လာရေးခရီးထွက်





ရမည်းသင်း မေ ၁

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ လူမှုထူးချွန်စာကြည့်တိုက် ကော်မတီက ကြီးမှူးဖွင့်လှစ်သော ဒုတိယအကြိမ်နွေရာသီ အခြေခံပန်းချီ သင်တန်းတွင် တက်ရောက်နေကြသော သင်တန်းသား၊ သင်တန်းသူများသည် ဧပြီ ၃ဝ ရက်က ရမည်းသင်းမြို့အရှေ့ဘက် ရှစ်မိုင်ခန့်တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် ရွှေမြင်တင်တောင်တော်မြတ်သို့ သွားရောက်လေ့လာ ကြကြောင်း သိရသည်။
ယင်းသို့သွားရောက်လေ့လာကြရာတွင် လူမှုထူးချွန်စာကြည့်တိုက် ကော်မတီမှ သင်တန်းတွင်တက်ရောက်ကြသော ကျောင်းသား ကျောင်းသူ များအား ရွှေမြင်တင်တောင်တော်မြတ်သမိုင်း၊ ခရီးစဉ်အတွေ့အကြုံစာစီစာကုံး ရေးသားနည်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာ
အချက်အလက်များ၊ သာသနိက အဆောက်အအုံများ၏ တည်ဆောက် ဖွဲ့စည်းမှူး၊ မြန်မာ့ရိုးရာနိပါတ်တော်ပန်းချီကားများအကြောင်း၊ ကြက်ခြေနီ အဖွဲ့၏ဦးတည်လုပ်ဆောင်ချက်၊ အစုအဖွဲ့လိုက်ခရီးသွားခြင်းနှင့် ဦးဆောင်မှု အတတ်ပညာစသည်တို့ကို ဟောပြောခြင်း၊ လက်တွေ့ပြသခြင်းတို့ကိုဆောင်ရွက်ပြီး ရွှေမြင်တင်တောင်တော်မြတ်မြောက်ဘက်တောင်ခြေရှိ ရှမ်းဘုရား များဝန်းကျင်တွင် လက်တွေ့ပန်းချီရေးဆွဲကြသည်။
ယင်းသို့ လက်တွေ့ရေးဆွဲကြသော ပန်းချီကားများထဲမှ လက်ရာ ကောင်းမွန်သောပုံများကို ဆုသတ်မှတ်၍ချီးမြှင့်သွားမည်ဟု သိရပြီး ယခုကဲ့သို့ လူမှုထူးချွန်စာကြည့်တိုက်ကော်မတီမှ ဦးစီးကာ နွေရာသီအခြေခံ ပန်းချီသင်တန်း ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား အခြေခံပန်းချီ ဘာသာရပ်အပြင် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော သိမှတ်ဖွယ်ရာ အဖြာဖြာ တို့ကို ဖြည့်စွက်၍ စိတ်ဓာတ်အခြေခံမြင့်မားခိုင်မာအောင် ဆောင်ရွက် သင်ကြားပေးသည့်အတွက် ကျောင်းသားမိဘများက ဝမ်းမြောက်ကြကြောင်း သိရသည်။
လှိုင်သန်းတင့်(ရမည်းသင်း)

No comments:

Post a Comment