Wednesday, April 29, 2015

ရန်ကုန်စတော့အိတ်ချိန်း သိကောင်းစရာအမေးအဖြေများ


The Mirror Daily's photo.


သတင်းအဖွဲ့

ယခုနှစ်နှောင်းပိုင်းတွင် ပေါ်ပေါက်လာတော့မည့် ''ရန်ကုန်စတော့အိတ်ချိန်းနှင့်ပတ်သက်၍ အများပြည်သူ သိရှိစေရန်'' ရန်ကုန်စတော့အိတ်ချိန်းတည်ထောင်မှု ကြိုတင်ပြင်ဆင်ရေးအဖွဲ့နှင့် ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင်တို့၏ဥက္ကဋ္ဌ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းအား တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ယခုနှစ်နှောင်းပိုင်းတွင် ပေါ်ပေါက်လာတော့မယ့် ရန်ကုန်စတော့ အိတ်ချိန်းကို ဘယ်သူတွေက ကြီးကြပ်မှာပါလဲ။ ဘာဥပဒေနဲ့ ကြီးကြပ်မှာပါလဲ။

ဖြေ။ ။` ယခုနှစ်နှောင်းပိုင်းတွင် ပေါ်ပေါက်လာတော့မယ့် ရန်ကုန်စတော့ အိတ်ချိန်းကို ကြီးကြပ်ဖို့အတွက် ''ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေး ကော်မရှင်''ကို အဖွဲ့ဝင် ခြောက်ဦးနဲ့ ဖွဲ့ထားပြီးဖြစ်ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ကတော့ ကျွန်တော်ပါပဲ။ ဒီကော်မရှင်ရဲ့ရုံးကိုအမှတ် (၂၁/၂၅)ဆူးလေဘုရားလမ်း တတိယထပ်မှာ ဖွင့်လှစ်ထားပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းလုပ်မယ့် အဆောက်အအုံ (မြဝတီဘဏ်ရုံးချုပ်ဟောင်း) နဲ့ မျက်နှာချင်းဆိုင်မှာဖြစ်ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းကို ၂ဝ၁၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ''ငွေချေး သက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးဥပဒေ''နဲ့ ကြီးကြပ်ကွပ်ကဲ သွားမှာပါ။

မေး။ ။ ရန်ကုန်စတော့အိတ်ချိန်းကို ယခုနှစ်နှောင်းပိုင်းမှာ ဖွင့်နိုင်ဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြင်ဆင်မှုတွေကို ဘယ်လိုဆောင်ရွက်နေပါလဲ။ ဘယ်အဆင့်ရောက်နေပါပြီလဲ။
ဖြေ။ ။ ရန်ကုန်စတော့အိတ်ချိန်းထူထောင်ဖို့ ပြင်ဆင်မှုတွေကို ၂ဝ၁၂ ကတည်းက စတင်ခဲ့တာပါ။ မဏ္ဍိုင် (Pillar) သုံးခု မဟာဗျူဟာကို ချမှတ် ပြီးဆောင်ရွက်တာပါ။ စတော့အိတ်ချိန်းတစ်ခုဖြစ်လာဖို့ လိုအပ်ချက်ကြီးသုံးခု သို့မဟုတ် မဏ္ဍိုင်ကြီးသုံးခုရှိပါတယ်။ ပထမမဏ္ဍိုင်ကဥပဒေနဲ့ကြီးကြပ် ကွပ်ကဲမှုဖြစ်ပါတယ်။ ဒုတိယမဏ္ဍိုင်က စတော့အိတ်ချိန်းနဲ့ ပတ်သက်တဲ့ ရုပ်ပိုင်းတည်ဆောက်မှုဖြစ်ပါတယ်။ တတိယမဏ္ဍိုင်ကတော့ စတော့အိတ်ချိန်း မှာ ပါဝင်ကပြအသုံးတော်ခံကြမယ့် Playersတွေနဲ့ ပတ်သက်ပါတယ်။ ပုံနဲ့ ပြရရင်တော့ ယာပုံအတိုင်း ဖြစ်ပါလိမ့်မယ်။ ဒီမဏ္ဍိုင်ကြီး သုံးခုကို တည်ဆောက် ရာမှာလည်း တစ်ပြိုင်တည်းလုပ်ခြင်းနည်းဗျူဟာ Simultaneous tactic ကိုသုံးပါတယ်။

ပထမမဏ္ဍိုင်က ဥပဒေနဲ့ ကြီးကြပ်ကွပ်ကဲမှု (Legal Framework & Regulatory)အပိုင်းဖြစ်ပါတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ ငွေချေးသက်သေခံ လက်မှတ်ဥပဒေကို ၂ဝ၁၃မှာ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ အဲဒီဥပဒေရဲ့ နည်းဥပဒေ တွေလည်းရေးဆွဲအတည်ပြုခဲ့ပြီး လွှတ်တော်တင်ပြဖို့ ဆောင်ရွက်နေပါတယ်။လိုအပ်တဲ့ အမိန့်ညွှန်ကြားချက်တွေလည်း အရန်သင့်ရေးထားပြီး လိုအပ်သလို ထုတ်ပြန်သွားမှာပါ။ စတော့အိတ်ချိန်းအတွက် Business Rules တွေ ရေးဆွဲပြီးပါပြီ။ ကြီးကြပ်အုပ်ချုပ်တဲ့အပိုင်း Regulatory အတွက်ကတော့ ပထမပြောခဲ့တဲ့အတိုင်း ''ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင် '' “ Securities and Exchange Commission of Myanmar” အတိုကောက် SECM ကို ဖွဲ့ပြီးပါပြီ။ ရုံးခန်းလည်းဖွင့်ပြီး ရုံးလုပ်ငန်းတွေလည်း ဆောင်ရွက် နေပါပြီ။ ဒါကြောင့် ဒီမဏ္ဍိုင်နဲ့ ပတ်သက်ရင် ၈ဝ ရာခိုင်နှုန်းလောက်ပြီးတယ်လို့ ဆိုနိုင်ပါတယ်။

မေး။ ။ ဒုတိယနဲ့ တတိယမဏ္ဍိုင်များ တည်ဆောက်မှုအခြေအနေ ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ဒုတိယမဏ္ဍိုင်ကတော့ စတော့အိတ်ချိန်းကို ရုပ်ပိုင်းတည်ဆောက်မှု ဖြစ်ပါတယ်။ ဒီအတွက် ဖွဲ့စည်းမှုအနေနဲ့ မြန်မာ့စီးပွားရေးဘဏ်ရယ် ဂျပန်နိုင်ငံက ဒိုင်ဝါသုတေသနနဲ့ ဂျပန်စတော့အိတ်ချိန်း အုပ်စုရယ်ပေါင်းပြီး ဖက်စပ်ကုမ္ပဏီဖွဲ့ပြီးပါပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာလည်း မှတ်ပုံတင်ပြီးပါပြီ။ ရန်ကုန်စတော့အိတ်ချိန်းရဲ့ တည်နေရာကတော့ အမှတ် (၂၄/၂၆) ဆူးလေဘုရားလမ်း။ ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့် ယခင်ပြည်ထောင်စုဘဏ်အဆောက်အအုံနောက်ပိုင်း မြဝတီဘဏ်ရုံးချုပ် လုပ်ခဲ့တဲ့ကျောက်တုံးကြီးတွေနဲ့ ဆောက်ထားတဲ့ အင်မတန် ခံ့ညားထယ်ဝါတဲ့ ရှေးဟောင်းအဆောက်အအုံကြီးပါပဲ။ ဒီအဆောက်အအုံကို စတော့အိတ်ချိန်း လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ ပြင်ဆင်မှုလုပ်ငန်းတွေ စလုပ်နေပါပြီ။ ဇွန်၊ ဇူလိုင်မှာ ပြီးမယ်လို့ ခန့်မှန်းထားပါတယ်။

မေး။ ။ ရန်ကုန်စတော့အိတ်ချိန်းမှာ ICT သုံးဦးမှာပါလား။

ဖြေ။ ။ ဟုတ်ကဲ့သုံးပါမယ်။ ဒုတိယမဏ္ဍိုင်ရဲ့ အစိတ်အပိုင်းတစ်ခုဟာ ICT စနစ်ပါပဲ။ ယနေ့ စတော့အိတ်ချိန်းတွေဟာ ရှေးတုန်းကလိုအခန်းကျယ်ကြီး ထဲမှာ အော်ပြောကြ၊ လက်ဟန်ခြေဟန်တွေနဲ့ အချက်ပြကြ၊ တယ်လီဖုန်း နှစ်လုံးကို နားရွက်တစ်ဖက်တစ်လုံးစီတစ်ပြိုင်တည်းကိုင်ပြီး ပြောကြတာမျိုး မရှိတော့ပါဘူး။ ယနေ့ ကမ္ဘာ့စတော့အိတ်ချိန်းတွေမှာ ICT စနစ်တွေ တပ်ဆင် အသုံးပြုလာတဲ့အတွက် စတော့ရှယ်ယာဝယ်သူ၊ ရောင်းသူတွေဟာ စတော့အိတ်ချိန်းကို လာစရာမလိုတော့ဘဲ မိမိရဲ့ Hand Phone တွေက တစ်ဆင့် ရှယ်ယာဈေးနှုန်းအတက်အကျတွေ ကြည့်နိုင်တယ်။ ဝယ်/ရောင်း order တွေ ပေးလို့ရပါတယ်။ ဒါကြောင့် စတော့အိတ်ချိန်းတွေမှာ လူတွေ ရှုပ်ယှက်ခတ်မနေတော့ပါဘူး။ ပြီးခဲ့တဲ့လက အာဆီယံနဲ့ အပေါင်းသုံးနိုင်ငံ ဒုတိယဝန်ကြီးများ အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ သွားတက်ရင်းနဲ့ ရသမျှအချိန်ပိုင်းလေးအတွင်းမှာ မလေးရှားစတော့အိတ်ချိန်း ကို သွားလေ့လာခဲ့ပါတယ်။ ခုနက ပြောသလိုပဲ လူရှင်းနေတာတွေ့ရပါတယ်။ ဒါကြောင့် ရန်ကုန်စတော့အိတ်ချိန်းမှာလည်း ကမ္ဘာ့ခေတ်မီ ICT စနစ် တပ်ဆင်မှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း တင်ဒါခေါ်ခဲ့ပြီးပါပြီ။ မြန်မာ၊ ဂျပန်အစိုးရနဲ့ အရပ်ဘက်ပညာရှင်တွေပါတဲ့ ICT ပညာရှင်အဖွဲ့က အကောင်းဆုံးလည်းဖြစ်၊ ဈေးအသက်သာဆုံးလည်းဖြစ်တဲ့ ICT စနစ် တစ်ရပ်ကို ရွေးချယ်ပြီးခဲ့ပါပြီ။ စာချုပ်ချုပ်ပြီး တပ်ဆင်ဖို့ပဲကျန်ပါတယ်။ ဒါကြောင့် ရန်ကုန်စတော့အိတ်ချိန်းဖွင့်တဲ့အခါမှာ အခြားခေတ်မီတဲ့ နိုင်ငံ တွေမှာလို ရှယ်ယာဈေးနှုန်း၊ ဝယ်/ရောင်းတာတွေကို မိမိရဲ့ Hand Phone ကတစ်ဆင့် လုပ်နိုင်မှာပါ။

မေး။ ။ ဒုတိယမဏ္ဍိုင်က ပြီးပြည့်စုံပါပြီလား။ မပြည့်စုံသေးရင် ဘယ် ရာခိုင်နှုန်းလောက်ပြီးနေပါပြီလဲ။
ဖြေ ။ ။ မပြည့်စုံသေးပါ။ စတော့အိတ်ချိန်းလိုင်စင်ထုတ်ပေးဖို့၊ ဝန်ထမ်း ခန့်ဖို့တွေ လိုပါသေးတယ်။ ဒါတွေလည်းလုပ်ဆောင်နေပါပြီ။ စတော့အိတ်ချိန်း လိုင်စင် မကြာခင်ထုတ်ပေးသွားမှာပါ။ဝန်ထမ်းတွေခန့်ဖို့ကလည်း Training တွေ အကြိမ်ကြိမ်ပေးပြီးသားပါ။ လွှဲပေးဖို့အဆင့်ပဲ ကျန်ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းအဆောက်အအုံကို မွမ်းမံမှုမပြီးခင်မှာ SECM ရုံးမှာပဲ တွဲဖက်ထားမှာပါ။ ဒုတိယမဏ္ဍိုင်တည်ဆောက်မှုကလည်း ၇ဝ ရာခိုင်နှုန်း ပြီးပြီလို့ စိတ်ချလက်ချပြောနိုင်ပါတယ်။ (ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment