Saturday, May 2, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ကဆန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့သည်ကား ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ယနေ့သည် ကဆုန်လပြည့်နေ့ဖြစ် ပါသည်။ ဤနေ့ဤအချိန်ခါရောက်ပြီဆိုလျှင် ကဆုန်ညောင်ရေ သွန်းပွဲတော်များ နိုင်ငံနှင့်အဝန်း ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပါ သည်။ စေတီ၊ ပုထိုးကျောင်းကန်အသီးသီးရှိ ဗောဓိညောင်ပင် တို့၌ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကို ပရိဘောဂစေတီ အဖြစ် မှတ်ယူရည်မြော်ကာ ညောင်ရေသွန်းလောင်းပွဲများ ကျင်းပ ခြင်းဖြစ်ပါသည်။
ဤကဆုန်လပြည့်နေ့သည်ကား ဗုဒ္ဓဘုရားရှင်၏ ထူးခြား ချက်ကြီးများ ဖြစ်ပေါ်သောနေ့ဖြစ်ပါသည်။ ဘုရားအလောင်း သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရားရှင်ထံမှ ဘုရား စင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ခံယူသောနေ့၊ ဘုရား အလောင်းသိဒ္ဓတ္ထအား ဖွားမြင်တော်မူသောနေ့၊ သစ္စာလေးပါး တရားကို သိမြင်တော်မူ၍ ဘုရားအဖြစ်သို့ရောက်ရှိတော်မူ သောနေ့၊ ဘုရားလောင်းနှင့်အတူ ဖွားဖက်တော်ဗောဓိပင်ပေါက် ရောက်တော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ တို့သည် ဤကဆုန်လပြည့်နေ့ပင် ဖြစ်ပါသည်။ ထို့ကြောင့်လည်း စာဆိုရှင် တို့က ''ကဆုန်လပြည့်ဗုဒ္ဓနေ့''ဟု ချီးကျူးဂုဏ်ပြု ရေးဖွဲ့ကြခြင်း ဖြစ်ပါသည်။
ဘုရားပွင့်တော်မူခါနီးတွင် သူဌေးသမီးသုဇာတာသည် ဘုရားပွင့်ထွန်းတော်မူမည့် ဗောဓိညောင်ပင် ကြီးသို့သွားရောက် ကာ ''ကျွန်မအရွယ်ရောက်၍ အမျိုးသားကောင်းနှင့်အိမ်ထောင် ပြုရလျှင် သားဦးဖွားမြင် ပါစေ''ဟူ၍ ဆုတောင်းခဲ့သည်။ ဆုတောင်းသည့်တိုင်း သားဦးရတနာဖွားမြင်၍ ကဆုန်လပြည့် နေ့တွင် ပူဇော်ပွဲပြုလုပ်လေသည်။ သူဌေးသမီးသုဇာတာသည် ဂေါတမဘုရားရှင် ဘုရားဖြစ်လုဆဲဆဲအချိန်၌ ဃနာနို့ဆွမ်းကို မဟာသက္ကရာဇ် ၁ဝ၃ ခု ကဆုန်လပြည့်နေ့တွင် လှူဒါန်းခဲ့ပေသည်။
ဤသည်ကိုအကြောင်းပြုလျက် ဗုဒ္ဓဘာသာဝင်အပေါင်း တို့က ဤကဆုန်လပြည့်နေ့ဝယ် ပန်း၊ နံ့သာ၊ ဆွမ်း၊ ဆီမီး အစရှိသည်တို့နှင့်အတူ ပရိဘောဂစေတီမြတ် ဗောဓိညောင်ပင် ကြီး အဓွန့်ရှည်ကြာတည်တံ့ရှင်သန်စေသော ဆန္ဒမွန်များဖြင့် လိုအပ်သောဆုများတောင်းကြ၍ ညောင်ရေသွန်းလောင်းကြခြင်း ဖြစ်ပါသည်။
ညောင်ရေသွန်းလောင်းပူဇော်ရာတွင် ''ဇယောဟိ ဗုဒ္ဓဿ သီရိမတောအယံ'' စမောဂါထာတော်ကို ရွတ်ဆိုကြ၍ သွန်း လောင်းပူဇော်ကြလေ့ရှိပါသည်။ ဂါထာတော်၏ အဓိပ္ပာယ်ကား ဤပွဲတော်သည် ဗုဒ္ဓဘုရားရှင်၏ အောင်ပွဲသဘင်ဖြစ်ခြင်း၊ မာရ်နတ်ကိုအောင်ပွဲခံခြင်း၊ ဤကဆုန်လပြည့်နေ့တွင် နတ်၊ နဂါး၊ ဂဠုန်၊ ဗြဟ္မာအပေါင်းတို့သည် မာရ်နတ်ကိုအောင်ပွဲခံ၍ ဘုရားရှင်အား ပူဇော်ခြင်းဆိုသည့် သဘောဖြစ်ပါသည်။ ထို့ကြောင့် ဤကဆုန်လပြည့်နေ့သည်ကား ထူးခြားသောနေ့ ပင်ဖြစ်ပါသည်။ သို့ပါ၍ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ဘုရားရှင်၏ ပရိဘောဂစေတီကို ရည်မြော်ကာ စေတီပုထိုး၊ ကျောင်းကန်များရှိ ဗောဓိပင်တို့၌ ညောင်ရေသွန်းလောင်းပွဲတော်ကို တပျော်တပါးဆင်နွှဲနိုင်ကြမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment