ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်
ဂျူဗင်တပ်တိုက်စစ်မှူး တိဗက်ဇ်အား အထူးသတိထားကာကစားသင့်သည်ဟု
ဘာကာအသင်းဖော်များအား အကြံပြုပြောကြားခဲ့သည်။ တိဗက်ဇ်မှာ
လက်ရှိတွင်အကောင်းဆုံးပုံစံပြန်ရနေပြီး ဘောလုံးရရှိရန် ကွင်းလယ်အထိ ဆင်းကာ
အတက်အဆင်းပြုလုပ်၍ ကစားနိုင်ခဲ့သလို
တွဲဖက်တိုက်စစ်မှူးမိုရာတာဂိုးသွင်းခွင့်ရရှိရန်အတွက်လည်း အယောင်ပြကစားကွက်
ဖန်တီးပေးမှုများကို ထိထိရောက်ရောက်ပြုလုပ်ပေးနိုင်ခဲ့သည်။
ထို့ကြောင့် မက်ဆီက ဘာစီလိုနာမှာ ဂျူဗင်တပ်ထက် ဗိုလ်စွဲရန်ပိုမိုရေပန်းစားနေသော်လည်း ဂျူဗင်၌ တိဗက်ဇ်ကဲ့သို့ အရည်အသွေးမြင့်ကစားသမားကောင်းများစွာရှိနေရာ ပွဲအစအဆုံး အာရုံ စူးစိုက်မှုအပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားရန် အသင်းဖော်များအား သတိပေးစကားပြောကြား ခဲ့ခြင်းဖြစ်သည်။
မက်ဆီက '' ကျွန်တော်တို့ တကယ့်ကိုခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတော့မှာပါ။ ဂျူဗင်တပ် က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပြည့်ရှိတဲ့အသင်းဖြစ်ပြီး တိဗက်ဇ်တို့လို ထိပ်တန်းကစားသမားမျိုးလည်း ပိုင်ဆိုင်ထားပါတယ်။ ဗိုလ်လုပွဲမှာ ဘာမဆိုဖြစ်သွားနိုင်ပြီး ဘာကာအနေနဲ့ သတိထားရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကာအနေနဲ့လည်းပြုလုပ်နေကျအတိုင်း အသေးစိတ်ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့အတွက် စိုးရိမ်ပူပန်မှုတော့ကြီးကြီးမားမား မခံစားရပါဘူး '' ဟုပြောကြားခဲ့သည်။
တိုက်စစ်မှူးတိဗက်ဇ်က ဘာစီလိုနာကို အနိုင်ရရန်မှာ ပြည့်စုံသည့်စံနှုန်းထက်ကျော်လွန်သည့် သတ်မှတ်ချက်တစ်ခု ပိုင်ဆိုင်မှသာ ဖြစ်နိုင်မည်ဟု ပြိုင်ဘက်အသင်းအား ချီးကျူးစကားဆိုခဲ့သည်။
လာမည့် ဇွန် ၆ ရက်တွင် ဘာလင်၌ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘာစီလိုနာနှင့် ဂျူဗင်တပ်တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရွိုင်ယန်ဟေဒင် စုစည်းသည်

No comments:
Post a Comment