Saturday, May 2, 2015

ဒသမတန်း ဘက်စုံပညာထူးချွန်လူငယ်အပန်းဖြေစခန်း(ငွေဆောင်) ဖွင့်လှစ်





သတင်းနှင့်ဓာတ်ပုံ - သီသီမင်း
ငွေဆောင် မေ ၁
ဒသမတန်း ဘက်စုံပညာထူးချွန်လူငယ် အပန်းဖြေစခန်း(ငွေဆောင်) ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင် ဟိုတယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က နိုင်ငံတော်မှ ရွေးချယ်ဖွင့်လှစ်ပေးသည့် ဘက်စုံပညာထူးချွန် ငွေဆောင်အပန်းဖြေစခန်းသို့ ရောက်ရှိအပန်းဖြေရင်း ပြည်သူ့ဘဝလေ့လာရေးခရီးစဉ်များ ထွက်ကြမည့် ကျောင်းသား ကျောင်းသူများအတွက် အဘက်ဘက်က လိုလေသေးမရှိအောင် ကူညီဆောင်ရွက်နိုင်ရန် စီစဉ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် ကျင်းပမည့် စုပေါင်းလူငယ်တွေ့ဆုံပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အနာဂတ်ကြယ်ပွင့်များဖြစ်သည့် ကင်းထောက်လူငယ်မောင်မယ်များ တက်ရောက်မည်ဖြစ်သဖြင့် လူငယ်ထုတစ်ရပ်လုံးအတွက် နိုင်ငံတော်၏ မွန်မြတ်သော စီစဉ်ဆောင်ရွက်ပေးမှုအပေါ် များစွာကျေးဇူး တင်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးကြပြီး နိုင်ငံတော်၏အကျိုးကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်အောင် ပညာရေးကဏ္ဍတွင် ကြိုးပမ်းဆောင်ရွက်ရာ၌ အောင်မြင်စွာ စွမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာစာနှင့် ဘာသာ စကားပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဇော်မြင့်က ဘက်စုံပညာထူးချွန် အပန်းဖြေစခန်းများ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့ပြီး ဘက်စုံပညာ ထူးချွန် ကျောင်းသား ကျောင်းသူများအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူတို့က ဘက်စုံပညာ ထူးချွန်တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း(ငွေဆောင်)စခန်းမှူး ဦးအောင်ကျော်ထွန်းက ဘက်စုံပညာ ထူးချွန် အပန်းဖြေစခန်းဖွင့်ပွဲအမှတ် တရ ကျောက်စီပန်းချီကားကို ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးထံ ပေးအပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့နယ် အထက-၂ မှ သုံးထပ်ကွမ်း လူရည်ချွန် မနှင်းဆုမြတ်က ''သမီးတို့ အားလုံး အခုလို ငွေဆောင်မှာအပန်းဖြေရင်း ပတ်ဝန်းကျင်ဒေသမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေကို လေ့လာရတဲ့အပြင် ဒေသအသီးသီးမှာနေထိုင်ကြတဲ့ သူငယ်ချင်းတွေနဲ့လည်း ရင်းနှီးခွင့် ရခဲ့ပါတယ်။ မရောက်ဖူးသေးတဲ့ ဒေသတွေရောက်ခဲ့ရလို့ ဗဟုသုတလည်းရ၊ အချင်းချင်းလည်း ရင်းနှီးကျွမ်းဝင်ခွင့်ရလို့ ဝမ်းသာပါတယ်။အစားအသောက်နဲ့ ကျန်းမာရေးကအစ လိုလေသေးမရှိအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ အကြီးအကဲများ အားလုံးကို ကျေးဇူးတင်ပါတယ်'' ဟုပြောသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဘက်စုံ ပညာထူးချွန် မောင်မယ်များက မြန်မာ့ကျောင်းသီချင်း၊ဇာတိမာန် သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး ပညာရေးဌာနမှ ဖွဲ့စည်းထားသော ပညာလင်္ကာ တေးဂီတအဖွဲ့မှ တေးရေးဟင်္သာတမြင့်ငွေ ရေးစပ်သီကုံးထားသည့် ''ဧရာဝတီရဲ့အလှ'' သီချင်းဖြင့် သီဆို ကပြသရုပ်ဖော်ခဲ့ကြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်များသည် ဘက်စုံပညာထူးချွန် မောင်မယ်များနှင့် အတူ ခင်မင်ရင်းနှီးစွာဖြင့် ဂုဏ်ပြုနေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment