Saturday, May 2, 2015

အတုလမာရဇိန် ကြေးသွန်းဘုရားကြီး ရှေးမူမပျက်ပြုပြင်ထိန်းသိမ်း




ညောင်တုန်း မေ ၁

လွန်ခဲ့သောနှစ်ပေါင်း ၁၂၄ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၅၃ ခုနှစ်) က ညောင်တုန်းမြို့ ယာမာကျောင်း တိုက် ဆရာတော်ဦးစန္ဒဝရက ညောင် တုန်းမှ ဒါယကာ ဒါယိကာ မများ၏ စေတနာထက်သန်စွာ ပါဝင်လှူဒါန်း မှုဖြင့် ကြေးချိန် ၅၂၄၆ ပိဿာဖြင့် ဥာဏ်တော်အမြင့် ကိုးတောင် နှစ်မိုက် ကြေးသွန်းဘုရားကြီးကို သွန်းလောင်းတော်မူပြီး ခြောက် တောင်အမြင့်ရှိသော ပလ္လင်ပေါ်သို့ ပင့်ဆောင်ကာ ၇၅ တောင်မြင့်သော ဂန္ဓကုဋိတိုက်ကြီးကို တည်ဆောက် ပူဇော်ခဲ့သည်။

ထို့နောက် အတောင် ၂ဝ ပတ် လည် အုတ်တိုင်ကြီးများ အပါအဝင် အုတ်တိုင်ပေါင်း ၂၅၆ တိုင်ပါဝင်သော တန်ဆောင်းတော် ကြီးတွင် အရန်ဘုံ ၁၂ ဆောင်၊ ဘုံနိမ့်ဆောင် ၁၄ ဆောင်ကိုရှေးမြန်မာ့ လက်ရာများဖြင့် တည်ဆောက်ထားသော တန်ဆောင်း တော်ကြီးသည် မြန်မာနိုင်ငံရှိ အကြီး မားဆုံးသော တန်ဆောင်းတော်ကြီး များအနက် တစ်ခုအပါအဝင်ဖြစ် ကြောင်း သိရသည်။

အဆိုပါ တန်ဆောင်းတော်ကြီး ၏ ဘုံဆောင်များမှ အမိုး၊ ပန်းဆွဲများ၊ နှစ်ကာလကြာရှည်ပြီ ဖြစ်သည့် အတွက် ပျက်စီးလာသဖြင့် ယခု ဂေါပကအဖွဲ့က ညောင်တုန်းမြို့ ရွှေဟင်္သာ တောရကျောင်းတိုက်မှ ဆရာတော်ကြီးများ၏ သြဝါဒခံယူကာ ဘုံဆောင်အမိုးပန်းဆွဲ အသစ်များဖြင့် မှန်မှန်ကန်ကန်ရှေးမူမပျက် စနစ် တကျ ပြင်ဆင်နေမှုကြောင့် စေတနာ သဒ္ဓါထက်သန်စွာ ပါဝင်လှူဒါန်း လျက်ရှိရာ ပြင်ဆင်ရေးလုပ်ငန်းများ ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင် လျက်ရှိကြောင်း သိရသည်။

'' ကျွန်တော်တို့ ညောင်တုန်းမြို့ က သွန်းဘုရားကြီး တန်ဆောင်းတော် ကြီး ဘုံဆောင်အမိုး ပန်းဆွဲတွေကို ရှေးမူမပျက် စနစ်တကျပြင်ဆင်နေ တာကြောင့် လှူဒါန်းသူများပြားလာ တဲ့အပြင် ဆရာတော်၊ သံဃာတော် များပါ ပါဝင်လှူဒါန်းကြပါတယ်။ ညောင်တုန်းမြို့ ရွှေဟင်္သာတောရ ကျောင်းတိုက် ဗောဓိကျောင်း ဆရာတော် ဘဒ္ဓန္တယုဂန္ဒရာဘိဝံသ ကိုယ်တော်တိုင် ငွေကျပ် သိန်း ၆ဝ လှူဒါန်းထားပါတယ်။ အောင်အောင် မြင်မြင်ပြုပြင်တာကို တစ်စုံတစ် ယောက်သောပုဂ္ဂိုလ်က အတွင်းက တိုင်တွေမှာ မှန်စီရွှေချထားတွေကို ခွာချပြီး အိမ်သာမှာကပ်တဲ့ကြွေပြားတွေကပ်နေတယ်ဆိုပြီး ဖေ့စ်ဘုတ်မှာ မဟုတ်မမှန် ရေးသားထားတာကို တွေ့ရတော့ ကျွန်တော်တို့အတော့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီ တန်ဆောင်းတော်ကြီးမှာ အုတ်တိုင် ပေါင်း ၂၅၆တိုင်ရှိပါတယ်။ ဂန္ဓကုဋိ တိုက်ရှေ့က အုတ်တိုင်ကြီးနှစ်တိုင် ကို သဇင်ရေကျော်ရွာက အလှူရှင် တွေက မှန်စီရွှေချလှူဒါန်းသွားတာလို့ ကျွန်တော်တို့အဖေ ဦးထွန်းကပြော ဖူးပါတယ်။ အုတ်တိုင်အားလုံးကို မှန်စီရွှေချမလုပ်နိုင်ခဲ့ပါဘူး။ အဲဒီ တုန်းက အလှူရှင်ရှိသရွေ့သာ အုတ် တိုင်တချို့ကို မှန်စီရွှေချနိုင်ခဲ့တာပါ။ နှစ်ကြာတော့ တချို့အုတ်တိုင်တွေ ကွာကျစဉ် ကြွေပြားကပ်ခဲ့ကြတာပါ။
ဘုရားတန်ဆောင်းမှာကပ်တဲ့ကြွေပြား ကိုအိမ်သာကပ်တဲ့ကြွေပြားလို့ သုံး နှုန်းဖို့မသင့်တော်ပါဘူး။ ဖေ့စ်ဘုတ်က မမှန်သတင်းကို ဂျာနယ်အချို့က လည်း ဆောင်းပါးတွေမှာ ထပ်ရေး တာကိုတွေ့ရတော့ ပိုပြီးစိတ်မကောင်း ဖြစ်ရပါတယ်''ဟု အမှတ်(၂) ရပ်ကွက် ၂၃ လမ်းနေ အငြိမ်းစားကျောင်း ဆရာဦးဝင်းမောင်က ပြောသည်။

ညောင်တုန်းမြို့ အတုလမာရဇိန် သွန်းဘုရားကြီး တန်ဆောင်းတော် ကြီး ဘုံဆောင်အားလုံးမှ အမိုးပန်းဆွဲ များကို ဦးမောင်မောင်လွင်၊ ဦးမှုံကြီး၊ ဦးမျိုးအောင်၊ ဦးယဉ်လှတို့ ပါဝင်သော ဂေါပကအဖွဲ့ကပညာရှင်များဖြင့် ရှေးမူ မပျက်အမိုးပန်းဆွဲ အသစ်များပြန် လည်ပြင်ဆင်လျက်ရှိရာ ညောင်တုန်း မြို့နေရဟန်းရှင်လူပြည်သူများက ပီတိ ဖြစ်ကာသာဓုခေါ်လျက်ရှိကြကြောင်း သိရသည်။ နေလင်း(ညောင်တုန်း)

No comments:

Post a Comment