ရာသီမရွေး သတိပြု
နွေရာသီကာလတစ်လျှောက်လုံး အပူဒဏ်ခံခဲ့ကြရသော သစ်ပင်ပန်းမန်များမှာ မုတ်သုံရာသီသို့အကူး ပက်ဖျန်းသွန်းဖြိုးခဲ့သည့် မိုးနှင့်အတူ စိမ်းစိုအေးမြလန်းဆန်းလာကြသည်။ နွေကာလက အပူစံချိန်တင်မှုနှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်တက်မှုတို့သည် လူတို့ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်ဖောက်ပြန်ခြင်း အကျိုးဆက်ဟု ပညာရှင်တို့က ဆိုကြသည်။
ယခုမိုးသံလေသံနှင့်အတူ မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့ ချင်းနင်းရောက်ရှိလာသော မုတ်သုံလေမှာ အဝင်ကြမ်းလာသည်။ ဤသည်မှာလည်း ရာသီဥတုဖောက်ပြန်မှု၏ ဆိုးကျိုးသက်ရောက်မှုဟု ဆိုရမည်ဖြစ်သည်။ အစဦးမို့ မသိသာသော်လည်း မုတ်သုံအလယ်၊ အဆုံးသတိပြု ကြရတော့မည်။
မိုးဦးလေဦးနှင့်အတူ အခြားသတိပြုရမည့် အန္တရာယ်နှစ်ခုလည်းရှိသည်။ မိမိတို့ပတ်ဝန်းကျင်တွင် ခိုအောင်းကာ ဒုက္ခပေးရန် အသင့်စောင့်နေသည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသော ခြင်ပုန်းခေါ် ခြင်ကျားနှင့် ဖြစ်လေ့ရှိသော ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်သည်။ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါသည် ရာသီမရွေးဟု ဆိုနိုင်ငြားလည်း အထူးသဖြင့် ရေမသန့်သည့် ယခုကဲ့သို့ မိုးရာသီကာလတွင် အဖြစ်များတတ်သည်။
သွေးလွန်တုပ်ကွေးရောဂါမှာ အသက် ၃ နှစ်မှ ၈ နှစ်ကြား ကလေးငယ်များကို ဒုက္ခပေးတတ်ပြီး ဝမ်းပျက်၊ ဝမ်းလျှောရောဂါမှာ အသက်အကန့်အသတ်မရှိ ဒုက္ခပေးတတ်သည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသော ခြင်ကျားများသည် နေ့အချိန် နံနက် ၈ နာရီမှ ညနေ ၃ နာရီကြားကာလတွင် အချိန်ကန့်သတ်ချက်နှင့် ဒုက္ခပေးနိုင်သော်လည်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် အချိန်ကာလမရွေး ဖြစ်နိုင်သည်။
အထူးသဖြင့် အစားအစာကြောင့်ဖြစ်လေ့ရှိရာ မသန့်ရှင်းသော အစားအစာနှင့် အစပ်မတဲ့သော အစားအစာများကို စားသုံးမိသောကြောင့် ဖြစ်ကြသည်ကို ကြားသိနေရသည်။ ယခုလိုမိုးရာသီကာလတွင် ရေမသန့်သော ကြောင့် ဖြစ်တတ်သည်ကိုလည်း သတိထားရမည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရန် မိမိတို့၏ အိမ်၊ ကျောင်း ပတ်ဝန်းကျင်မှ ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းထားခြင်း၊ ခြင်ကျားပေါက်ပွားနိုင်သော ရေကြည်ရေသန့်ခိုအောင်းတတ်သည့် အိုး၊ ခွက်၊ စည်နှင့် ချိုင့်ခွက် တို့ကို သွန်လဲဖုံးအုပ်ထားခြင်း၊ မိုးရေလှောင်ကန်များတွင် ကျန်းမာရေးဌာန၏ အသိပေးချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ နေ့ခင်းအိပ်စက်တတ်သော ကလေးငယ်များအား ခြင်ထောင်ဖြင့် အကာအကွယ်ပေးခြင်း၊ စာသင်ကျောင်းများတွင် လေဝင်လေထွက်ကောင်းအောင် စီစဉ်ပေးခြင်းစသည်တို့ကို ကြိုတင်ဆောင်ရွက်ပေးထားရမည်ဖြစ်သည်။
အစားအစာနှင့် သောက်သုံးရေ မသန့်ရှင်းခြင်း၊ လက်မသန့်၊ အိမ်သာ မသန့် သန့်လေးသန့် မဆောင်ရွက်နိုင်ပါက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေဦးမည်သာဖြစ်သည်။ ဤသန့်လေးသန့်စနစ်ကို ကလေးသူငယ် များနေထိုင်ရာ ပတ်ဝန်းကျင်တွင် ပညာလည်းပေး၊ အလေးထား၍လည်း ဆောင်ရွက်ပေးကြရမည်။ ကလေးများအတွက် အာဟာရဖြည့်တင်းပေးသော ကျောင်းမုန့်ဈေးတန်းမှ ဒုတိယအမေများကလည်း ကလေးများကျန်းမာရေးအတွက် အလေးထားကြရမည်။
ကျန်းမာရေးဝန်ကြီးဌာနကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ရေး၊ ကုသရေးနည်းလမ်းများကို စဉ်ဆက်မပြတ် အသိပေးလျက်ရှိသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည် ဆိုစကားနှင့်အညီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိ အထူးရှိကြဖို့လိုမည် ဖြစ်သည်။ ဖြစ်ပွားလာမှသာ ကာကွယ်ကြ၊ ကုသကြမည်ဆိုလျှင် အချိန်ကုန်၊ လူပမ်းဖြစ်ကာ စိတ်မော၊ လူမောဖြစ်ကြလိမ့်မည်။
မျက်မှောက်ကာလကို ပညာခေတ်ဟု တင်စားခေါ်ဝေါ်ကြရာ လူတိုင်း လူတိုင်း ကျန်းမာရေးအသိရှိအောင် လေ့လာဆည်းပူးနေရမည်။ အသိပညာမှ ရရှိထားသော ဗဟုသုတဖြင့် ဆင်ခြင်ချိန်ဆ ကျင့်ကြံအားထုတ်ခြင်းဖြင့် ကြိုတင်ကာကွယ်ရာလည်း ရောက်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မိမိတို့နှင့် မိမိတို့မိသားစု၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ချောချော မွေ့မွေ့ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment