Friday, May 1, 2015

တပ်မတော်ဆေးတပ်ဖွဲ့များအချင်းချင်း လူထုအကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး


 
နေပြည်တော် ဧပြီ ၃ဝ
မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၅) ကြိမ်မြောက် အာဆီယံဆေးတပ်ဖွဲ့အကြီးအကဲများ စုံညီအစည်းအဝေး (5th ASEAN Chiefs of Military Medicine Conference -5th ACMMC) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အာဆီယံနိုင်ငံများမှ ဆေးတပ်ဖွဲ့ ကိုယ်စားလှယ်အရာရှိကြီးများ၊ စစ်သံမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း က (၅)ကြိမ်မြောက် အာဆီယံ ဆေးတပ်ဖွဲ့အကြီးအကဲများ စုံညီအစည်းအဝေး (5th ACMMC) ၌ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးဝင်းက အဖွင့် နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) နှင့် အဖွဲ့ဝင်များ သည် အာဆီယံနိုင်ငံများမှ ဆေးတပ်ဖွဲ့ကိုယ်စားလှယ်အရာရှိကြီးများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် နံနက် ၁ဝ နာရီတွင် အာဆီယံနိုင်ငံများမှ ဆေးတပ်ဖွဲ့ ကိုယ်စားလှယ်များသည် (၅)ကြိမ်မြောက် အာဆီယံဆေးတပ်ဖွဲ့အကြီးအကဲများ စုံညီအစည်းအဝေးကို ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် ယခုနှစ် အာဆီယံဆေးတပ်ဖွဲ့ အကြီးအကဲများ စုံညီအစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော ''Military Medical Services: Benefits to Community'' ''တပ်မတော် ဆေးတပ်ဖွဲ့များ၏ ပြည်သူလူထုအပေါ် အကျိုးပြုလုပ်ငန်းများ'' ခေါင်းစဉ် အား နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးဆွေးနွေးကြသည်။ ထို့အပြင် အာဆီယံနိုင်ငံများမှ တပ်မတော်ဆေးတပ်ဖွဲ့များအချင်းချင်း လူထုအကျိုးပြု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့်ဆေးပညာရပ်များ နှီးနှောဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးကို မွန်းလွဲပိုင်းတွင်ဆက်လက်ကျင်းပပြီး ညနေ ၃ နာရီတွင် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးက (၆)ကြိမ်မြောက် အာဆီယံဆေးတပ်ဖွဲ့အကြီး အကဲများ စုံညီအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဖိလစ်ပိုင် နိုင်ငံမှ Col.Joseph M Acosta ထံ အထိမ်းအမှတ်ပစ္စည်းအား လွှဲပြောင်း ပေးအပ်၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အစည်းအဝေးနှင့် တစ်ချိန်တည်းတွင် အစည်းအဝေး တက် ရောက်လာသော အာဆီယံဆေးတပ်ဖွဲ့များမှ ဆေးမှူးအရာရှိများ၏ ဆေးပညာ ရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment