Wednesday, April 29, 2015

အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်မှုအကျိုးကျေးဇူးကို အာဆီယံပြည်သူတွေ ပိုပြီးခံစားရတော့မည်








မြန်မာ့သတင်းစဉ်အဖွဲ့

(၂၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် လန်ကာဝီမြို့တို့တွင် ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးတို့ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပြီး ဧပြီ ၂၈ ရက်တွင် မြန်မာနိုင်ငံ နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါအစည်းအဝေးများနှင့်စပ်လျဉ်း၍ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်များက ယခုလိုရှင်းပြခဲ့သည်-

ဦးဝဏ္ဏမောင်လွင်
(ပြည်ထောင်စုဝန်ကြီး)

ကျွန်တော်တို့ မလေးရှားနိုင်ငံက နေပြီး ၂ဝ၁၅ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအနေနဲ့ ပထမခြောက်လပိုင်း မှာလုပ်တဲ့ (၂၆)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်ပြီး ဒီနေ့ ပြန်ရောက်တာဖြစ်ပါတယ်။ ဝန်ကြီးများအဆင့်နဲ့ အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေးတွေကို ဧပြီ ၂၅ ရက်နဲ့ ၂၆ ရက်တွေ မှာ ကျင်းပခဲ့ပြီး ထိပ်သီးအစည်းအဝေး ကိုတော့ ဧပြီ ၂၇ ရက် မနက်ပိုင်းမှာ ဖွင့်ပွဲလုပ်ပြီး မျက်နှာစုံညီအစည်း အဝေးနဲ့ နေ့လယ်ပိုင်းမှာ လန်ကာဝီမြို့မှာ ထိပ်သီးခေါင်းဆောင်ကြီးများ သီးသန့်အစည်းအဝေးတွေကို တက် ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိတာ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ နှစ်အစမှာ လုပ်တဲ့ ထိပ်သီးအစည်းအဝေးတွေမှာ အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက် ရေးကိစ္စ၊ အသိုက်အဝန်းတည်ဆောက် ရေးကိစ္စ၊ ဒေသတွင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတဲ့ ထိပ်သီးအစည်းအဝေး ဖြစ်ပါတယ်။

ပုံမှန်အစည်းအဝေးတွေမှာတော့ တစ်နှစ်တာပတ်လုံးမှာ ဆောင်ရွက်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ချမှတ်ခဲ့တဲ့ နေပြည်တော်ကြေညာချက် အပါအဝင် ၂ဝ၁၅ အလွန်မှာ အာဆီယံ အသိုက်အဝန်းထူထောင်ရေးကိစ္စရပ်တွေ ဆွေးနွေးပါတယ်။ နောက်တစ်ခါ သီးသန့်အစည်းအဝေးမှာတော့ အလယ်အလတ်ဝါဒ ကျင့်သုံးတဲ့ သူတွေရဲ့ လှုပ်ရှားမှုတွေကိုအားပေးဖို့၊ အစွန်းရောက်ဝါဒတွေကို ဆန့်ကျင်ဖို့၊ ကမ္ဘာ့ရဲ့လုံခြုံရေးနဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေ ရှိနေတဲ့ဟာတွေ ဖျောက်ဖျက်ဖို့အတွက်ကို ဘာသာ ပေါင်းစုံ၊ အယူအဆ ပေါင်းစုံနဲ့အကုန် လုံးက အလယ်အလတ်ကျတဲ့၊ သမာသမတ်ကျတဲ့လမ်းကြောင်းကို လျှောက် လှမ်းကြဖို့အတွက် လှုပ်ရှားမှုတွေ ဆောင်ရွက်ကြဖို့ဆိုတဲ့ Global Movement of Moderates ဆိုတဲ့ လန်ကာဝီ ကြေညာချက်ကို ထုတ်ပြန် ခဲ့ပါတယ်။

နောက်တစ်ခါ အာဆီယံအသိုက် အဝန်းထူထောင်ရေး ရှေ့လုပ်ငန်းစဉ် နဲ့ပတ်သက်ပြီးတော့လည်း လုပ်ငန်း စဉ်တွေ ဆက်လက်ချမှတ်ထားခဲ့တဲ့ အနေအထားဖြစ်ပါတယ်။ နောက်တစ်ခါ ဒေသတွင်းကိစ္စရပ်တွေဖြစ်တဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေ၊ အထူးသဖြင့်တော့ အာရှ ပစိဖိတ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ တောင်တရုတ်ပင်လယ် ကိစ္စမှာ သက်ဆိုင်ရာ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေး၊ ဒီအခြေအနေကနေပြီးတော့ Code of Conduct ဆိုတဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲမှာရှိတဲ့လှုပ်ရှားမှုတွေ၊ ကူးသန်းရောင်းဝယ်မှုတွေ၊ ပင်လယ်ပြင် အသုံးပြုပြီးတော့ သွားလာမှုတွေနဲ့ ပတ်သက်တဲ့ ကျင့်ထုံးတစ်ရပ် အမြန် ပေါ်ပေါက်ရေးကို အားလုံးဆွေးနွေး သွားကြဖို့၊ ဆွေးနွေးတဲ့နည်းလမ်းနဲ့ပဲ အဖြေရှာကြဖို့၊ ငြိမ်းချမ်းစွာ အဖြေ ရှာကြဖို့ ဒါတွေကို အကျေအလည် ဆွေးနွေးခဲ့ကြတဲ့ အနေအထားတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်တရုတ် ပင်လယ်ကိစ္စနဲ့ ပတ်သက်လာရင်လည်း ရှေ့ဆက်ပြီးတော့ ဆွေးနွေးမှုတွေကို အဆင့်လိုက် အဆင့်လိုက် ဆက်လက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါကို ထိပ်သီးဆွေးနွေးပွဲက ရရှိတဲ့ ထူးခြားချက်တွေအနေနဲ့ ပြောကြားလိုပါတယ်။

ဦးရဲထွဋ်
(ပြည်ထောင်စုဝန်ကြီး)

ဒီဆွေးနွေးပွဲမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ကျွန်တော်တို့နိုင်ငံ ဥက္ကဋ္ဌ တာဝန်ယူတဲ့အချိန်မှာ ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၅ အလွန် အာဆီယံမျှော်မှန်းချက် တွေဖြစ်တဲ့ နေပြည်တော်ကြေညာ စာတမ်းကို အခြေခံပြီး ဘာတွေ ဆက်လုပ်မလဲဆိုပြီး မလေးရှားနိုင်ငံက ဦးဆောင်ပြီးဆွေးနွေးခဲ့တာပါ။ အဓိကအားဖြင့် အာဆီယံက လူဦးရေ အားဖြင့် သန်း ၆ဝဝ ရှိပြီး ပို့ကုန် အနေနဲ့ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် ပို့ကုန်အများဆုံးနဲ့ တတိယမြောက် စီးပွားရေး အကြီးဆုံးဖြစ်တယ်။ ဒါကြောင့်လာမယ့် ၂ဝ၂၅ ကာလ အတွင်းမှာ ဘယ်လောက်ထိ စီးပွား ရေးတိုးတက်ဖွံ့ဖြိုးအောင်လုပ်မလဲ၊ နောက်တစ်ခါ အာဆီယံပြည်သူတွေ အားလုံးအနေနဲ့ အာဆီယံပေါင်းစည်း တဲ့ အကျိုးကျေးဇူးကို ဘယ်လိုခံစားရ အောင်လုပ်မလဲဆိုတာကို ဦးစားပေး ဆွေးနွေးတယ်။ ဒုတိယတစ်ပိုင်း ကတော့ လန်ကာဝီကြေညာချက်လို့ ခေါ်တယ်။ အာဆီယံသည် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့နေရာ မှာ၊ အစွန်းရောက်ဝါဒတွေကို ဖြေရှင်းတဲ့နေရာမှာ စံနမူနာပြအဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည်နိုင်ဖို့အတွက် Global Movement of Moderates လို့ခေါ်ပါတယ်။ ဒီကနေ့ အစ္စလာမ် အစွန်းရောက်ဝါဒတွေကို ဆန့်ကျင်နိုင် ဖို့အတွက် လုပ်တဲ့ဟာပါ။ ဒါကြောင့်မို့ ပြန်ချုံ့ပြောရရင် အခုအစည်းအဝေး မှာ ပထမတစ်ချက်က ၂ဝ၁၅ နဲ့ ၂ဝ၂၅ ကြားကာလအတွင်းမှာ အကောင် အထည်ဖော်ရမယ့်ကိစ္စတွေနဲ့ ဒုတိယ တစ်ချက်က အစွန်းရောက်ဝါဒ ဆန့်ကျင်ဖို့တွေကို လုပ်ခဲ့ပါတယ်။

ဟောင်ကောင်အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အတော်များများရှိတယ်။ အထူးသဖြင့် အထည်ချုပ် လုပ်ငန်းနဲ့ ဖိနပ်ချုပ်လုပ်ငန်းတွေမှာ အများကြီးရှိပါတယ်။ သမ္မတကြီးနဲ့ တွေ့တဲ့အခါမှာ ဟောင်ကောင် အနေနဲ့ မြန်မာနိုင်ငံရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ဖို့၊ နောက်တစ်ခုက ဟောင်ကောင်ရဲ့ အားသာချက်ဖြစ်တဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ ပိုပြီးပူးပေါင်းဆောင်ရွက်နိုင်ဖို့ကို ဦးစားပေး ဆွေးနွေးခဲ့ပါတယ်။ ဒီနှစ်ခုကို တိုးချဲ့ပြီးလုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နဲ့ ဟောင်ကောင်က ကုန်သည်ကြီးများ အသင်းနဲ့ အပြန်အလှန်လည်ပတ်ဖို့ ဆွေးနွေးပွဲတွေ ကျင်းပဖို့ကို လုပ်ခဲ့ပါတယ်။

အေအီးစီ(AEC)နဲ့ပတ်သက်ပြီး ၂ဝ၁၅ ကနေ ၂ဝ၂၅ ကာလအတွင်းမှာ အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်မှု အကျိုးကျေးဇူးကို အာဆီယံပြည်သူတွေ ပိုပြီးခံစားရဖို့ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံ ပြည်သူထဲမှာကို အာဆီယံတစ်ခုတည်းသော စီးပွားရေးဇုန်ဖြစ်လို့ရှိရင် ဘာအခွင့်အရေးတွေရမယ်ဆိုတာကို မသိသေးသလို ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေအပေါ် အစိုးရိမ်လွန်တာတွေလည်း ရှိပါတယ်။ အဲဒါတွေကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ နောက်တစ်ခုက အာဆီယံကုန်သည် ကြီးများနဲ့ အာဆီယံခေါင်းဆောင် များတွေ့တဲ့အခါမှာ အာဆီယံ ကုန်သည်ကြီးများက အာဆီယံစီးပွား ရေးဇုန်အတွင်းမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အာဆီယံ ခေါင်းဆောင်များက အားပေးဖို့၊ အာဆီယံဒေသအတွင်းမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးကို သက်ဆိုင်ရာနိုင်ငံတွေက ပိုပြီးအကာအကွယ်ပေးဖို့၊ ဘာကြောင့် လည်းဆိုတော့ အာဆီယံမှာ ရွှေ့ပြောင်း လုပ်သားတွေနဲ့ပတ်သက်တဲ့ မူဝါဒ တိတိကျကျ မပေါ်ထွက်သေးတဲ့အတွက် အဲဒါကိုတိုက်တွန်းတာ ဖြစ်ပါတယ်။

သမ္မတကြီးအနေနဲ့ မလေးရှားနိုင်ငံအပြင် ဘယ်နိုင်ငံမှာပဲရှိရှိ အလုပ်သမားတွေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ မူဝါဒရှိပါတယ်။ ဒါကြောင့်မို့ မလေးရှားနိုင်ငံမှာ အလုပ်သမား သံအရာရှိခန့်ထားသလို အင်အားကိုလည်း တိုးချဲ့ထားပါတယ်။ နောက်ပြီး မလေးရှားမှာရှိတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး၊ ဘေးအန္တရယ်ကင်းရှင်းရေးနဲ့ တရားဝင်လုပ်ကိုင်နိုင်ခွင့်ရရှိဖို့တွေကို အမြဲတမ်းဆောင်ရွက်နေပါတယ်။ ဒါ့အပြင် သမ္မတကြီးအနေနဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါတိုင်း အမြဲပြောပါတယ်။
သီးသန့် အစည်းအဝေးမှာ ခေါင်းဆောင်တွေအနေနဲ့ လန်ကာဝီ ကြေညာစာတမ်းနဲ့ GMM ပတ်သက် တဲ့ကိစ္စတွေကို အဓိကထားဆွေးနွေး ကြတယ်လို့ သိရပါတယ်။

မလေးရှားနဲ့စင်ကာပူက အာဆီယံရဲ့ တစ်ခုတည်းသော စံတော်ချိန်ပြုလုပ်ဖို့ အဆိုပြုပါတယ်။ ဟောင်ကောင်နဲ့ တရုတ်တို့နဲ့ စံတော်ချိန်တူတယ်ဆိုရင် စတော့ဈေးကွက်တွေ လုပ်ကိုင်ရာမှာ အဆင်ပြေမယ်ဆိုပြီး ဆွေးနွေးကြ တာပါ။ ဒါကို လွန်ခဲ့တဲ့ ခြောက်နှစ် တုန်းကလည်း တင်သွင်းခဲ့ဖူးပါတယ်။ အာဆီယံမှာ တခြားအရေးကိစ္စတွေရှိ သေးတဲ့အတွက် အခုကိစ္စကို ထပ်မံပြီး အကျိုးအပြစ်တွေ လေ့လာဖို့ရှိပါ တယ်။ ချက်ချင်းတော့ မဆုံးဖြတ်သေး ပါဘူး။

ဦးအောင်လင်း
ညွှန်ကြားရေးမှူးချုပ်
အာဆီယံရေးရာဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန

အာဆီယံထိပ်သီးအစည်းအဝေး က (၂၆) ကြိမ်မြောက် ထိပ်သီးအစည်း အဝေးဖြစ်ပါတယ်။ အခုနှစ်ရဲ့ ဒုတိယ အကြိမ်ကျင်းပမယ့် ထိပ်သီးအစည်း အဝေးအပြီးမှာ အာဆီယံနိုင်ငံတွေဟာ အာဆီယံအသိုက်အဝန်းဆိုပြီး ပေါ် ပေါက်လာမှာဖြစ်ပါတယ်။ အခုအစည်းအဝေးက အဲဒီအတွက်ကို ပြင်ဆင်တဲ့အရေးကြီးတဲ့ အစည်း အဝေးဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ဘာတွေဆုံးဖြတ်လဲဆိုတော့ မနှစ်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နေပြည်တော် ကြေညာချက်ဆိုတာ ထုတ်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ အာဆီယံအသိုက်အဝန်းကြီး ပေါ်ပေါက်လာခဲ့ရင် အာဆီယံက ပြည်သူကို ဗဟိုပြုပြီး ပြည်သူကို အခြေခံတဲ့ အာဆီယံအနေနဲ့ ဘယ်လို ရှေ့ဆက်သွားမယ်ဆိုတဲ့အခြေခံအစပြုခဲ့တာကို အာဆီယံအသိုက်အဝန်း ပေါ် ပေါက်တဲ့အခါ နောင်လာမယ့် အနာဂတ်မှာ ဘယ်လိုလုပ်မလဲဆိုတဲ့ ကြေညာချက်တစ်ခုထုတ်ဖို့အတွက် ကို အခုအစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

အစည်းအဝေးကို နှစ်ပိုင်းခွဲထားပါတယ်။ ပထမအပိုင်းကတော့ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပခဲ့တဲ့ မျက်နှာ စုံညီအစည်းအဝေးရယ်၊ လန်ကာဝီ ကျွန်းမှာကျင်းပခဲ့တဲ့ သီးသန့်အစည်း အဝေးဖြစ်ပါတယ်။ မျက်နှာစုံညီ အစည်းအဝေးမှာ နိုင်ငံ့ခေါင်းဆောင်တွေက အာဆီယံအသိုက်အဝန်းမှာ သူတို့ ဘာတွေမျှော်မှန်းလဲ၊ အာဆီယံ အသိုက်အဝန်း ပေါ်ပေါက်လာရင် ပြည်သူတွေကို အခြေခံပြီး ဘယ်လိုဆက်ပြီး အသိုက်အဝန်းကြီး တည်ဆောက်မယ်ဆိုတာတွေကို ဆွေးနွေးကြပါတယ်။ နိုင်ငံတော် သမ္မတအနေနဲ့က လာမယ့်အာဆီယံ အသိုက်အဝန်းမှာ ပြည်သူကိုအခြေ ပြုတဲ့ အာဆီယံကို မြန်မာနိုင်ငံက အပြည့်အဝ ထောက်ခံတယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။

နောက်တစ်ခုက အခုကမ္ဘာပေါ်မှာ ရင်ဆိုင်နေရတဲ့ အစွန်းရောက်တွေနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမယ်ဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ခု လန်ကာဝီမှာကျတော့ အာဆီယံနိုင်ငံတွေမှာ မတူကွဲပြားနေတဲ့ ယဉ်ကျေးမှုတွေ၊ နောက်ခံတွေ၊ ဘာသာရေးတွေ ရှိနေပေမယ့်တူညီတဲ့အချက် ကဘာလဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို တည်ဆောက်ဖို့ ဆိုတဲ့ ဘုံရည်မှန်းချက်ကို ဘယ်လိုအကောင်အထည်ဖော်သွားမယ်ဆိုတာကို မလေးရှားနိုင်ငံအနေနဲ့ အစွန်းမရောက်ဘဲ အလယ်အလတ် လှုပ်ရှားမှုလမ်းစဉ် (Global Movement of Moderates)ကို ကနဦးအစပျိုးခဲ့တာကိုလည်း မြန်မာနိုင်ငံအနေနဲ့ ထောက်ခံပါတယ်ဆိုတာကို ကျွန်တော်တို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့တာ ရှိပါတယ်။

ထင်ရှားတဲ့ ပြောင်းလဲမှုကတော့ အာဆီယံကို စတည်ထောင်ခဲ့စဉ်က အာဆီယံကို အစိုးရချင်းဆက်ဆံတဲ့ Intergovernmental Organization လို့ ခေါ်တာပါ။ အခုက အစိုးရချင်း မဟုတ်တော့ဘဲ ပြည်သူတစ်ရပ် လုံးပါဝင်တဲ့ အာဆီယံအနေနဲ့ပြောင်းလဲ လာတာပါ။ အာဆီယံက စဖွဲ့ခဲ့စဉ်က စီးပွားရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုကို အခြေခံခဲ့တာပါ။ အခုက ပူးပေါင်း ဆောင်ရွက်မှုထက်ပိုပြီး အဆင့်မြင့်တဲ့ ပေါင်းစည်းမှုကို ဦးစားပေးဆောင်ရွက် နေတာ ထူးခြားတဲ့ ပြောင်းလဲမှုဖြစ်ပါ တယ်။

နောက်ပြီး မလေးရှားက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့အချိန်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အသေးစား နဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ မြှင့်တင်ဖို့ကိုလည်း ဦးစားပေး ဆွေးနွေး ခဲ့တာ ရှိပါတယ်။ ဒါကြောင့်မို့ ၂ဝ၁၅ ခုနှစ်ကုန်မှာ ပေါ်ပေါက်လာမယ့် အာဆီယံအသိုက်အဝန်းမှာ အာဆီယံ ရဲ့ အသေးစားနဲ့အလတ်စား စီးပွားရေး လုပ်ငန်းတွေ ပိုပြီးဖွံ့ဖြိုးတိုးတက်လာ လိမ့်မယ်လို့ မြင်ပါတယ်။

