Sunday, May 31, 2015

ကမ်းနားလမ်းမသစ်၏ သစ်တောလမ်းမှတ်တိုင်အနီးရှိ ဖြတ်လမ်းတွင် လမ်းအသုံးပြုခစတင်ကောက်ခံ၍ ယာဉ်ပိတ်ဆို့မှုလျော့ကျလာ




The Mirror Daily's photo.


ရန်ကုန် မေ ၃ဝ

မေ ၂၈ ရက်မှစ၍ အရှည်ငါးမိုင်ကျော်ရှိ ရန်ကုန်ဆိပ်ကမ်းအနီးရှိ ကမ်းနားလမ်းမ ကွန်ကရစ်လမ်းသစ်၏ သစ်တောလမ်းမှတ်တိုင်အနီးရှိ ဖြတ်လမ်းယာဉ်ဝင်၊ ထွက်ပေါက်တွင် လမ်းအသုံးပြုခပေးဆောင်စေခြင်းများ ပြုလုပ်လာသည်ကို မြင်တွေ့ရသည်။
ဝန်ထမ်းမိသားစုများ သွားလာရေးလွယ်ကူရန် ဖြတ်လမ်း ဝင်၊ ထွက်ပေါက်များ ပြုလုပ်ပေးထားခြင်းဖြစ်သည်။ ဝင်၊ ထွက်ပေါက်များတွင် ဘယ်မကွေ့ရ၊ ညာမကွေ့ရ၊ အတည့်ဖြတ်ရန် လမ်းညွှန်များစိုက်ထူခဲ့ရာ ယခုအခါ ပန်းဆိုးတန်း-ဒလကူးတို့သင်္ဘောဆိပ်အဝင် လမ်းထိပ်တွင် မြင်တွေ့ ရဆဲဖြစ်သည်။

လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းထိပ်တွင် မြစ်ဝကျွန်းပေါ် သင်္ဘောဆိပ်သို့သွားရောက်သည့် ယာဉ်များအတွက် ဖြတ်လမ်းကျယ်ဖွင့်ထားခဲ့သည်။ သို့သော် ကမ်းနားလမ်းရထားစတင်ပြေးဆွဲသည့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်မတိုင်မီ ဒီဇင်ဘာ ၆ ရက်မှစ၍ ယာဉ်ဝင်၊ ထွက်၍မရရန် တုံးကြီးများဖြင့် ကာရံထားခဲ့သည်။ အနှေးယာဉ်များသာ ဝင်၊ ထွက်၍ ရသည်။
ယင်းသို့ ပိတ်သည့်အချိန်မှစ၍ ထော်လီကွေ့မှတ်တိုင်၊ သစ်တောလမ်း မှတ်တိုင်အနီးရှိ ဖြတ်လမ်းပေါက်များတွင် ယာဉ် ဝင်/ထွက်မှုများလာသည်။ ထော်လီကွေ့တွင် ယာဉ်တစ်စီးစာ၊ သစ်တောမှတ်တိုင်အနီးတွင် ယာဉ် အဝင်၊ အထွက် တစ်စီးအတွက် တုံးကြီးများ ကာရံဖွင့်လှစ်ပေးခဲ့သည်။ ကမ်းနားလမ်း ဟောင်းပေါ်မှ ယာဉ်အသွားအလာ စောင့်ဆိုင်းရသဖြင့် အဆိုပါဖြတ်လမ်းပေါက်များနှင့် ဖြတ်လမ်းအပေါက်အနီးရှိ လမ်းသစ်ပေါ်ရှိ လမ်းလယ်ကြောတို့တွင် ယာဉ်များ တန်းစီစောင့်ဆိုင်းမှုများရှိလာသည်။ လမ်းလယ်ကြောမှ ဖြတ်လမ်း သို့ဝင်ရန် လမ်းပိတ်ရပ်ထားသဖြင့် ကမ်းနားလမ်းမသစ်၏ အလုံမြို့နယ်အတွင်း နာရီရှည်ယာဉ်ပိတ်ဆို့မှု မကြာခဏတွေ့ကြုံခဲ့ရသည်ဟု ယင်းလမ်းကြောင်းပေါ် ဖြတ်သန်းနေရသော ကုန်သေတ္တာတင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

သစ်တောလမ်းထိပ်ဖြတ်လမ်းတွင် လမ်းအသုံးပြုခကောက်ခံခြင်း၊ ထော်လီကွေ့ဖြတ်လမ်းတွင် ပြင်ဆင်ရန်ပိတ်ထားခြင်းများရှိသဖြင့် ယင်းနေရာ တစ်ဝိုက်တွင် ယခင်ကဲ့သို့ လမ်းပိတ်ဆို့မှုမရှိတော့ဘဲ လျော့ကျလာသည်ကို မြင်တွေ့ရသည်ဟု အဆိုပါယာဉ်မောင်းက ပြောသည်။

ပန်းဆိုးတန်း-ဒလသင်္ဘောဆိပ်ဆင်း ဝင်ပေါက်တွင် လမ်းအသုံးပြုခ ကောက်ခံခြင်းမရှိသေး၍ မေ ၂၉ ရက်ထိ မြစ်ဝကျွန်းပေါ်သင်္ဘောဆိပ်ဆင်းယာဉ်များ လမ်းအသုံးပြုခပေးဆောင်ရခြင်း မရှိဘဲ ပန်းဆိုးတန်းဖြတ်လမ်းမှ သွားရောက်နိုင်သေးသည်ဟု တက္ကစီယာဉ် မောင်းကိုတိုးက ပြောသည်။

စီးလုံးငှားတက္ကစီယာဉ်များ လမ်းအသုံးပြုခပေးဆောင်ရာတွင် ခရီးသည် ယာဉ်များကသာပေးဆောင်ရခြင်းဖြစ်၍ ယခုကဲ့သို့ ဖြတ်လမ်းထိပ်တွင် လမ်းအသုံးပြုခပေးဆောင်ကောက်ခံနေမှုအပေါ် အိမ်စီးယာဉ်ပိုင်ရှင်များသာ ဝေဖန်ပြောဆိုမှုရှိလာသည်။

ကမ်းနားလမ်းသစ်ပေါ်တွင် တစ်နာရီ မိုင် ၂ဝ အသိပေးလမ်းညွှန်စိုက်ထူ ထားသော်လည်း ယင်းလမ်းညွှန်အနီး မေ ၂၈ ရက် ည ၁ဝ နာရီတွင် ကုန်သေတ္တာမပါ အလွတ်ကုန်ကားတစ်စီး ကမ်းနားလမ်းသစ်ပေါ်မှ လမ်းဟောင်း ပေါ်သို့ အရှိန်လွန်ကျရောက်ခဲ့သည်။ ကမ်းနားလမ်းဟောင်းဘေး ယာဉ်ရပ်နား ရာနေရာရှိ ယာဉ်ငယ်နှစ်စီးထိခိုက်ပျက်စီးပြီး ကမ်းနားလမ်းသစ်၏ မြေထိန်း နံရံပျက်စီးမှုရှိသည်ကို မြင်တွေ့ရသည်ဟု လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း ထိပ်အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

လမ်းမတော်မြို့နယ်အတွင်း ကမ်းနားလမ်းမသစ်ပေါ်မှ လမ်းဟောင်းပေါ်ရှိ ကုန်သေတ္တာတင်ယာဉ်အချို့ အရှိန်လွန်ကျရောက်မှု တစ်နှစ်အတွင်း လေးကြိမ် နေ့၊ ညကြုံတွေ့ခဲ့ရသည်။ သခင်မြပန်းခြံအနီး ကမ်းနားလမ်းဟောင်း မြို့ထဲမှလာသော ယာဉ်ကြောမှ ကမ်းနားလမ်းမသစ်အမြင့်ပေါ်သို့ ကုန်သေတ္တာ တင်ယာဉ်တစ်စီး အရှိန်လွန်ရောက်ရှိမှုလည်း ကြုံတွေ့ခဲ့ရသေးသည်။ ကမ်းနား လမ်းမသစ်၏ဖြတ်လမ်းပေါက်တွင် လမ်းအသုံးပြုခကောက်ခံခြင်းဖြင့် ယာဉ်ပိတ်ဆို့မှုလျော့ကျစေသကဲ့သို့ ယာဉ်အန္တရာယ်ကြောင့် လူအချို့ ထိခိုက်သေဆုံး ရမှု၊ လမ်းဘေးရပ်ယာဉ်ငယ်များ ထိခိုက်ပျက်စီးနေခြင်းများ၊ ကမ်းနားလမ်းမ သစ်တင်ယာဉ်ကြီးများ စီတန်းရပ်နားနေခြင်းတို့ကိုပါ ပပျောက်လျော့နည်းသွားရန် ယာဉ်စည်းကမ်းလိုက်နာမှုရှိလာရေးကိုပါ အလေးပေးဆောင်ရွက်ပေးသင့်သည်ဟု လမ်းမတော်မြို့နယ်အတွင်းနေထိုင်သူ ဦးလှဦးက ပြောသည်။
(မောင်စေအောင်)

No comments:

Post a Comment