Wednesday, April 29, 2015

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့်တွေ့ဆုံ ကောင်းမွန်သောဆက်ဆံရေးရှိမှသာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသငြိမ်းချမ်းရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်




ပေကျင်း ဧပြီ ၂၈

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် ဧပြီ ၂၇ ရက် နံနက် ၁ဝ နာရီ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယကက ကောင်းမွန်သော ဆက်ဆံရေးရှိမှသာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးအပါအဝင် နယ်စပ်ဒေသငြိမ်းချမ်းရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း နိုင်ငံဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာဖလှယ်မှုများ၊ ကုန်သွယ်မှု တိုးမြှင့်မှုများအပြင် နှစ်နိုင်ငံအချင်းချင်း ယဉ်ကျေးမှုဖလှယ်မှုများရှိခဲ့ကြပါကြောင်း၊ ယနေ့တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် မူဝါဒများသည် ကောင်းမွန်၍ လက်တွေ့ကျပါကြောင်း၊ တရုတ်နိုင်ငံသည်အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သော မူဝါဒနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလက်ခံထားသည်ဟု သိရှိထားပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံနှင့် ကိုက်ညီသော နိုင်ငံရေးစနစ်ကို နားလည်လက်ခံအားပေးသည်ကို သိရှိရ၍ ဝမ်းမြောက်မိပါကြောင်းဖြင့် ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက တရုတ်-မြန်မာနှစ်နိုင်ငံ၏ ကောင်းမွန်သောဆက်ဆံရေးသည် ရှေးအဆက်ဆက်နိုင်ငံ ခေါင်းဆောင်များက ဂရုတစိုက်ဆောင်ရွက်ခဲ့သည့် ဆက်ဆံရေးဖြစ်သည့်အတွက် မိမိတို့ မျိုးဆက်သစ်များအနေဖြင့်လည်းကောင်းမွန်သည့် အမွေအနှစ်များကို ဆက်ခံဖို့လိုပါကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့် ဘန်ဒေါင်းညီလာခံမှချမှတ်သော မူ(၁ဝ)ချက်မှာ ကောင်းမွန်သည့် အစဉ်အလာများဖြစ်သည့်အတွက် ဆက်လက်အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အတူတကွဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်းဖြင့် ပြောကြားသည်။ (သတင်းစဉ်)

No comments:

Post a Comment