Friday, May 1, 2015

နွေရာသီတွင် ထန်းလက် ထန်းအကြောဖြင့် ပြုလုပ်ထားသည့်ပစ္စည်းများ ရောင်းအားကောင်းလျက်ရှိ





တပ်ကုန်း ဧပြီ ၃ဝ

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဥသျှစ်ကုန်းရွာနှင့် ညောင်လွန့်ရွာကြား ရန်ကုန်-မန္တလေးကားလမ်းနံဘေးရှိ ထန်းပစ္စည်းဆိုင်များတွင် ပူပြင်းသည့်နွေရာသီမှာ အအေးဓာတ် ရရှိသည့် ထန်းလက် ထန်းအကြောကုလားထိုင်များနှင့် အိပ်စင်များကို ခရီးသွားပြည်သူများ ဝယ်ယူအသုံးပြုမှုများပြားလာသောကြောင့် ထန်းလက် ထန်းအကြောပစ္စည်းများ ပိုမိုရောင်း အားကောင်းနေကြောင်း သိရသည်။
ယင်းဆိုင်များတွင် ထန်းလက် ထန်းကြောဖြင့် ပြုလုပ်ထားမှုမှာ စားပွဲအကြီးအသေးများ၊ တစ်ယောက်ထိုင်၊ နှစ်ယောက်ထိုင် ကုလားထိုင်များ၊ တစ်ယောက်အိပ်၊ နှစ်ယောက်အိပ် အိပ်စင်များ တို့ကို မိသားစု တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြခြင်းဖြစ်သည်။ယင်းပစ္စည်းများ ပြုလုပ်ရောင်းချရန်အတွက် အဓိကကုန်ကြမ်းများမှာ ထန်းလက်များဖြစ်သည်။ ထန်းလက်များကို ထန်းပြင်ရာသီတွင် တစ်လက် ၆၅ ကျပ်ဖြင့် ဝယ်ယူရပြီး ကုလားထိုင်တစ်လုံးအဖြစ် ထန်းလက် ၂၆ ချောင်း အသုံးပြုရသည်။
နွေရာသီတွင် ကုလားထိုင်အများဆုံးပြုလုပ်ရ၍ တစ်ယောက်ထိုင်တစ်လုံး ကျပ် ၃ဝဝဝ၊ နှစ်ယောက်ထိုင်တစ်လုံး ကျပ် ၅ဝဝဝ၊ တစ်ယောက်အိပ်စင် ကျပ် ၄ဝဝဝ၊ နှစ်ယောက်အိပ်စင် ကျပ် ၅ဝဝဝ ဖြင့် ရောင်းချကြောင်း သိရသည်။ ထန်းကုလားထိုင်များသည် အအေးဓာတ်ကိုပေးစွမ်းနိုင် သောကြောင့် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ကားများဖြင့်ခရီးသွားကြသူများ ဝယ်ယူအသုံးပြုမှု များပြားလျက်ရှိကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

(တင်စိုးလွင်)

No comments:

Post a Comment