Saturday, May 2, 2015

မန်မာ့ယဉ်ကျေးမှုပြယုဂ်ကို ထင်ဟပ်စေမည့် မလေးရှားနိုင်ငံမှ မြန်မာ့ပန်းချီလက်ရာပြပွဲ





ခင်ဇာလီ

မြန်မာ့နိုင်ငံမှ ပန်းချီအနုပညာရှင် ၁၁ ဦး ရေးဆွဲထားသည့် မြန်မာ့ပန်းချီလက်ရာပြပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ The Edge Gallery တွင် ဧပြီ ၂၂ ရက်မှ စတင်ကာ ပြသနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲကို ECM Libra Group ဥက္ကဋ္ဌ Datuk Seri Kalimullah Hassan နှင့် The Edge Media Group ဥက္ကဋ္ဌ Datuk Tong Kooi Ong တို့ ပူးပေါင်းဖွင့်လှစ်ခဲ့ ခြင်းဖြစ်သည်။
ယင်းပြပွဲတွင် ပန်းချီအနုပညာကို တန်ဖိုးထားပြီး ပန်းချီကားများကို ဝယ်ယူစုဆောင်းတတ်သူ Perak နယ်မှ ဆူလတန်ဘုရင် Nazrin Muizzuddin Shah အပါအဝင် တာဝန်ရှိသူများ၊ ပန်းချီပညာရှင်များ တက်ရောက်ခဲ့ကြသည်။
''အနုပညာဆိုတာ ကျွန်တော်တို့ တွေ့မြင်နေရတဲ့ မြင်ကွင်းတွေကို ကျော်လွန်ပြီးတော့ အတွေးအမြင်သစ် တွေကိုနိုးထစေတယ်။ အာရုံတွေကို လှုံ့ဆော်ပေးပါတယ်။ နိုင်ငံတိုင်းနိုင်ငံ တိုင်းမှာ ထူးခြားတဲ့ကြန်အင်လက္ခဏာ တွေရှိတယ်။ ဒါတွေကို ဖော်ထုတ် ပြသခြင်းဟာ အနုပညာရှင်ကိုယ် တိုင်ရဲ့ မျှော်လင့်ချက်ဖြစ်သလို တိုင်းပြည်ရဲ့ မျှော်လင့်ချက်အသက်ဝိညာဉ် ပဲဖြစ်တယ်'' ဟု ဆူလတန်ဘုရင် Nazrin က ပြောကြားခဲ့သည်။
ပြပွဲစီစဉ်သူတစ်ဦးဖြစ်သူ Kalimullah က ''ကျွန်တော် ဒီပြပွဲကို စီစဉ်ဖြစ်တာက ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေးစနစ်ရဲ့ အကျိုးဆက်အရ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံက ယဉ်ကျေးမှု တူညီပါတယ်။ မကြာ သေးမီနှစ်များအတွင်းက မလေးရှား နိုင်ငံရဲ့ အနုပညာမြင်ကွင်းဟာ သိသိသာသာဖွံ့ဖြိုးခဲ့ပါတယ်။ ပန်းချီ ပြပွဲတွေ၊ လေလံပွဲတွေ ပုံမှန်လုပ်တဲ့ အပြင် ပြင်ပကအနုပညာရှင်တွေကို ကမ်းလှမ်းခဲ့တဲ့အတွက် အနုပညာ ရှင်တွေရဲ့ အခွင့်အလမ်းကို ပိုမိုပေး စွမ်းနိုင်ခဲ့ပါတယ်။ အခုလို အာရှမှာ အနုပညာလက်ရာပြပွဲတွေ ကျယ် ကျယ်ပြန့်ပြန့် ပြုလုပ်လာနိုင်ခြင်း ဟာ ပညာရှင်တွေသာမက လုပ်ငန်း ရှင်တွေအတွက်ပါ မြင်ကွင်းတွေ ကျယ်စေပါတယ်။ ပြီးတော့ ဒီပွဲက ရတဲ့ အကျိုးအမြတ်တွေကို လမ်းပေါ် ရောက် ကလေးတွေအတွက် ပရဟိတ ရန်ပုံငွေအဖြစ် လှူဒါန်းသွားမှာပါ'' ဟုပြောပြခဲ့သည်။
