Wednesday, April 1, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံ နမ့်ငွမ်း(၁)ရေအားလျှပ်စစ်စက်ရုံသို့ သွားရောက်လေ့လာ

'ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့
လာအိုနိုင်ငံ နမ့်ငွမ်း(၁)ရေအားလျှပ်စစ်စက်ရုံသို့ သွားရောက်လေ့လာ
===============================================

ဗီယင်ကျန်း   မတ်   ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး ဦးဆောင်သော  ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည်  မတ် ၃၁ ရက် နံနက်ပိုင်းတွင်  လာအိုသမ္မတရုံး ဝန်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးနှင့် ဇနီးတို့နှင့် အတူ လာအိုနိုင်ငံ၏  လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးစက်ရုံတည် ရှိရာ  နမ့်ငွမ်း(၁)  ရေအားလျှပ်စစ် စက်ရုံသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။
ဒုတိယသမ္မတနှင့်  အဖွဲ့သည် ဗီယင်ကျန်းမြို့၏ မြောက်ဘက် ကီလို မီတာ ၉ဝ အကွာတွင်တည်ရှိသည့် နမ့်ငွမ်း(၁)ရေအားလျှပ်စစ်စက်ရုံသို့ ရောက်ရှိရာ  ဗီယင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့အား နမ့်ငွမ်း(၁)ရေအားလျှပ်စစ်စက်ရုံ တွင် လာအိုနိုင်ငံစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန စွမ်းအင်မူဝါဒနှင့် စီမံကိန်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Khamso Kouphokham က လာအိုနိုင်ငံ၏ စွမ်းအင်အခြေအနေနှင့်ပတ်သက်၍လည်းကောင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုမြှင့်တင်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Anousak PHONGSAVATH က လာအိုတစ်နိုင်ငံလုံး ၁၅ နှစ်အတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လည်းကောင်း၊Sunlabob Renewable Energy ကုမ္ပဏီမှS CEO Andy Schroeler က နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လာအိုနိုင်ငံ၏ ကျေးလက်ဒေသ ရေရရှိ ရေးဆောင်ရွက်နေမှုကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ဒုတိယ သမ္မတက အဆိုပါရှင်းလင်းချက်များအပေါ် ပြန်လည်သုံးသပ်မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ 

ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဗီယင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများနှင့်အတူ နမ့်ငွမ်း(၁)ရေအားလျှပ်စစ်စက်ရုံအတွင်းရှိ ရေအားလျှပ်စစ် ထုတ်လုပ်နေမှုကို ကြည့်ရှုလေ့လာသည်။ 

ထို့နောက် နမ့်ငွမ်း ဆည်ရေလှောင်ကန်အတွင်း ခရီးသွားလာမှုလုပ်ငန်း နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုလေ့လာပြီးနောက် ဗီယင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူးက ရေယာဉ်ပေါ်တွင် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက် ရောက်ခဲ့သည်။

လာအိုနိုင်ငံ၏ လျှပ်စစ်မီးရရှိမှုအခြေအနေသည် ၁၉၉၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုပေါင်း ၁၉ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂ဝ၁၄ ခုနှစ် တွင် အိမ်ထောင်စုပေါင်း၏ ၈၈ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးရရှိအောင် ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ လာအိုနိုင်ငံ၏ လူတစ်ဦးချင်းလျှပ်စစ်သုံးစွဲမှုမှာ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှတိုးတက်မှု ၁ဝ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ယခုလက်ရှိတွင် ကီလိုဝပ်နာရီ ၄၇ဝ ရှိကြောင်း၊ နိုင်ငံ၏ ပို့ကုန်ဝင်ငွေစုစုပေါင်း ၏ ၁၅ ရာခိုင်နှုန်းမှာ လျှပ်စစ်ဓာတ်အားကို ပြည်ပသို့ တင်ပို့ရောင်းချမှုမှ ရရှိ နေကြောင်းနှင့် ၂ဝ၂ဝ ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု၌ လျှပ်စစ် ကဏ္ဍ၏ ပါဝင်မှုကို ၁၆ ရာခိုင်နှုန်းအထိ တိုးတက်ရရှိအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် လျှပ်စစ်ထုတ်လုပ်ရန် စက်တပ်ဆင်မှုစွမ်းအား ၃၃၂၉ မဂ္ဂါဝပ်ရှိရာမှ ၂ဝ၂ဝ ခုနှစ်တွင် ၉၅၁၄ မဂ္ဂါဝပ်အထိ တိုးတက်အောင် ရေအားလျှပ်စစ်ကို အဓိကထား၍ဆောင်ရွက်ကာ ထွက်ရှိလာမည့် လျှပ်စစ်မှ ၈၅ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချသွားရန် စီမံထားကြောင်း၊ နမ့်ငွန်မြစ် ပေါ်တွင် ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စက်ရုံစီမံကိန်း ငါးခုအနက် ယခုနမ့်ငွမ်းစက်ရုံမှာ တစ်ခုဖြစ်ကြောင်း သိရှိရသည်။ 

ညပိုင်းတွင် ဒုတိယသမ္မတနှင့်ဇနီးတို့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာ သံရုံးသို့ သွားရောက်၍ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း  သတင်းရရှိသည်။ (သတင်းစဉ်)'

ညပိုင်းတွင် ဒုတိယသမ္မတနှင့်ဇနီးတို့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာ သံရုံးသို့ သွားရောက်၍ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment