Thursday, April 2, 2015

ထာဝရငြိမ်းချမ်းရေးဆီသို့


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ တို့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းရရှိနိုင် ရန်အတွက် သတ္တမအကြိမ်မြောက် နှစ်ဖက်ညှိနှိုင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး မတ်လ ၃ဝ ရက်နှင့် မတ်လ ၃၁ ရက်တို့တွင် ဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့ သမိုင်းတွင် မကြုံစဖူးထူးကဲသည့် ငြိမ်းချမ်းရေးအောင်မြင်မှု အဆင့်တစ်ခုကို ရရှိခဲ့ပါသည်။ တစ်နည်းဆိုလျှင် ငြိမ်းရေးတံခါးကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုကဲ့သို့အောင်မြင်မှုရရှိရန်အတွက် အချိန်ယူရခြင်း၊ စိတ်ရှည် သည်းခံခြင်း၊ နားလည်မှုရယူခြင်းများဖြင့် အကြိမ်ကြိမ်အခါခါ အထပ်ထပ် ဆွေးနွေးညှိနှိုင်းအဖြေရှာခဲ့ရသည်။
စစ်ရေးအမြင်မှ နိုင်ငံရေးအသွင် သို့ပြောင်းလဲပြီး သိမ်မွေ့နက်နဲစွာဆောင်ရွက်ခဲ့ရသည်။ စစ်ပွဲတစ်ရာတွင် အောင်ပွဲတစ်ရာရအောင်လုပ်နိုင်ကောင်း လုပ်နိုင်မည်ဖြစ်သော်လည်း ငြိမ်းချမ်းရေးအောင်ပွဲတစ်ခု ရရှိအောင်လုပ်နိုင်ဖို့ရာမူ လွယ်ကူလှသော အလုပ် မဟုတ်ချေ။
ယခုအောင်ပွဲတစ်ခုကို ဆင်နွှဲလိုက်နိုင်ပေပြီ၊ နိုင်ငံ့ခေါင်းဆောင် နိုင်ငံတော်သမ္မတကြီး၊ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၏ ညီညွတ်သော စွမ်းအားများဟု ဆိုရမည်ဖြစ်သည်။ အဆိုပါခေါင်းဆောင်များသာမက အမျိုးမျိုး အဖုံဖုံသော အဖွဲ့အစည်းများ၊ အထောက်အကူပြုသူများပါမကျန် ပါဝင် စွမ်းဆောင်ခဲ့ကြသဖြင့် ထိုထိုသော ပုဂ္ဂိုလ်များအားလုံးကို ငြိမ်းချမ်းရေး သူရဲကောင်းများဟု ခေါ်ဆိုချင်ပါသည်။
ပြန်ပြောင်းကြည့်ရမည်ဆိုလျှင် မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၆ဝ ကျော်ကြာ စစ်ပွဲများနှင့်ကြုံခဲ့ရသည်။ အမြင်မတူ ကွဲပြားခြားနားမှုများကြောင့် စစ်မီး မအေးဖြစ်ခဲ့ရသည်။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကို အဖြေရှာခဲ့ကြ သော်လည်း နောက်ပြန်လှည့်ခဲ့ကြသည်ကများသည်။ ယနေ့တစ်မူထူးခြားလာခဲ့ပြီ။ ငြိမ်းချမ်းရေးရောင်ခြည် သာမက ငြိမ်းချမ်းရေးအလင်းတံခါးပွင့်လာခဲ့ပြီ။ ငြိမ်းချမ်းရေးကို လိုချင်သော စိတ်၊ ငြိမ်းချမ်းရေးအတွက် ချမှတ်ပေးသောမူဝါဒ လမ်းစဉ် မှန်ကန်ကောင်းမွန်သောကြောင့် အောင်မြင်ခြင်းဟုဆိုထိုက်သည်။
လေးနှစ်နီးပါးကြာသည့် ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်အောက်တွင် သဘော တူညီချက် မူကြမ်းစာချုပ်ရရှိအောင် တစ်နှစ်ကျော်ကြာ ကြိုးစားခဲ့ရသည်။ စိတ်ရှည်သည်းခံခြင်း၊ အချိန်ယူဆွေးနွေးခြင်း၊ နားလည်မှုရရှိခြင်းတို့၏ အကျိုးရလဒ်ပင်ဖြစ်သည်။ ဤမူကြမ်းသည် ငြိမ်းချမ်းရေးအတွက်သာမက ပြည်ထောင်စုကြီးတစ်ခုလုံးအတွက် အကောင်းဆုံးဖြစ်အောင် မည်သို့ ပြန်လည်ထူထောင်မည်ပါ ပါဝင်သဖြင့် ပြည်သူများ၏ မျှော်လင့်ချက်၊ ပြည်သူများ၏ ဆန္ဒအစစ်အမှန်ဟုဆိုနိုင်ပါသည်။
ဤမျှနှင့်လည်း မပြီးသေးချေ။ သဘောတူစာချုပ် ပထမအဆင့် တံခါးဖွင့်ခဲ့ခြင်းဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးတံခါးမကြီးကို ဆက်လက် ဖွင့်လှစ်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီသို့လည်းကောင်း၊ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့က သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ၏ ခေါင်းဆောင်များထံသို့လည်းကောင်း တင်ပြအတည်ပြုချက်ယူကြမည်။ အတည်ပြုချက်ရယူပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးကြမည်။ ထိုအခါ ထာဝရ ငြိမ်းရေး ရရှိလာမည်ဖြစ်သည်။
ထို့ကြောင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒနှင့်အညီ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းသောပန်းခင်း လမ်းပေါ်တွင် ပြည်သူတစ်ရပ်လုံးနှင့်အတူလျှောက်လှမ်းကြပါရန် မေတ္တာ ရပ်ခံတိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment