Tuesday, April 28, 2015

ကြယ်ပွင့်လေးများ လင်းလက်စေသတည်း




မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

''ယနေ့လူငယ် နောင်ဝယ်လူကြီး''ဟူသော စကားရှိပါ သည်။ လူငယ်လူရွယ်များကို ငယ်စဉ်ကတည်းက ထူးချွန် ထက်မြက်သူများဖြစ်အောင် စနစ်တကျပျိုးထောင်ပေးနိုင်မှသာ အနာဂတ်တွင် နိုင်ငံတော်ကအားထားရသောလူတော်လူကောင်း များ တိုးပွားလာမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွင်း လူတော် လူကောင်းများ၊ စာတတ်ပေတတ် ပညာတတ်များ တိုးပွားရှင်သန် လာခြင်းဖြင့် နိုင်ငံသည်လည်း အဘက်ဘက်မှ တိုးတက်လာ မည်ဖြစ်ပါသည်။

ထို့ကြောင့်လည်း နိုင်ငံတော်အနေဖြင့် လူငယ် ဖွံ့ဖြိုးရေးအစီအမံများကို အလေးထားဆောင်ရွက်လျက်ရှိပါ သည်။
ပညာရေးဝန်ကြီးဌာနက ၁၉၆၄ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့သည့် လူရည်ချွန်စီမံကိန်းအစီအစဉ်ကို ၂ဝ၁၂-၂ဝ၁၃ ပညာ သင်နှစ်မှစတင်၍ ဘက်စုံပညာထူးချွန်လူငယ်အစီအစဉ်အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့သည်။
ဘက်စုံပညာထူးချွန်လူငယ်တိုင်း သည် ကျောင်းစာသင်ခန်းများအတွင်း စာတော်ရုံမက ကျန်းမာ သန်စွမ်း၍ စာရိတ္တကောင်းမွန်သူများ၊ ဗဟုသုတနှင့် ပြည့်စုံသူများ ဖြစ်ကြပါသည်။ တစ်နည်းအားဖြင့် ဗလငါးတန်နှင့်ပြည့်စုံ သူများဖြစ်ကြပါသည်။ စာလည်းတော်ရမည်၊ ကျန်းမာသန်စွမ်း ရမည်၊ အကျင့်စာရိတ္တကောင်းမွန်ရမည်၊ ဗဟုသုတနှင့်ပြည့်စုံသူများဖြစ်ရမည်၊ ပေါင်းသင်းဆက်ဆံမှုကောင်းရမည် ဖြစ်ပါ သည်။

ပြီးခဲ့သည့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွင်း ပညာရေး ဝန်ကြီးဌာနက ဘက်စုံထူးချွန်လူငယ်များ စိစစ်ရွေးချယ်ပေးခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဋ္ဌမတန်းမှ ၁၇၆ဦး၊ နဝမတန်း မှ ၁၇၆ ဦးနှင့် တက္ကသိုလ်ဝင်တန်းမှ ၁၇၆ ဦး စုစုပေါင်း ၅၂၈ ဦး ပေါ်ထွက်လာခဲ့ပါသည်။ အဋ္ဌမတန်း ထူးချွန်လူငယ် များသည် ပုဂံအပန်းဖြေစခန်းသို့လည်းကောင်း၊ နဝမတန်း ထူးချွန်လူငယ်များသည် အင်းလေးကန်အပန်းဖြေစခန်းသို့ လည်းကောင်း၊ တက္ကသိုလ်ဝင်တန်းထူးချွန်လူငယ်များသည် ငွေဆောင် အပန်းဖြေစခန်းသို့လည်းကောင်း၊ ဧပြီ ၂၅ ရက်မှ မေ ၅ ရက်အထိ သွားရောက်လျက်ရှိပါသည်။ အပန်းဖြေ စခန်းအသီးသီးသို့ ရောက်ရှိနေစဉ်အတွင်း ကင်းထောက်သင်တန်း ပေးခြင်း၊ လူရည်ချွန်ဟောင်းများနှင့်တွေ့ဆုံခြင်းနှင့် လေ့လာ ရေးခရီးစဉ်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ အတန်းတစ်တန်း စီအတွက် အပန်းဖြေစခန်းတစ်ခုစီ သတ်မှတ်ဆောင်ရွက်လျက် ရှိရာ သုံးနှစ်ဆက်တိုက်ရွေးချယ်ခံရပါက စခန်းသုံးခုစလုံး၌ အပန်းဖြေခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မည်သို့ပင်ဖြစ်စေ ဤဘက်စုံထူးချွန်လူငယ်စီမံကိန်းသည် အခြားသော ကျောင်းသား ကျောင်းသူများ အားကျကြိုးစားလာ ပြီး နိုင်ငံတစ်ဝန်း လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူ (ဝါ) လူငယ်လူရွယ်တိုင်းသည် အနာဂတ်ကြယ်ပွင့်လေးများပင် ဖြစ်ကြပါသည်။ ကြယ်ပွင့်တိုင်းသည် လင်းလက်တောက်ပ နေရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသား ကျောင်းသူ တိုင်းသည် ဘက်စုံထူးချွန်အောင် ကြိုးစားအားထုတ်ကြခြင်းဖြင့် အနာဂတ်တွင် လင်းလက်တောက်ပသော ကြယ်ပွင့်လေးများဖြစ် အောင် ကြိုးစားအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment