Friday, May 1, 2015

ဒေသခံလူငယ်များ၊ ရော်ဘာစိုက်ပျိုးသူများအတွက် မြန်မာနိုင်ငံ၌ ပထမဆုံးရော်ဘာစေးသန့်စင်စက်ရုံ








သတင်း-မောင်မောင်မြင့်ဆွေ ၊ ဓာတ်ပုံ-တင်စိုး(မြန်/လင်း)

ရန်ကုန် ဧပြီ ၃ဝ

စိမ်းညို့နေသော ရော်ဘာစိုက်ခင်းများကို တနင်္သာရီတိုင်းဒေသကြီးတွင် ကားလမ်းဘေးဝဲယာတစ်လျှောက်နှင့် တောင်ကုန်းတောင်ကြောများ၌ မြင်တွေ့ ရသည်။ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှုဒုတိယအများဆုံးမှာ တနင်္သာရီ တိုင်းဒေသကြီးဖြစ်ပြီး ပထမအများဆုံးစိုက်ပျိုးမှုမှာ မွန်ပြည်နယ်ဖြစ်သည်။ ယခု တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး ဖြစ်သော ရော်ဘာစေးသန့်စင်စက်ရုံကိုတည်ဆောက်ထားပြီဖြစ်ရာ မကြာမီ ကာလအတွင်း ပြီးစီးတော့မည်ဖြစ်သည်။

''အခုလို ရော်ဘာစေးသန့်စင်စက်ရုံ ကျွန်တော်တို့ဆီမှာလာတည်ဆောက် တာ အလွန်ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အပါအဝင် ရော်ဘာစိုက်ပျိုးသူတွေဟာ ရော်ဘာထုတ်လုပ်ရောင်းချတဲ့အခါ အခက်အခဲ အများကြီး ကြုံတွေ့ရပါတယ်။ အခုဒီစက်ရုံကြောင့် ရော်ဘာစေးကို ထုတ်ယူပြီး တိုက်ရိုက်ရောင်းချလို့ရသွားတာကြောင့် ဖြစ်ပါတယ်''ဟု ဒေသခံ ရော်ဘာ စိုက်ပျိုးသူ ဦးသန်းမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ရော်ဘာသန့်စင်စက်ရုံကို တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် ပုလော မြို့နယ် အုတ်ချောင်းရွာအနီးတွင် မြန်မာ-ထိုင်းရော်ဘာဂျွိုင်းကုမ္ပဏီက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က ခွင့်ပြုမှုဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တစ်နှစ်အတွင်း အပြီး တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း သယ်ယူပို့ဆောင်ရေးအခက်ခဲ၊ စက် ပစ္စည်းအစုံ အလင်အချိန်မီမရောက် ခြင်းတို့ကြောင့် လာမည့်နိုဝင်ဘာလ တွင် အပြီးတည်ဆောက်သွားမည် ဖြစ်သည်။

ယခုရော်ဘာသန့်စင်စက်ရုံတွင် တပ်ဆင်သည့် စက်အင်အားသည် ၁ဝ ယူနစ်ဖြစ်ရာ ရော်ဘာကုန်ကြမ်း အလုံအလောက်ရရှိပါက တစ်လလျှင် ကုန်ချောတန်ချိန် ၅ဝဝ ခန့် ထုတ်လုပ် နိုင်မည်ဖြစ်သည်။ လောလောဆယ် တွင် ဒေသခံလူငယ် ၁၂ဝ အား အလုပ်အကိုင်များခန့်ပေးထားသည်။

ဒေသခံလူငယ်များမှာ အနီး ဝန်းကျင်ရှိ စက်တော်ရာရွာ၊ မီးလောင် ချောင်းရွာ၊ ကြဲကျေးရွာ၊ သဲပုံကျေးရွာ နှင့် ဘုတ်ချောင်းရွာတို့မှဖြစ်ပြီး ရော်ဘာ စေးသန့်စင်စက်ရုံ တည်ဆောက် ပြီးစီးပါက ဒေသခံလူငယ်များကို ထပ်မံ တိုးမြှင့်ခန့်ထားပေးသွားရန် အစီအစဉ်ရှိရာ ဒေသခံလူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်း သစ်များ ပေါ်ထွက်လာမည် ဖြစ် သည်။

တစ်ဖန် တနင်္သာရီတိုင်းဒေသကြီး တွင် ရော်ဘာစိုက်ဧက လေးသိန်းခန့် ရှိနေရာ ရော်ဘာစိုက်ပျိုးသူများ အနေဖြင့် မိမိတို့ ရော်ဘာစိုက်ခင်းမှ ထွက်ရှိသော ရော်ဘာစေးများကို အရည်အသွေး ထိန်းသိမ်းရခြင်း၊ ရော်ဘာပြားပြုလုပ်ရခြင်းနှင့် ဈေးကွက် သို့ တင်ပို့ရောင်းချရခြင်းများကို ဆောင်ရွက်စရာ မလိုတော့ဘဲ ရော်ဘာစေးအတိုင်းကို စက်ရုံသို့ သွားရောက် ရောင်းချနိုင်တော့မည် ဖြစ်သည်။
''ကျွန်တော်တို့ ကိုယ်တိုင် ရော်ဘာပြားပြုလုပ်ပြီး ရောင်းချတာနဲ့ အခုလို ရော်ဘာစေးအဆင့်မှာပဲ ရောင်းချတာကိုတွက်ကြည့်ရင် အစေး အတိုင်းရောင်းတာက ရော်ဘာတစ် ပိဿာကို ငွေကျပ် ၃ဝဝလောက် ပိုရ တာမို့ ကျွန်တော်တို့အတွက် အချိန် မကုန်၊ လူမပန်းဘဲ အကျိုးအမြတ် လည်းပိုရတာမို့ ရော်ဘာစိုက်သူတွေ ပိုပြီး သဘောကျနေပါတယ်'' ဟု ပုလောမြို့မှ ရော်ဘာစိုက်ပျိုးသူ ဦးအောင်သန်းက ပြောသည်။

တနင်္သာရီ တိုင်းဒေသကြီးတွင် ရှိ သော ရော်ဘာစိုက်ပျိုးသူများဘဝတိုးတက်လာစေရန်နှင့် ဒေသခံ လူငယ်များ အလုပ်အကိုင်ရရှိစေ သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ရော်ဘာစေးသန့်စင်စက်ရုံမှာ လက်ရှိ အချိန်၌ ရော်ဘာစေးသန့်စင်မှုများ စမ်းသပ်ပြုလုပ်နေပြီး စက်တပ်ဆင်မှု အားလုံးပြည့်စုံပြီးစီးပါက စက် စွမ်းအားပြည့်လည်ပတ်နိုင်ပြီး ဒေသ ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင် တော့မည်ဖြစ်သည်။
''ဒီစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ လူငယ်တွေကအရင်ကဆိုရင် ထိုင်း နိုင်ငံဘက်မှာသွားလုပ်ကြတာ၊ အခု ဒီစက်ရုံ တည်ဆောက်လိုက်တော့ ဒေသခံလူငယ်တွေ ပြန်လာကြပြီး အခုလိုကိုယ့်နိုင်ငံတွင်းမှာရှိတဲ့ ဒီ စက်ရုံမှာပဲ လာလုပ်ကြတော့တာပဲ။ သူတို့ အဆင်ပြေသွားတာပေါ့''ဟု မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းသန်း အောင်က ပြောသည်။

ဒေသခံလူငယ်များအတွက် မိမိ ဒေသတွင်သာ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအတွက်လည်းအကျိုး ဖြစ်ထွန်းစေကာ ဒေသဖွံ့ဖြိုးရေး အတွက်ပါ အထောက်အကူပြုစေ မည့် ဆောင်ရွက်မှုပင်ဖြစ်သည်။
(မြန်မာ့အလင်း)

No comments:

Post a Comment