Saturday, May 2, 2015

ပုဂံခေတ်လွန် လက်ရေးစင်းပါအုတ်များတူးဖော်ရာမှ ရှေးဟောင်းသာသနိကအဆောက်အအုံတစ်ခု တွေ့ရှိ





သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မင်းထက်

ရန်ကုန် မေ ၁

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ သာသနာ့ ဝေပုလ္လကျောင်းတိုက်အတွင်း၌ ခေတ်ကာလတိတိကျကျ ဖော်ပြနိုင်ခြင်းမရှိသေးသော ပုဂံခေတ်လွန်လက်ရေးစင်းပါအုတ်များ စတင်တူးဖော်တွေ့ရှိ ရာမှ ရှေးဟောင်းသာသနိက အဆောက်အအုံဟု ယူဆရသည့် အဆောက်အအုံတစ်ခုကို တွေ့ရှိသဖြင့် ဆက်လက် တူးဖော်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လက်ရေးစင်းပါ ပုဂံခတ်လွန်အုတ်များကို ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်က အဆိုပါ သာသနာ့ဝေပုလ္လကျောင်း တိုက်၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဒေဝိန္ဒ(ဓမ္မာစရိယ)က သက်တော် ၅ဝ ပြည့် မွေးနေ့အထိမ်း အမှတ် အနေဖြင့် ပေ ၅ဝ ပတ်လည် သိမ်ကျောင်းဆောက်လုပ်ရန် တူးဖော် ရှင်းလင်းစဉ် စတင်တွေ့ရှိခဲ့ခြင်းဖြစ် သည်။

ယခုအခါ လက်ရေးစင်းပါ အုတ်များကို မြန်မာနိုင်ငံရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဦးဆောင်ကြီးကြပ်မှုနှင့် အတူ လူထုအခြေပြု ခရီးသွားလုပ် ငန်းများကို ဆောင်ရွက်နေသည့် ဦးငြိမ်းချမ်း၏ အကူအညီဖြင့် တူး ဖော်ရေးအဖွဲ့ခေါင်းဆောင် ဦးစံဝင်း က ဧပြီ ၂၄ ရက်မှစတင်ကာ တူးဖော် လျက်ရှိသည်။
''ကျွန်တော် ဒီလက်ရေးစင်း အုတ်ကို တွေ့ရှိခဲ့တာက ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဇွန်လဆန်းပိုင်းလောက် ကဖြစ်မယ်။ ဒီကျောင်းမှာရှိတဲ့ ပေါ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ဖြစ်တဲ့ စိန်ဘုရားကို လာရောက်ဖူးမြော် ရင်းက စတင်တွေ့ရှိခဲ့တာပါ။ အဲဒီ မှာပဲ ကျောင်းထိုင်ဆရာတော်ကို ခွင့်တောင်းပြီး ဘုန်းဘုန်းဘုရား ဒီအုတ်တွေက မြန်မာနိုင်ငံရဲ့ ရှေး ဟောင်းကျတဲ့ ယဉ်ကျေးမှုအမွေ အနှစ်တွေဖြစ်တယ်။

ဒါကြောင့် လောလောဆယ် ပြတိုက်လေးဖွင့်ခွင့် ပေးပါဆိုပြီး အခုလိုပြတိုက်လေး ဖွင့်ပြခဲ့တာဖြစ်တယ်။ ဒီလက်ရေး စင်းအုတ်တွေကို တူးတာကတော့ မြန်မာနိုင်ငံရှေးဟောင်းသုတေသန နဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ဦးဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းက ဦးငြိမ်းချမ်းရဲ့ အကူအညီတွေနဲ့ အခု ဧပြီ ၂၄ ရက်က စတင်တူးခဲ့တာ ဖြစ်တယ်။ အခုတူးတဲ့ ငါးရက်မြောက် နေ့မှာပဲ လက်ရေးစင်းအုတ်တွေ ကိုတူးရင်း သာသနိကအဆောက် အအုံလို့ထင်ရတဲ့ ရှေးဟောင်းယဉ် ကျေးမှုအဆောက်အအုံပုံစံလို့ ခန့် မှန်းရတဲ့ အဆောက်အအုံကို တွေ့ နေတယ်။ တိတိကျကျကြီးတော့ ဘာကိုမှ ပြောလို့မရသေးဘူး။ ကျွန်တော်တို့တူးတဲ့ သတ်မှတ်ကာလ အတိုင်းအတာတစ်ခုအထိရောက်ရင် တော့ ပြောလို့ရမှာပါ။ ဒါကြောင့် တချို့ယူဆနေကြတဲ့ ပျူခေတ်ဆို တာကို လုံးဝပြောလို့မရသေးဘူး။ နမူနာကောက်ပြီး အနည်းဆုံး ပြည်ပနိုင်ငံ လေးနေရာလောက်ကို ပို့လွှတ် စမ်းသပ်ပြီးမှ ဘယ်ခေတ်၊ ဘယ် ကာလဆိုတာကို ပြောနိုင်မှာ ပါ''ဟု ပြောကြားခဲ့သည်။