''အနုပညာသည် ဘာသာစကား၊ လူတန်းစား၊ ယဉ်ကျေးမှုများကွဲပြား စေကာမူ အနုပညာမှ တစ်ဆင့် နိုင်ငံတိုင်း နိုင်ငံတိုင်းကို ပေါင်းကူးစေနိုင်ပါ တယ်။ ဒါကြောင့် မြန်မာနိုင်ငံက ပန်းချီ အနုပညာရှင်တွေဟာ မြန်မာ့ယဉ် ကျေးမှုရဲ့ ပြယုဂ်ကို ထင်ဟပ်စေတဲ့ ရိုးရာနဲ့ ခေတ်သစ်ကို ပေါင်းစပ် ဖန်တီးထားတဲ့ ပန်းချီကား ၄၅ ကား ကို အမျိုးအစားစုံလင်စွာ ရေးဆွဲ ပြသခဲ့ကြတယ်။ လက်ရှိမှာ ပန်းချီ ကား ၁၅ ကား ရောင်းနေရပြီ''ဟု ပန်းချီပညာရှင် ကိုခင်ဇော်လတ်က ပြောသည်။
''အစ်ကိုက ပြည်တွင်းမှာကော၊ ပြည်ပမှာပါ ပန်းချီပြပွဲတော်တော် များများ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲက ထူးခြားတယ်။ ဖွင့်ပွဲမှာလည်း အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကို သေသေချာချာဖိတ်ပြီး ကျွန်တော်တို့ ကိုလည်း အစစအရာရာ အဆင်ပြေအောင် သူတို့အားလုံး စီစဉ်ပေးထားတယ်။ ဖွင့်ပွဲမှာ ၁ဝ ကားလောက် ရောင်းရတယ်။ ထပ်ပြီးတော့မှာထားတာ ငါးကားရှိတယ်။ သူတို့က နာမည် ရပြီးသား ပန်းချီဆရာတွေရဲ့ လက်ရာတွေကိုပဲ ပြသတာပါ။ အဓိက ကတော့ မလေးရှား အနုပညာမြင်ကွင်းမှာ မြန်မာ့ပန်းချီလက်ရာတွေကို မိတ်ဆက်ပေးတယ်ဆိုတဲ့သဘောပေါ့။ ရောင်းရပန်းချီကားတွေအတွက်လည်း ၂၅ ရာခိုင်နှုန်းပဲ သူတို့ယူတယ်။ သူတို့အတွက်တော့ အရမ်းနည်းတဲ့ ပမာဏပါ '' ဟု ကိုခင်ဇော်လတ်က ပြောသည်။
ပန်းချီပြပွဲတွင် မြန်မာနိုင်ငံမှ ဝါရင့် ပန်းချီဆရာများဖြစ်သည့် ဇော်မင်း၊ အောင်သိန်းဦး၊ ခင်ဇော်လတ်၊ ခင်မောင် ဇော်၊ မိုးညို၊ မွန်သက်၊ ပန်းကြီး၊ စိုးစိုး(လပွတ္တာ)၊ တင်ဝင်း၊ တင်ဌေးအောင်၊ ဇေယျာအေးတို့က သွားရောက်ပြသခဲ့သည်။ ယင်းတို့ ရေးသည့် ပန်းချီကားများ၏ တန်ဖိုးမှာ အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၁၅ဝဝ မှ ၁ဝဝဝဝ ထိရှိပြီး ပြပွဲကို ဧပြီ ၂၂ ရက်မှ မေ ၂၂ ရက်ထိ တစ်လ ကြာပြသသွားမည်ဟု သိရသည်။

No comments:

Post a Comment