Saturday, May 2, 2015

ကြေးမုံ စာတည်းရှုထောင့်





ထူးမြတ်သည့် ဗုဒ္ဓအဆုံးအမကိုခံယူ


မြန်မာတို့၏ လတကာတွင် အမြတ်ဆုံးလသည် ကဆုန်လဖြစ်သည်။ ထိုကဆုန်လတွင် ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့သည် အမြတ်ဆုံး နေ့တစ်နေ့ဖြစ်သည်။ ထိုသို့ထူးမြတ်ကြောင်း အသိအမှတ်ပြုကြရာတွင် အကြောင်းတရား ငါးပါးရှိသည်။

ယင်းတို့မှာ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ ဒီပင်္ကရာ ဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်ခံယူ ရရှိသည့်နေ့၊ ဂေါတမဗုဒ္ဓဖြစ်လာမည့် ဘုရားအလောင်းတော် ဖွားမြင်တော်မူသည့်နေ့၊ ဘုရားအလောင်းသိဒ္ဓတ္ထမင်းသား သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့၊ ဘုရားအလောင်းနှင့်အတူ ဖွားဖက်တော် ဗောဓိပင်ပေါက်ရောက်တော်မူသောနေ့၊ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့၊ ဤထူးမြတ်သော အကြောင်းငါးပါးတို့ ယနေ့ကဆုန်လပြည့်နေ့တွင် ပေါင်းဆုံဖြစ်တည်နေသောကြောင့် လတကာ၊ နေ့တကာတို့တွင် အထူးမြတ်ဆုံးဟု ဆိုရခြင်းဖြစ်သည်။

ထိုသို့ဆိုကြသည့်အတိုင်း ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးကောင်းသားအပေါင်းတို့က ထိုနေ့ထိုရက်တွင် မြတ်စွာဘုရားရှင်အား ရည်မှန်းကော်ရော် ပူဇော်အထူးတို့ကို ပြုကြသည်။ ထိုနေ့တွင် မြန်မာပြည်တစ်ဝန်းလုံး၌ ကုသိုလ်ကောင်းမှုတို့ဖြင့် စည်ပြောဝေဆာနေတော့သည်။ ထို့ကြောင့် ယနေ့သည် လူသာဓု၊ နတ်သာဓုခေါ်ဆိုရမည့် နေ့ထူးနေ့ရက်ဖြစ်သည်။

ကျွန်ုပ်တို့သည် ဤသို့ကုသိုလ်ကောင်းမှုများ ပြုကြရုံနှင့်မပြီးသေးချေ။ ဗုဒ္ဓဘုရားရှင်အလောင်းတော်ဘဝ နိယတဗျာဒိတ်မခံယူမီအချိန် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့ရသည့် ပါရမီများ၊ ဗုဒ္ဓ၏အမြတ်ဆုံးသော တရားဖြစ်သည့် သစ္စာလေးပါးတို့ကိုလည်း သေချာစွာပိုင်းခြားသိမြင်ကြရ မည်ဖြစ်ပါသည်။ ယနေ့ကာလ၌ ပို၍အရေးကြီးသည့် သိရှိရမည့်အချက်မှာ စစ်မှန်သော ဗုဒ္ဓဝါဒဖြစ်ပါသည်။
ဗုဒ္ဓဝါဒ၏အခြေခံမှာ မေတ္တာတရားဖြစ်သည်ကို ဘာသာတိုင်း၊ လူမျိုးတိုင်းက သိရှိနားလည်ထားကြပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်များကပို၍ သိရှိနားလည်ကြရမည်ဖြစ်ပါသည်။ မေတ္တာတရားမှ နားမလည်လျှင် ပါရမီဆယ်ပါး အပြားသုံးဆယ်၊ သစ္စာလေးပါးတို့ကိုမူ ပို၍နားလည်ကြလိမ့်မည် မဟုတ်ချေ။ ဗုဒ္ဓ၏ထူးကဲမှုကို သက်ဝင်ယုံကြည်ပါလျှင် ကြည်ညိုရုံဖြင့်မပြီးဘဲ စစ်မှန်သော ဗုဒ္ဓဝါဒအတိုင်း အစဉ်အမြဲအားထုတ်ကြရပါမည်။
ဗုဒ္ဓဝါဒသည် ''ပစ္စတ္တံဝေဒိတဗ္ဗော'' ဟူသော တရားတော်၏ဂုဏ်ပုဒ်အရ မိမိပညာဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်ပြီးမှ လက်ခံယုံကြည်ရမည့် ဝါဒဖြစ်ပါသည်။ အင်္ဂုတ္တရနိကာယ်၌ ဗုဒ္ဓဘုရားရှင်သည် ကာလာမအမျိုးသားတို့အား မည်သည့်အရာကိုမှ မျက်စိမှိတ်၍ လက်ခံခြင်းမပြုဘဲ အကောင်းအဆိုး အကျိုးအပြစ် ဝေဖန်စိစစ်ပြီးမှ လက်ခံယုံကြည်ကြရန် ဟောကြားထားပါသည်။

မဇ္ဈိမနိကာယ် မဟာတဏှာ သင်္ခယသုတ်၌ ဘုရားရှင်သည် ရဟန်းတို့အား တရားဟောပြီးနောက်''ရဟန်းတို့ သင်တို့သည် ငါဘုရားကို ကြည်ညို သောကြောင့်မဟုတ်ဘဲ ငါဘုရား၏စကားကို အထပ်ထပ်ဆင်ခြင်သုံးသပ်ပြီး နှစ်သက်သောကြောင့်သာ လက်ခံယုံကြည်ကြသည် မဟုတ်ပါလော'' ဟု မေးတော်မူကြောင်း ပါရှိပါသည်။ မြတ်စွာဘုရားရှင်၏ အမေးစကားနှင့်အညီ ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကလည်း မြတ်စွာဘုရား၏တရားများကို အထပ်ထပ်ဆင်ခြင်သုံးသပ်ပြီး ကျင့်ကြံအားထုတ်ကြရမည်ဖြစ်သည်။ ဗုဒ္ဓဝါဒနှင့်ညီညွတ်ခြင်း ရှိ၊ မရှိ၊ ပကတိအရှိတရားနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ သတိပြုကြရမည်ဖြစ်သည်။

အမှန်စင်စစ် ဘုရားရှင်သည် စဉ်းစားဆင်ခြင်မှုနှင့် ဝေဖန်သုံးသပ်မှု ကင်းသော ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ ယုံကြည်ကိုးကွယ်ခြင်းမျိုးကို လိုလားတော်မူခြင်း မရှိချေ။ ဗုဒ္ဓဘာသာတရားသည် သိမ်မွေ့နက်နဲသောကြောင့် စေ့ငုသေချာစွာ လေ့လာခြင်းမပြုပါက မိမိရရ သိရှိနားလည်ရန် ခဲယဉ်းသည်။ သေချာစွာ လေ့လာပြီးပါက မွန်မြတ်သော လူ့ဘောင်လောက၊ မွန်မြတ်သော လူသားများဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ဗုဒ္ဓအလိုအရ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ သေချာစွာ ဝေဖန် ပိုင်းခြားသုံးသပ်ဆင်ခြင်နိုင်သူဖြစ်အောင် အားထုတ်ကြမှသာ ပြည့်စုံစစ်မှန်သော ဗုဒ္ဓဓမ္မကို ရရှိနိုင်မည်ဖြစ်ပါသည်။ ။

No comments:

Post a Comment