ယခုတွေ့ရှိနေသော လက်ရေး စင်းအုတ်များသည် အထူပမာဏ ရှစ် မျိုးထက် မနည်းတွေ့ရှိနေပြီး ဘယ် ခေတ်၊ ဘယ်ကာလဆိုသည့် ယဉ် ကျေးမှု ခေတ်ကာလကို အတည်ပြော လို့မရသေးကြောင်း၊ ပုဂံခေတ်လွန် လက်ရေးစင်းပါ အုတ်များဟုသာ ယူဆရမည်ဖြစ်ကြောင်း သိရသည်။ ခုချိန်ထိ တူးဖော်ရာတွင် ကျိုးပဲ့နေ သည့် အုတ်ချပ်မျိုးစုံမြောက်မြားစွာ တွေ့ရှိနေသော်လည်း ပုံစံမပျက် လက်ရေးစင်းပါ အုတ်ချပ်သုံးခဲကို တွေ့ရှိထားပြီး ၎င်းလက်ရေးစင်းပါ အုတ်ချပ်များသည် အလျား ၄၈ စင်တီမီတာ၊ အနံ ၁၉ စင်တီမီတာ နှင့် ထု ၉ စင်တီမီတာ တိုင်းတာ တွေ့ရှိထားပြီးဖြစ်သည်။

''ကျွန်တော်က ဆရာဦးစံဝင်း တို့ကို လာရောက်ကူညီပေးတာပါ။ ခုလက်ရေးစင်းပါ အုတ်တွေတူးရင်း နဲ့ တိတိကျကျပြောလို့မရတဲ့ ရှေး ခေတ် သာသနိက အဆောက်အအုံ လို့ယူဆရတဲ့ အဆောက်အအုံတော့ ဖြစ်မယ်ထင် ပါတယ်။

ခုမှ ခြုံငုံမိရုံ လောက်ပဲရှိပါသေးတယ်။ အထဲမှာ လျှောက်လမ်းရှိမရှိ၊ မဟာတံတိုင်း ရှိမရှိ မသိသေးပါဘူး။ ပြောလို့ မရ သေးပါဘူး။ နောက်လေးပတ် လောက်ဆိုရင်တော့ အကြမ်းဖျဉ်း ပြောလို့ရမှာပါ''ဟု မြန်မာနိုင်ငံ ရှေး ဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ရန်ကုန် ဌာနခွဲ) မှ ဦးမြင့်အောင်(ဦးစီးအရာရှိ)က မြန်မာ့အလင်းသို့ ပြောကြားသည်။

ယခုတူးဖော်နေသည့် ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပိန္နဲကုန်း ကျေးရွာသာသနာ့ဝေပုလ္လ ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် လက်ရေးစင်းပါ အုတ်ချပ်များကို သက်ဆိုင်ရာ မြန်မာနိုင်ငံရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက မကြာသေးမီကမှ တူးဖော်ခွင့်ပြုထား၍ ယခုဧပြီ ၂၄ ရက်မှစတင်ကာ တူးဖော်ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ တူးဖော်ခွင့် ကာလကိုလည်း ခြောက်လအထိ ခွင့်ပြုထားပြီး နေ့စဉ်တူးဖော်နေသည့် လုပ်သားအင်အားမှာ တူးဖော်ရေး အဖွဲ့မှ လုပ်သားအင်အား ၂ဝ၊ မြန်မာနိုင်ငံရှေးဟောင်းသုတေသန ပညာအသင်းမှ ၁၂ ဦးတို့က တူးဖော် လျက်ရှိပြီး ရာခိုင်နှုန်း ၂ဝ ကျော် ပြီးစီးနေကြောင်း သိရသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment