Tuesday, April 28, 2015

အာဆီယံအသိုက်အ၀န်းကို ပိုမိုခိုင်မာရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြရမည် အာဆီယံသည် အာရှ၏ အကောင်းဆုံးရင်းနှီးမြုပ်နှံရာနေရာတစ်ခု ဖြစ်လာမည်



 



ကွာလာလမ်ပူ ဧပြီ ၂၇

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့သည် ဧပြီ ၂၇ ရက် နံနက် ၉ နာရီခွဲတွင် ကွာလာလမ်ပူကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံ နိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် ဇနီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ထိပ်သီးအစည်းအဝေးကို အာဆီယံသီချင်း တီးမှုတ်ပြီး ဖွင့်လှစ်သည်။
ယင်းနောက် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတွတ်ဆရီမူဟာမက် နာဂျစ်ဘင်တွန်း အဗ္ဗဒူလ်ရာဇတ်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် တစ်ခုတည်းသော အာဆီယံအသိုက် အဝန်းတည်ထောင်ရေး ရည်မှန်းချက် မှာ ယခုနှစ်ကုန်တွင် အထမြောက် တော့မည်ဖြစ်သည့်အတွက် ၂ဝ၁၅ ခုနှစ်သည် အာဆီယံ၏ သမိုင်းတွင် မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်တော့ မည်ဖြစ်ကြောင်း။

အာဆီယံအတွက် ယခုလိုအချိန် အခါကောင်း ရောက်ရှိလာချိန်တွင် အာဆီယံရာစုနှစ်ဟု ပြောနိုင်သည်အထိ မိမိတို့အတူတကွ ကြိုးပမ်းကြ ရမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ အနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ် တစ်ဖန်ပြန်လည် တာဝန်ထမ်းဆောင်ရန် အခွင့်ကောင်းရချိန်တွင် အာဆီယံ အဖွဲ့အနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း(AEC)ကို တည်ထောင်နိုင်ရေး ဆက်လက်ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံအား နိုင်ငံရေးအရ ပိုမိုပေါင်းစည်းသော အဖွဲ့တစ်ဖွဲ့ဖြစ်ရန် နည်းလမ်းရှာရမည့်အချိန်ဖြစ်ကြောင်း၊ အမှန်တကယ်တွင် အာဆီယံ၏ အလားအလာနှင့် စွမ်းပကားမှာ ကြီးမားကြောင်း၊ မိမိတို့ဒေသသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး အလုပ်သမားအင်အားကို ပိုင်ဆိုင်ထားပြီး ယင်းတို့ထဲတွင် ငယ်ရွယ်ထက်မြက်၍ အရည်အချင်းမြင့်မား လာသည့်လူဦးရေမှာ သန်း ၆ဝဝ ကျော်ရှိကြောင်း။
အလယ်အလတ်လူတန်းစား များပြားလာခြင်းကြောင့် အာဆီယံသည် အာရှဒေသ၏ အကောင်းဆုံးရင်းနှီး မြှုပ်နှံရာနေရာတစ်ခု ဖြစ်လာတော့ မည်ဖြစ်ကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း(AEC)နှင့်အတူ ကုန် သွယ်မှုအပေါ် အဟန့်အတားများကို ဖယ်ရှားနိုင်မည်ဖြစ်သည့်အတွက် သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံ သည့် အခွန်လျှော့ချခြင်းထက် ပိုမိုကောင်းမွန်ကြောင်း။
အာဆီယံအဖွဲ့သည် ငွေကြေးအရ ပေါင်းစည်းမှုနှင့် အရင်းအနှီးဈေးကွက် ကိုမြှင့်တင်ရင်း နိုင်ငံအချင်းချင်းအကြား ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပင်ကိုစွမ်းရည် များ ပိုမိုလွတ်လပ်စွာ ရောက်ရှိရေးကို မြှင့်တင်ရန်လိုကြောင်း။

အာဆီယံနိုင်ငံများအတွင်း ကုန်သွယ်မှုသည် ၂၄ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းသို့ မြင့်တက်လာပါက အာဆီယံစီးပွားရေးသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံ တိုးတက်လာမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဖြစ်လာပါက အာဆီယံ နိုင်ငံများ၏ စီးပွားရေးရော၊ လူနေမှု အဆင့်အတန်းပါ မြင့်တက်လာမှာ ဖြစ်ကြောင်း။

ဒေသတွင်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် မတူညီသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကြောင့် အာဆီယံ နိုင်ငံများအကြား ကွဲလွဲမှုများ အနည်းနှင့်အများ ရှိနေမည်ဖြစ်ကြောင်း၊ မည် သို့ပင်ဆိုစေကာမူ မလေးရှားနိုင်ငံအနေ ဖြင့် အဆိုပါကွဲလွဲမှုများကို စိတ်ရှည်သည်းခံမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုများဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ဘန်ဆာမိုငြိမ်းချမ်းရေးအစီအစဉ်များကိုကြည့်မည်ဆိုပါက အာဆီယံအုပ်စု တစ်စိတ်တစ်ဝမ်းတည်းဖြစ်ရေးမှာ အာဆီယံဒေသအတွင်းရှိ ပဋိပက္ခ များဖြေရှင်းရေးသည် အဓိကကျ ကြောင်း၊ ပြည်သူဗဟိုပြု အာဆီယံဖြစ် ရေးသည် အာဆီယံဒေသရှိ ပြည်သူ များအနေဖြင့် တစည်းတလုံးတည်း နေထိုင်လိုသည့် ဆန္ဒရှိရန်လိုကြောင်း ဖြင့်ပြောကြားသည်။

ထို့နောက် မလေးရှားရိုးရာတေး သွားအကဖြင့် ဖျော်ဖြေကြသည်။
ယင်းနောက် အာဆီယံနိုင်ငံများမှ အကြီးအကဲများသည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ကGo ASEAN အား ဖွင့်လှစ် ခြင်း၊ ၎င်းအစီအစဉ်နှင့်စပ်လျဉ်း၍ တင်ဆက်ခြင်း၊ သုံးဖက်မြင်ရုပ်လုံးကြွတင်ဆက်ခြင်း၊ အာဆီယံဥက္ကဋ္ဌတေး သီချင်းဖြင့် တင်ဆက်ခြင်းများပြုလုပ်ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

နံနက် ၁ဝ နာရီခွဲတွင် (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးမျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ မျက်နှာစုံညီ အစည်းအဝေးမကျင်းပမီ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ခေါင်းဆောင်များက ဆွေးနွေးကြသည်။
မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေးပြောကြားရာ၌ မိမိတို့ကိုယ် စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ ရောက်ရှိစဉ် နွေးထွေးစွာ ကြိုဆိုဧည့်ခံ သည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ပထမဦးစွာ အာဆီယံကို အဓိကဦးဆောင်ထူထောင်သူတစ်ဦး ဖြစ်သည့် စင်ကာပူနိုင်ငံဝန်ကြီးချုပ် ဟောင်း မစ္စတာလီကွမ်ယူ ကွယ်လွန် သွားခြင်းနှင့်ပတ်သက်ပြီး ဝမ်းနည်းမိ ပါကြောင်း၊ ဝန်ကြီးချုပ် မစ္စတာ လီကွမ်ယူကွယ်လွန်ခြင်းမှာ စင်ကာပူနိုင်ငံအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သကဲ့သို့ အာဆီယံ အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်လည်း ဖြစ်ပါကြောင်း။

ယခုနှစ် အာဆီယံဥက္ကဋ္ဌ၏ဆောင်ပုဒ် ဖြစ်သည့် Our People, Our Vision, Our Community သည် အာဆီယံအသိုက်အဝန်းထူထောင်မှုနှင့် ပြည်သူများကို အခြေပြုသည့် အာဆီယံအသိုက်အဝန်း ပေါ်ပေါက်မှု အတွက် နှိုးဆော်မှုတစ်ရပ်ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ၏ ဦးစားပေးမူ ရှစ်ရပ်ကို အကောင်အထည်ဖော်ရာ တွင် မိမိတို့အနေဖြင့် အပြည့်အဝထောက်ခံ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

အာဆီယံအသိုက်အဝန်းထူထောင် နိုင်ခြင်းသည် အာဆီယံအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အာဆီယံအသိုက်အဝန်း ဖြစ်ပေါ်လာ တော့မည်ဖြစ်ပါကြောင်း၊ မိမိတို့ အာဆီယံအသိုက်အဝန်းကို ပိုမိုခိုင်မာ ရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် ဆက် လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။

အာဆီယံအသိုက်အဝန်းထူထောင်မှု သည် အမြဲရှင်သန်နေမည့် ဖြစ်စဉ် တစ်ခုဖြစ်ပြီး အဆုံးသတ်သွားပြီဟု မယူဆနိုင်ပါကြောင်း။

အာဆီယံအသိုက်အဝန်းသည် ကမ္ဘာ့အသိုက်အဝန်းအလယ်တွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ယုံကြည်အားထားအပ်ပြီး ဒေသအတွင်း အဖွဲ့အစည်းများအား ဦးဆောင်နိုင် စွမ်းရှိသည့် အဖွဲ့အစည်းဖြစ်ရန်လည်း လိုအပ်ပါကြောင်း။

အစဉ်အမြဲရှင်သန်ပြီး ကမ္ဘာကြီး၏ ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေ ရှိနေသည့် အဖွဲ့အစည်းတစ်ခုအဖြစ် အာဆီယံကို ထိန်းသိမ်းသွားနိုင်ရန် အာဆီယံ၏ ၂ဝ၁၅ ခုနှစ်အလွန် မျှော်မှန်းချက်ကိုလည်း နေပြည်တော် ကြေညာစာတမ်းနှင့်အညီ ချမှတ်သွားကြရမည်ဖြစ်ပါကြောင်း။
ယင်းမျှော်မှန်းချက် ချမှတ်မှုမှာ နိုင်ငံတကာအသိုက်အဝန်း၏ ဖြစ်ပေါ်တိုးတက်မှုများကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သကဲ့သို့ ကုလသမဂ္ဂ ၏ ၂ဝ၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက် မှုအစီအစဉ်နှင့်လည်း ကိုက်ညီအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

အာဆီယံအဖွဲ့အနေဖြင့် အာဆီယံ နှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ချစ် ကြည်ရင်းနှီးစွာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီး ဆွေးနွေးဖက် နိုင်ငံများနှင့် ယခုထက် ပိုမိုချစ်ကြည် ရင်းနှီးမှုကို တိုးမြှင့်သွားရန်လည်း လိုအပ်ပါကြောင်း၊ ထို့အတူ အာဆီယံ အဖွဲ့အစည်းသို့ ဆွေးနွေးဖက်၊ မိတ် ဖက်နိုင်ငံများအဖြစ် ကမ်းလှမ်းလျှောက် ထားလာသည့် နိုင်ငံများကိုလည်း ကြိုဆိုပါကြောင်း၊ အာဆီယံအနေဖြင့် ပြင်ပဆက်ဆံရေးကို တိုးချဲ့ရာတွင် အာဆီယံ၏ ရည်မှန်းချက်များကို အထောက်အကူပြုမှုနှင့် အာဆီယံ၏ ထိတွေ့နိုင်စွမ်းအားနှင့်ကိုက်ညီမည့် တိုးချဲ့မှုများကို ဆောင်ရွက်သွားရန် အကြံပြုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီး အကဲများသည် အာဆီယံ Inter - Parliamentary Assembly မှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီ နှင့်လည်းကောင်း၊ အာဆီယံလူငယ် ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment