Thursday, April 2, 2015

ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်အမျိုးသမီးကြီး ကွယ်လွန်



အိုဆာကာ ဧပြီ ၁
ကမ္ဘာ့အသက်အကြီးဆုံး လူသားဖြစ်သော ဂျပန် နိုင်ငံမှ မီဆာအို အိုကာဝါသည် အသက်(၁၁၇)နှစ် အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ဖြစ်ကြောင်း ယနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။
အိုဆာကာမြို့ရှိ ဘိုးဘွားရိပ်သာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၁၈၉၈ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ယင်းမြို့ ၌ပင် အိုကာဝါကို မွေးဖွားခဲ့ခြင်းဖြစ်သည်။
၎င်းသည် သားသမီးသုံးဦး ထွန်းကားခဲ့ပြီး မြေးလေးဦး၊ မြစ်ခြောက်ဦး ရှိခဲ့သည်။
၂ဝ၁၃ ခုနှစ်တွင် မစ္စ အိုကာဝါကို ကမ္ဘာ့အသက်ကြီး ဆုံးပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီးအဖြစ်လည်းကောင်း ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်း က အသိအမှတ်ပြုခဲ့သည်။
ယခုနှစ် စောစောပိုင်းတွင် ၄င်း၏ မွေးနေ့ပွဲကို ကျင်းပခဲ့ပြီး ၁၁၇ နှစ်ဆိုသည်မှာ ရှည်လျားသောအချိန် အဖြစ် သဘောထားကြောင်း ၄င်းကပြောခဲ့သည်။
အသက်ရှည်စွာ နေရခြင်း၏ အဓိကအကြောင်းမှာ တစ်ညလျှင် အနည်းဆုံး ရှစ်နာရီ အိပ်စက်ခြင်းနှင့် ဆူချီ စားခြင်းဖြစ်သည်ဟု မစ္စအိုကာဝါက ပြောခဲ့သည်။

ဆူချီသည် ၄င်း၏ အကြိုက်ဆုံး စားစရာဖြစ်ပြီး အထူးသဖြင့် ရှာလကာရည်နှင့် ပေါင်းထားသော ထမင်းကို မက်ကရယ်ငါးနှင့် စားရခြင်းကိုလည်း နှစ်သက်သည်ဟု ဆိုသည်။
သူ၏ မွေးနေ့ပွဲ ကျင်းပပုံကို နိုင်ငံပိုင် ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့သည်။

ဘီဘီစီ။

No comments:

Post a Comment