Saturday, May 2, 2015

တိုင်းပြည်၌ အရေးတကြီးလိုအပ်နေသည့် အနည်းဆုံးလုပ်ခလစာ ဥပဒေကို ပြဋ္ဌာန်းနိုင်တော့မှာဖြစ်ကြောင်း အလုပ်သမားနေ့အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား


 
 
The Mirror Daily's photo.



ရန်ကုန် မေ ၁

လက်ရှိအစိုးရ စတင်တာဝန်ယူချိန်မှစပြီး လွှမ်းခြုံသောအမျိုးသား စီးပွားရေးပုံစံတစ်ခုရှိရန် ကြိုးပမ်းတည်ဆောက်ခဲ့ပါကြောင်း၊ သို့သော် ကဏ္ဍများစွာ၊ အခြေအနေများစွာနှင့် ချိတ်ဆက်ချိန်ညှိဆောင်ရွက်ရသည်ဖြစ်၍ အချိန်ယူဆောင်ရွက်ရပါကြောင်း၊ များမကြာမီ တိုင်းပြည်၌ အရေးတကြီးလိုအပ်နေသည့် အနည်းဆုံးလုပ်ခလစာဥပဒေကို ပြဋ္ဌာန်းနိုင်တော့မှာဖြစ်ပါကြောင်း၊ ဤသည်မှာ အခြေခံ အချက်အလက်တစ်ခုမျှသာ ဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းမှု၊ အဓမ္မလုပ်အားပေး ပပျောက်ရေး၊ ကလေးလုပ်သား ပပျောက်ရေး၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုသည့် ကိစ္စများကိုလည်း အုပ်ချုပ်ရေးအဆင့်ဆင့်အနေဖြင့် ဖော်ဆောင်လျက်ရှိပါကြောင်းဖြင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ စက်မှုဇုန်ရှိ အောင်မြေသာယာ ဘောလုံးကွင်း၌ ကျင်းပသည့် ၂ဝ၁၅ ခုနှစ် အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနား၌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
လက်ရှိတွင် အခြေခံအလုပ်သမား သမဂ္ဂပေါင်း ၁၆ဝဝ ကျော်၊ အဖွဲ့ချုပ် နှစ်ခုနှင့် အလုပ်သမားကွန်ရက်များ ပေါ်ပေါက်ခဲ့ပြီး ယနေ့အခမ်းအနား ကျင်းပနေသည့် CTUM ဆိုလျှင် အဖွဲ့ဝင်သမဂ္ဂပေါင်း ၅၉ဝ ကျော် ရှိပြီဟု ဝမ်းသာစရာသိရှိရပါကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM)ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်၏ ၂ဝ၁၅ ခုနှစ် အလုပ် သမားနေ့သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်အခွင့်အရေးများကို ဖန်တီးနိုင်ရန်အတွက် မိမိတို့ အနေဖြင့် ILO ၏ မဟာဗျူဟာမြောက် ပန်းတိုင်လေးရပ်ဖြစ်သော အလုပ်အကိုင် အခွင့်အလမ်းများ မြှင့်တင်ခြင်း၊ လုပ်ငန်းခွင်အတွင်း အခွင့်အရေးများကို အာမခံနိုင်ခြင်း၊ လူမှုစီးပွား ဘဝလုံခြုံရေးဆိုင်ရာကိစ္စ ရပ်များကို တိုးချဲ့ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းခွင်အတွက် ဆွေးနွေးညှိနှိုင်းမှုများ တိုးတက်စေခြင်းဆိုသည့် အချက်လေးချက်ကို ကျား/မ တန်းတူ အခွင့်အရေးဆိုသည့်ကိစ္စရပ်များနှင့် ချိတ်ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း။

ပထမအချက်ဖြစ်သည့် အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု၊ စွန့်ဦး တီထွင်မှု၊ လုပ်သားများ၏ စွမ်းဆောင်ရည် တိုးတက်မှုနှင့် သက်မွေးဝမ်းကျောင်းမှု ရေရှည်တည်တံ့ခိုင်မာမှုရှိ သည့် စီးပွားရေးစနစ်တစ်ရပ် ပေါ်ပေါက်လာအောင် လုပ်ဆောင် ရမှာဖြစ်ပါကြောင်း၊ ဤနေရာတွင် မိမိတို့နိုင်ငံ၏ အခြေအနေနှင့် ချိတ်ဆက်ပြီး အနည်းငယ်ရှင်းလင်း ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများအားလုံးသည် နိုင်ငံရေး ပြဿနာများဖြစ်ပြီး ပုံစံတကျရှိသော အမျိုးသားစီးပွား ပုံစံတစ်ရပ်ကို တည်ဆောက်နိုင်ရန် နိုင်ငံရေးအရ ရွေးချယ်ဆောင်ရွက်ပြီး မူဝါဒတစ်ရပ် ချမှတ်ရမှာဖြစ်ပါကြောင်း၊ သို့အတွက် လိုအပ်သည့် အခြားဆက်စပ်နေသော ကဏ္ဍများအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရပါကြောင်း၊ တစ်ဆက်တည်းပြောရလျှင် တိုင်းပြည်တစ်ပြည်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ တည်ငြိမ်မှုအဆင့်တစ်ခု ရှိမှသာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့် အလမ်းများကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း။
ဒုတိယအချက်နှင့် တတိယအချက်များဖြစ်သည့် လုပ်ငန်းခွင်အတွင်း အခွင့်အရေးများ မြှင့်တင်ပေးခြင်းနှင့် လူမှုစီးပွားဘဝ ကာကွယ်ပေးခြင်းဆိုသည့် ကိစ္စရပ်များသည်လည်း ပထမရည်မှန်းချက်ကို အကောင်အထည် ဖော်လာနိုင်သည်နှင့်အမျှ တစ်ဆက်တည်း လိုက်ပါလာနိုင်မှာဖြစ်ပါကြောင်း၊ နောက်ဆုံး စတုတ္ထအချက် ဖြစ်သည့် လုပ်ငန်းခွင်အတွက် လူမှုရေး ဆွေးနွေးမှုများ တိုးတက်စေခြင်း ဆိုသည့်အချက်သည် အရေးကြီးပါကြောင်း၊ တိုင်းပြည်တစ်ပြည်၏ ထုတ်ကုန်တိုးတက်ခြင်းသည် ရင်းနှီး မြှုပ်နှံမှုအားကောင်းခြင်းနှင့် လုပ်သား အင်အားကြီးမားခြင်း ဆိုသည်မှာ သက်သက်စီမဟုတ်ပါကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား လုပ်ငန်းတိုးတက်ရန်အတွက် အရေးကြီးသည့် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသည့် အချက်ပင်ဖြစ် ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆိုသည်မှာ လုပ်ငန်းတစ်ခုချင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ခြင်းဖြစ်သည့်အတွက် အလုပ်ရှင်နှင့် အလုပ်သမားအကြား တစ်ဦးနှင့်တစ်ဦး ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ အပြန်အလှန်မှီခို ဖွံ့ဖြိုးစေရန် စဉ်ဆက်မပြတ်ဆွေးနွေးနေသည့် ဖြစ်စဉ်များလိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်အငြင်းပွားမှုများကို ရှောင်ရှားနိုင်ပြီး အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမည့် ဒိုင်ယာလော့များ ပေါ်ပေါက်ရန်အတွက် အလုပ်သမား အဖွဲ့အစည်းများ၊ အလုပ်သမား သမဂ္ဂများ စနစ်တကျပေါ်ပေါက်ရန် လိုအပ်ပါကြောင်း၊ ဤသည်မှာ ထုတ်ကုန်တိုးတက်ခြင်း၊ တိုင်းပြည်၏ စီးပွားတိုးတက်ခြင်းအတွက်သာမက စည်းလုံးညီညွတ်သော လူ့အဖွဲ့ အစည်းတစ်ရပ် ပေါ်ပေါက်ခြင်း ဆိုသည်အထိ ကျယ်ပြန့်သော ကိစ္စပင်ဖြစ်ကြောင်း၊ ခိုင်ခံ့သော စက်မှု၊ လက်မှုဆက်ဆံရေးသည် လက်ခုပ်တီးသလိုပင်ဖြစ်ကြောင်း၊ တစ်ဖက်တည်းနှင့် အသံမမြည်နိုင်ဘဲ အလုပ်ရှင် အလုပ်သမား လက်နှစ်ဖက်လုံး၏ဟန်ချက်ညီမှသာ အသံညီညီညာညာ ထွက်မှာဖြစ်ပါကြောင်း။

ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွန့်ဦးတီထွင်မှု၊ အလုပ်သမား အရည်အသွေး၊ လုပ်ငန်းခွင်သာယာမှု၊ လုပ်သားထု၏ လူမှုစီးပွားဘဝလုံခြုံမှု၊ အနာဂတ် အာမခံမှု၊ အလုပ်သမား အခွင့်အရေး ကာကွယ်မှု စသည့် မဟာဗျူဟာ မြောက်လွှမ်းခြုံမှုများပါဝင်သည့် အမျိုးသားစီးပွားပုံစံတစ်ရပ်သည် အစိုးရ၏ စွမ်းဆောင်မှုတစ်ခုတည်းနှင့် မလုံလောက်ဘဲ တိုင်းပြည်၏ စီးပွားရေးမှာ အဓိက ဝင်ရိုးဖြစ်သည့် လုပ်သားထုနှင့် စီးပွားရေးလုပ်ငန်းများ၏ ပူးပေါင်းပါဝင်မှု၊ လုံ့လပြု အားထုတ်မှု၊ စိတ်ရင်းစေတနာ မှန်ကန်မှု၊ နိုင်ငံတည်ဆောက်ရေး အမြင်ရှိမှုများ လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း အလုပ်သမားထုများ၊ စီးပွားရေးလုပ်ငန်းများ အားလုံးနှင့် လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြုပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးအရာအဖွဲ့ဝင် နည်းပညာအကြံ ပေးအရာရှိ Mr. Christopher Land-Kazlauskas က '' မေဒေးဆို တာ ကမ္ဘာပေါ်မှာ အလုပ်သမားတိုင်းအတွက် ရုံးပိတ်ရက်ဖြစ်တာကြောင့် လွတ်လပ်တဲ့ပျော်ပွဲရွှင်ပွဲများ ကျင်းပ ပေးတဲ့နေ့ဖြစ်တယ်။ ကျွန်တော့်ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ အမေရိကန်မှာ ၁၈ ရာစု လောက်ကစတင်ပြီး ချီကာဂို အလုပ်သမားသမိုင်းတွေမှ မေဒေး သမိုင်းဖြစ်လာခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်က အလုပ်သမားတစ်ယောက် ဖြစ်တာကြောင့် မေဒေးနေ့ဟာ ကျွန်တော့်အတွက် အလွန်အရေးကြီး တဲ့နေ့ဖြစ်ပါတယ်။ အလုပ်သမား သမဂ္ဂတွေရဲ့ ရပိုင်ခွင့်တွေအတွက် တောင်းဆိုထားတဲ့ အလုပ်သမား လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေတဲ့ နေ့ဖြစ်တယ်။ သင့်လျော်ကောင်း မွန်တဲ့ အလုပ်တွေရရှိရေးအတွက် ဖော်ဆောင်ကြတဲ့ အစီအစဉ်တွေက အစိုးရရဲ့ တာဝန်တစ်ရပ်သာမဟုတ်ဘဲ အလုပ်သမား အဖွဲ့အစည်းများက မိမိတို့ရဲ့ အကြံဥာဏ်ထင်မြင် ယူဆချက်တွေပါဝင်ကာ ဝိုင်းဝန်းထည့်သွင်း အကောင်အထည်ဖော်ဆောင်ရွက် ပေးကြဖို့လိုတယ်။ သင့်လျော်တဲ့ ဥပဒေတွေ သတ်မှတ်နိုင်ဖို့အတွက် မိမိတို့ကိုယ်စားပြုတဲ့ အလုပ်ရှင် အလုပ်သမားတွေရဲ့ အကြံဥာဏ်တွေ ရယူပြီး အစိုးရကို ထိရောက်တဲ့ မူဘောင်တွေကို ဝိုင်းဝန်းဆွေးနွေး ပေးကြဖို့လည်း လိုတယ်။ ဒီနေ့ ဒီနေရာမှာကြည့်လိုက်ရင် အစိုးရဌာန ဆိုင်ရာတွေကို အလုပ်သမားတွေနဲ့ အတူတကွ တက်ရောက်တာကို တွေ့ရတဲ့အတွက် ကောင်းမွန်တဲ့ အချက်ဖြစ်တယ်''ဟု နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် မြန်မာနိုင်ငံရုံး ဒါရိုက်တာ မစ္စတာ ရှီဂါးရု နာဂဂျီးမားက နှုတ်ခွန်းဆက် စကားပြောကြားသည်။

ယနေ့အခမ်းအနားကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်း Care International တို့က ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပြီး အလုပ်သမား ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပေးခြင်း၊ အမျိုးသမီးများ ကျန်းမာရေးအတွက် ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာများကို စစ်ဆေးပေးခြင်း၊ လုပ်ငန်းခွင်အတွင်း အလုပ်ရှင် အလုပ်သမားဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်အတွက် ညှိနှိုင်းဖြေရှင်းမှုများပြုလုပ်နိုင်ရန် အသိပညာပေးဆွေးနွေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စနှင့်စပ်လျဉ်း၍ ပညာပေးခြင်းအစီအစဉ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အလုပ်သမား သမဂ္ဂများနှင့် လူမှုအဖွဲ့အစည်းများ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှ အလုပ်သမား ၁၅ဝဝ ကျော် တက်ရောက်ကြကြောင်း သိရသည်။

၁၈၈၆ ခုနှစ်တွင် အမေရိက၌ အလုပ်ချိန် (၈)နာရီတောင်းဆိုသည့် အထွေထွေသပိတ်ကို အကြောင်းပြု၍ ပထမအကြိမ် မေဒေးနေ့ကို လွန်ခဲ့သော နှစ်ပေါင်း ၁၂၅ နှစ်ဖြစ်သည့် ၁၈၉ဝ ခုနှစ်က ကျင်းပခဲ့သည်။ ပြင်သစ် တော်လှန်ရေးနှစ်တစ်ရာပြည့်အခမ်း အနားကို လွတ်လပ်မှု၊ တရားမျှတမှု မေတ္တာတရားတို့၏ အမှတ်သင်္ကေတအနေဖြင့် နိုင်ငံတကာညီလာခံကို ၁၈၉ဝ မတိုင်မီနှစ်၏ ဇူလိုင်လတွင် ကျင်းပခဲ့ပြီး အဆိုပါ ညီလာခံမှာ မေဒေးနေ့အဖြစ် တစ်ကမ္ဘာလုံး ကျင်းပနိုင်ရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment