Thursday, April 2, 2015

စံတော်ချိန် နေ့စဉ်သတင်းစာထုတ်ဝေခြင်း နှစ်နှစ်ပြည့်အခမ်းအနား ကျင်းပ





ရန်ကုန် ဧပြီ ၁




''မိမိတို့ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာနယ်ဇင်းသမားများသည် တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားနေကြသည့် ပုဂ္ဂိုလ်များဖြစ်ခြင်းကြောင့် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မီဒီယာလောကနှင့် စာနယ်ဇင်းသမားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား အားပေးကူညီလျက်ရှိပါကြောင်း''ဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကန်တော်ကြီးရှိ Western Park Royal Restaurant ၌ ကျင်းပသည့် စံတော်ချိန်နေ့စဉ်သတင်းစာ ထုတ်ဝေခြင်း နှစ်နှစ်ပြည့် အခမ်းအနား၌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြား သည်။
အဆိုပါ အခမ်းအနားတွင် စံတော်ချိန် နေ့စဉ်သတင်းစာထုတ်ဝေသူ ဦးကိုကိုလေးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးပိုက်ထွေးက မုဒိတာစကား ပြောကြားရာ ''ယနေ့အချိန်တွင် ဆင်ဆာစနစ် ရုပ်သိမ်းခြင်း၊ ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ပြုခြင်း၊ မဏ္ဍိုင်ကြီးသုံးရပ်နှင့် စာနယ်ဇင်းသမားများတွေ့ဆုံခွင့်၊ ဝန်ကြီးဌာနများမှ သတင်းအချက်အလက်များ ရယူပိုင်ခွင့်၊ ယနေ့ နိုင်ငံတော်သမ္မတ အိမ်တော်တွင် သတင်းရယူနိုင်ခွင့် အစရှိသော မီဒီယာလောကဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ရေးကို အားပေးလျက်ရှိကြောင်း၊ ထုတ်ဝေခွင့်နှင့် မှတ်ပုံတင်ခွင့်လုပ်ငန်း များကိုလည်း အဆင်ပြေမြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထုတ်ဝေသူများ၊ ပုံနှိပ်စက်ပိုင်ရှင် များအနေဖြင့် ထုတ်ဝေခွင့်နှင့် ပုံနှိပ်စက်သက်တမ်းတိုးခြင်း၊ အသစ်မှတ်ပုံတင်ခြင်း လုပ်ငန်းများတွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက အမြန်ဆုံးအဆင်ပြေအောင် စီမံဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို အသိပေးလိုပါကြောင်း၊ စံတော်ချိန် သတင်းစာအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို မြင့်မားစေရန် ပြည်သူလူထုအတွက် မှန်ကန်အကျိုးဖြစ်ထွန်းစေသော သတင်းများကို ဆက်လက်ဖြန့်ဝေပေးစေလို ပါကြောင်းနှင့် နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲစေရန် ဆုမွန်ကောင်းတောင်း ပါကြောင်း''ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် စံတော်ချိန်သတင်းစာမှ ထူးချွန်ဆုရရှိကြသူများအား ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးပိုက်ထွေးနှင့် စံတော်ချိန် သတင်းစာမှ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
စံတော်ချိန် နေ့စဉ်သတင်းစာသည် အစိုးရသစ်လက်ထက် ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပုဂ္ဂလိက သတင်းစာတစ်စောင်အဖြစ် စတင် ထုတ်ဝေခဲ့ရာ ယနေ့တွင် နှစ်နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယနေ့ မြန်မာနိုင်ငံစာနယ်ဇင်းလောကတွင် ပုဂ္ဂလိကသတင်းစာ ၃၂ စောင်၊ ဂျာနယ် အစောင် ၄၃ဝ၊ မဂ္ဂဇင်း ၃၆ဝ နှင့် အထွေထွေထုတ်ဝေခွင့်ရ စာစောင်ပေါင်း ၉၇၁ စောင် စုစုပေါင်း ၁၇၉၃ စောင် ထုတ်ဝေခွင့်ပြုထားကြောင်း သိရသည်။
(ဝင်းဝင်းမော်)

No comments:

Post a Comment