Friday, May 1, 2015

ဆင်ပေါင်ဝဲမြို့နယ် အင်းမရွာတွင်လူနေအိမ် ၄၃ လုံး မီးလောင်ဆုံးရှုံး





ဆင်ပေါင်ဝဲ ဧပြီ ၃ဝ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် အင်းမရွာတွင် ဧပြီ ၂၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ကျေးရွာလူနေအိမ် ၄၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၉ နာရီခွဲက အင်းမကျေးရွာနေ မသူဇာ (၂၇)နှစ်၏ နေအိမ်မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သို့ မီးစတင် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူကျေးရွာသားများစုစုပေါင်းအင်အား ၃ဝဝ ခန့်တို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၁၁ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ထိုကျေးရွာရှိ သုံးပင်ပတ်လည်၊ သက်ငယ်မိုး၊ ထရံကာ၊ဝါးကြမ်းခင်း နေအိမ် ၃၇ လုံး၊ လေးပင်ပတ်လည် သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ နေအိမ်ခြောက်လုံး စုစုပေါင်း နေအိမ် ၄၃ လုံး မီးလောင်ခဲ့ပြီး မီး လောင်မှုနှင့်ပတ်သက်၍ မသူဇာအား ဆင်ပေါင်ဝဲမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
(ကျော်ဇေယျ)

No comments:

Post a Comment