အရှေ့တီမောက အာဆီယံကို ဝင်ရောက်လိုပါတယ်လို့ ပြောခဲ့တာ နှစ်အတော်အတန်ရှိခဲ့ပါပြီ။ အာဆီယံ အနေနဲ့လည်း အရှေ့တီမော( တီမော လက်စတေ)ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ သူဝင်လာတဲ့အခါ ဘယ်လိုရှိမလဲ ဆိုတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုတဲ့ အသိုက်အဝန်းမဏ္ဍိုင်ကြီး သုံးခု စလုံးကနေ ဆန်းစစ်မှုတွေ ပြုလုပ်နေပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာလိမ့်မယ်လို့ အားလုံး က မျှော်လင့်နေကြပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံအနေနဲ့ အာဆီယံက နိုင်ငံ ၁ဝ နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး အာဆီယံခြောက်နိုင်ငံက နောက် လေးနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ ထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှေ့ရောက် နေပါတယ်။ ဒီဖွံ့ဖြိုးတိုးတက်မှုကွာ ခြားမှုကို ကျဉ်းမြောင်းဖို့ အာဆီယံ ကနဦးအစီအစဉ် (Initiative for ASEAN Integration) ဆိုတာကို အကောင်အထည် ဖော်နေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု ကွာခြားမှုကလည်း ပိုပြီးကျဉ်းမြောင်းဖို့အတွက် ဖွံ့ဖြိုး တိုးတက်နေတဲ့ ခြောက်နိုင်ငံနဲ့ အတူကျန်တဲ့ လေးနိုင်ငံကလည်း ကြိုးစား နေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုကွာခြား မှုကလည်း တဖြည်းဖြည်းပိုပြီး ကျဉ်းမြောင်းလာပါတယ်။

ရှေ့ဆက်မယ့်လုပ်ငန်းစဉ်အနေနဲ့ အာဆီယံက ပိုပြီးပေါင်းစည်းလာတဲ့ အာဆီယံဖြစ်လာတဲ့အခါ စီးပွားရေး သာမက နိုင်ငံရေးဖြစ်စဉ်တွေမှာပါ အာဆီယံနိုင်ငံတွေအနေနဲ့ တူညီတဲ့ အမြင်သဘောထားတွေ ရှိပါတယ်။ ပေါင်းစည်းလာတဲ့အခါ စီးပွားရေးတင် မဟုတ်ဘဲ နိုင်ငံရေးနဲ့ ပတ်သက်ပြီး တော့လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံ တွေမှာ ကွဲပြားနေတဲ့ နိုင်ငံရေးစနစ် တွေရှိပေမယ့် ကိုယ့်ဒေသရဲ့ စီးပွားရေးကို ဖော်ဆောင်ပေးမယ့် နိုင်ငံ တကာဖြစ်စဉ်တွေမှာ ဘုံတူညီချက် ရပ်တည်ချက်နဲ့တူညီတဲ့ အမြင်သဘော ထားတွေဖော်ဆောင်သွားဖို့ရှိပါတယ်။

Free Trade Area အနေနဲ့က အာဆီယံရဲ့ဆွေးနွေးဖက်နိုင်ငံတွေနဲ့ တည်ထောင်ထားတာလည်း တော်တော် များများရှိတာ အများလည်းသိပါ တယ်။ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ အလုံးစုံစီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင် နိုင်မယ့် Regional Comprehensive Economic Partnership ဆိုတဲ့ အင်မတန် ရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်ကိုလည်း အာဆီယံက ဆွေးနွေးဖက်နိုင်ငံတွေနဲ့ ဆက်လက် ပြီးလုပ်နေပါတယ်။ ဒီနှစ်ကုန်မှာ ဆွေးနွေးမှုတွေ အောင်မြင်မယ်ဆိုရင် အာဆီယံဒေသသာမက ပိုပြီးကျယ်ပြန့်တဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ရင်းနှီး မြှုပ်နှံမှုတွေလုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ၂ဝ၁ဝ ခုနှစ်ကတည်းက အာဆီယံက တရုတ်နဲ့ Free Trade Area ကို စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံနဲ့ ပိုပြီး ကျယ်ပြန့်အောင်နဲ့ အာဆီယံနိုင်ငံတွေ ပိုမိုပါဝင်နိုင်အောင် ဆောင်ရွက်နိုင်ဖို့လည်း လုပ်နေပါတယ်။ တရုတ်နဲ့သာမက အိန္ဒိယ၊ အီးယူတို့နဲ့ လည်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့လုပ်နေပါတယ်။ အခုကျင်းပတဲ့ အစည်းအဝေးကာလမှာပဲ အာဆီယံဝန်ကြီးတွေနဲ့ အီးယူစီးပွား ရေးဝန်ကြီးတွေ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။ ။

No comments:

Post a Comment