Sunday, May 31, 2015

မြန်မာ့ရိုးရာ လက်ဝှေ့ရွှေခါးပတ် ချန်ပီယံ ကွာတားဖိုင်နယ်ပွဲစဉ်များ စတင်ယှဉ်ပြိုင်ထိုးသတ်

 
 
 Myanmaalinn's photo.
 
ရန်ကုန် မေ ၃ဝ
အားကစားဝန်ကြီးဌာန မြန်မာ နိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး (H & S Group) နှင့် Color Boy တို့ ပူးပေါင်းစီစဉ်ကျင်းပ သည့် မြန်မာ့ရိုးရာ လက်ဝှေ့ရွှေခါးပတ် ချန်ပီယံ ၂ဝ၁၅ ပြိုင်ပွဲ ပထမနေ့ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သိမ်ဖြူ အားကစားလက်ဝှေ့ရုံ၌ ကျင်းပခဲ့ သည်။
ယနေ့ကွာတားဖိုင်နယ် ပထမ နေ့ပွဲစဉ်များ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ၅၁ ကီလိုတန်းတွင် နှစ်ပွဲ၊ ၅၄ ကီလို တန်းတွင် သုံးပွဲ၊ ၅၇ ကီလိုတန်းတွင် တစ်ပွဲနှင့် ၆၃ ဒသမ ၅ ကီလိုတန်းတွင် နှစ်ပွဲ စုစုပေါင်း ရှစ်ပွဲပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။
၅၁ ကီလိုတန်းနှစ်ပွဲတွင် တိမ် တိုက်(မုဒုံသား)နှင့် အောင်ထူးကျော် (ဘိလပ်မြေစက်ရုံ)တို့ပွဲတွင် တိမ်တိုက် မုဒုံသားက အမှတ်ဖြင့်လည်းကောင်း၊ ရှိုင်းထက်အောင် (အဖြူရောင်သွေး သစ်)နှင့် စောကြက်ရိုး(ခ)မိုက်မိုက် (STL) တို့ပွဲတွင် ရှိုင်းထက်အောင် (အဖြူရောင်သွေးသစ်) ငါးချီပြည့် အသာစီးထိုးနိုင်၍ အမှတ်ဖြင့် ဆီမီး ဖိုင်နယ်ပွဲစဉ်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။ ၅၄ ကီလိုတန်းတွင် ရွှေချစ် သွေး (တိုက်ဂါး)နဲ့ ကျော်ဝင်းအောင် (T & T) တို့ပွဲတွင် ဒုတိယအချီ ၂ မိနစ် ၃၅ စက္ကန့်မှာပင် ရွှေချစ်သွေးက ဘယ်ဒူးတိုက်ချက်ဖြင့် ပွဲသိမ်းအနိုင် ယူခဲ့ပြီး မင်းထွဋ်(STL)နှင့် စောဖြိုး ဝေ(အဖြူရောင်သွေးသစ်)တို့ ပွဲတွင် စောဖြိုးဝေ(အဖြူရောင်သွေးသစ်)က ငါးချီအပြည့်တွင် အမှတ်ဖြင့်အနိုင် ယူခဲ့သည်။ ကိုကိုအောင်(မုဒုံသား)နှင့် ခွန်လင်းထက် (ဘိလပ်မြေစက်ရုံ)တို့ပွဲတွင် တတိယအချီ ၁ မိနစ် ၃၂ စက္ကန့်၌ ခွန်လင်းထက်က ဖြတ် တံတောင်နှင့် ပင့်လက်သီးတို့ကို သုံးကာ ပွဲသိမ်းအနိုင်ယူခဲ့သည်။
၅၇ ကီလိုတန်းတွင် ဂျစ်တူး (တိုက်ဂါး)နှင့် မိုက်ရိုင်း(ရွှေဖူး)တို့ ပွဲတွင် မိုက်ရိုင်း(ရွှေဖူး)သည် သမ္ဘာ ရင့် မာဂုဏ်မြင့် လက်ဝှေ့သမားကောင်း ဖြစ်သော်လည်း သတ်လုံးသတ်ကွက် ကောင်းပြီး ခြေကန်ချက်ပြင်းသည့် ဂျစ်တူး(တိုက်ဂါး)၏ ယှဉ်ပြိုင်ထိုးသတ် ဟန်ကြောင့် မိုက်ရိုင်းမှာ ဘယ်လိုမှ ရင်ဆိုင်ယှဉ်ပြိုင် ထိုးနိုင်စွမ်းမရှိ၍ ဒိုင်ပွဲရပ်ဖြင့် အရှုံးပေးခဲ့ရသည်။ ၆၃ ဒသမ ၅ ကီလိုတန်းနှစ်ပွဲတွင် နေရူဘီ (ဝါဆို) နှင့် စလူကာ (တိုက်ဂါး)ပွဲတွင် မာဂုဏ်မြင့် သမ္ဘာရင့်သည့် စလူကာ (တိုက်ဂါး)ကို နေရူဘီအစွမ်းရှိ သလောက် ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ် သော်လည်း ပထမအချီ ၂ မိနစ် ၃၇ စက္ကန့်မှာပင် နေရူဘီ အလဲထိုးဖြင့် အရှုံးပေးခဲ့ရပြီး မျိုးမာန်သစ်(STL) နှင့် အားမာန်(အဖြူရောင်သွေးသစ်)တို့ပွဲတွင် ပထမအချီနှင့် ဒုတိယအချီ တို့တွင် သူတင်ကိုယ်တင် ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသော်လည်း မာဂုဏ် မြင့်သည့်အားမာန်(အဖြူရောင်သွေးသစ်)၏ စုံလင်လှသည့် သတ်လုံး သတ်ကွက်ကို မျိုးမာန်သစ်(STL) ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ ဒိုင်ပွဲရပ်ဖြင့် အရှုံးပေးခဲ့ရပြီး ကွာတားမှ ထွက်ခဲ့ ရသည်။
''ရွှေခါးပတ်ချန်ပီယံလုပွဲဆိုတော့ ဝိတ်တန်းတူတာနဲ့ မဲနှိုက်ပြီး ကိုယ်နဲ့ ကျတဲ့ သူနဲ့ထိုးရတာဆိုတော့ တချို့ ပွဲတွေက လက်ရည်မမျှပေမယ့် တချို့ ပွဲတွေက တော်တော်ကြည့်လို့ကောင်း ပါတယ်။ မနက်ဖြန်ပွဲတွေဆို ပိုပြီး ကြည့်ကောင်းမယ် ထင်တယ်။ မနက်ဖြန်က သမ္ဘာရင့်လက်ဝှေ့သမား တွေပါသလို ဆီမီးပွဲတွေလည်း ပါတယ်လို့သိရတယ်။ ဒီနှစ်ရွှေခါးပတ် ချန်ပီယံလုပွဲက အရင်နှစ်တွေကလို ပရိသတ်မများဘူး။ အရင်နှစ် ရွှေခါးပတ် ချန်ပီယံလုပွဲတွေကဆို ပရိသတ်က ရုံပြည့်ရုံလျှံနီးပါးပဲ။ အခုနောက်ပိုင်း ပြည်သူတွေက နိုင်ငံခြားပွဲစဉ်တွေကို ပိုပြီးစိတ်ဝင် စားလာတာများတယ်။ အဲဒီပွဲတွေဆို ရုံပြည့်ရုံလျှံပဲ''ဟု မြန်မာ့ရိုးရာ လက်ဝှေ့ပွဲတိုင်းသို့ အမြဲမပြတ် လာရောက်ကြည့်ရှုသည့် မင်္ဂလာ တောင်ညွန့်မြို့နယ်မှ ဦးတင့်လွင်က ပြောသည်။
ယနေ့ မေ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် အဆိုပါ သိမ်ဖြူအားကစား ရိုးရာလက်ဝှေ့ရုံ၌ ဒုတိယနေ့ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ် ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်း-မောင်စိန်လွင် (မြန်မာ့အလင်း)
ဓာတ်ပုံ-တင်စိုး (မြန်မာ့အလင်း)

No comments:

Post a Comment