Wednesday, April 29, 2015

ဘာလ်တီမိုးဆန္ဒပြမှု အကြမ်းဖက်မှုအသွင် ပြောင်းလဲလာသောကြောင့် အရေးပေါ်အခြေအနေ ကြေညာ







The Mirror Daily's photo.




ဘာလ်တီမိုး (မာရီလန်းပြည်နယ်) ဧပြီ ၂၈


အမေရိကန်ပြည်ထောင်စု မာရီလန်းပြည်နယ် ဘာလ်တီမိုးမြို့တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားစဉ် ပြင်းထန်သော ကျောရိုးဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည့် အသက် ၂၅ နှစ်အရွယ် လူမည်းအမျိုးသား ဖရက်ဒီဂရေး ၏ ဈာပနအခမ်းအနားကျင်းပပြီး နာရီအနည်းငယ်အကြာတွင် လမ်းမများပေါ်၌ တိုက်ခိုက်မှုများဖြစ်ပေါ်လျက်ရှိသည်။ မြို့တော်တစ်ဝန်းရှိ အဆောက်အအုံများ၊ ကားများ မီးလောင်လျက်ရှိသလို စီးပွားရေးလုပ်ငန်း တစ်ဒါဇင်ခန့်မှာလည်း ဖောက်ထွင်းခံခဲ့ရ (သို့မဟုတ်) ဖျက်ဆီးခံခဲ့ရသည်။

တစ်ညတာ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ဧပြီ ၂၈ ရက် အစောပိုင်းက ဘာလ်တီမိုးမြို့မှာ စစ်ပွဲဇုန်အတွင်း ကျရောက်နေသည့် မြို့တစ်မြို့ပုံပေါက်နေကြောင်း မြို့တော်ဝန် စတက်ဖနီရောလင်းဘလိတ်ခ်က ပြောကြားသည်။ ဧပြီ ၂၇ ရက်က ဖြစ်ပွားသည့် အကြမ်းဖက်မှုကြောင့် ရဲအရာရှိ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ခြောက်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ရဲမင်းကြီး အန်ထော်နီလတ်စ်က ပြောကြားသည်။ ''ကျွန်မသားအတွက် တရားမျှတမှုကိုပဲ ကျွန်မလိုချင်တာပါ။ ဒီမှာ အခုဖြစ်နေတဲ့ အခြေအနေမျိုး မဖြစ်စေချင်ပါဘူး'' ဟု သေဆုံးသူ ဂရေး၏မိခင်က သတင်းထောက်များကို ပြောကြားသည်။ ဂရေး၏ အမြွှာညီမဖြစ်သူ ဖရက်ဒရက် ကာက သူအနေဖြင့် အကြမ်းဖက်မှုများကို နားမလည်နိုင်ကြောင်း၊ အကြမ်းဖက်သည်မှာ မှားယွင်းသည်ဟု ထင်မြင်ကြောင်း၊ ဖျက်ဆီးမှုများမှာ အလွန်ကို ဆိုးရွားသောကြောင့် ဧပြီ ၂၈ ရက်က ကလေးငယ်များ ကျောင်းမတက်နိုင်ကြောင်း ပြောကြားသည်။

အရေးပေါ်အခြေအနေ ကြေညာ
ဗီဒီယိုပြကွက်တစ်ခုတွင် ကိုယ်ထိလက်ရောက်ကျူးလွန်သူများက ကျောက်တုံးများဖြင့် ပစ်ပေါက်သောကြောင့် အကြမ်းဖက်နှိမ်နှင်းရေးဝတ်စုံ ဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်များက သံချပ်ကာ ကားတစ်စီး၏နောက်ကွယ်၌ အကာအကွယ် ယူလျက်ရှိသည်ကို ပြသနေသည်။ အကြမ်းဖက်မှုတွင်ပါဝင်သူ နှစ်ဒါဇင်ထက်မနည်းအား ဖမ်းဆီးပြီးဖြစ်ကြောင်း ဘာလ်တီမိုးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဒါရိုင်းဒီဒီဆူဆာက ပြောကြားသည်။ ယခုအခါ ဘာလ်တီမိုးမြို့၌ အရေးပေါ်အခြေအနေ ကြေညာထားပြီး အမျိုးသားလုံခြုံရေးအစောင့် တပ်ဖွဲ့အား တာဝန်ပေးအပ်ထားကြောင်း မာရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူး လာရီဟိုဂန်က ဆိုသည်။ အခြေအနေကို ထိန်းချုပ်ရန် ဘာလ်တီမိုးမြို့တော်တွင် လုံခြုံရေးအင်အား ဖြန့်ကြက်ထားပြီး ဧပြီ ၂၈ ရက်မှ စတင်ကာ ည ၁ဝ နာရီမှ မနက် ၅ နာရီထိ အပြင်မထွက်ရ အမိန့်တစ်ပတ်ကြာပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း သိရသည်။

တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူများ ဖြန့်ကြက်ထား
ဘာလ်တီမိုးမြို့၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ကူညီနှိမ်နင်းရန် အန္တလန္တစ်ဒေသမှ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူ ၅ဝဝဝ ကို အကူအညီ တောင်းခံသွားမည်ဖြစ်ကြောင်း မာရီလန်းပြည်နယ်ရဲတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဝီလီယမ်ပယ်လော့ဇီက ပြောကြားသည်။ အမျိုးသားလုံခြုံရေးအစောင့် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၅ဝဝ နီးပါးကို ဖြန့်ကြက်ပြီးဖြစ်ကြောင်း အာဏာပိုင်များ က ပြောကြားသည်။ မာရီလန်းပြည်နယ် ရဲတပ်ဖွဲ့က ဘာလ်တီမိုးရဲတပ်ဖွဲ့ကို အကူအညီပေးရန် ဧပြီ ၂၇ ရက်က စေလွှတ်ပြီးဖြစ်သည့် တပ်ဖွဲ့ဝင် ၄၂ ဦး နှင့် ပူးပေါင်းရန် အရန်တပ်ဖွဲ့ဝင် ၄ဝ အား အမိန့်ပေးထားခဲ့သည်။ ဘာလ်တီမိုးမြို့တွင် ဖြစ်ပွားနေသည့် ဖောက်ထွင်းမှု၊ အကြမ်းဖက်မှုအပြုအမူ များမှာ သည်းခံနိုင်ဖွယ်ရာမရှိကြောင်း၊ ဆန့်ကျင်ဆန္ဒပြမှုနှင့် အကြမ်းဖက်မှုကြား သိသာထင်ရှားသော ခြားနားချက် တစ်ခုရှိကြောင်း၊ အကြမ်းဖက်မှုအပြုအမူ ကျူးလွန်သူများကို ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဟိုဂန်က ပြောကြားသည်။ ကျမ်းသစ္စာကျိန်ဆိုပြီး နာရီအနည်းငယ်အကြာတွင် ရှေ့နေ ချုပ်သစ် အမျိုးသမီး လော်ရတ်တာလင့်ခ်ျက ဘာလ်တီမိုးမြို့မှ အဖြစ်အပျက် များကို ''အသိဥာဏ်ကင်းမဲ့သည့် အကြမ်းဖက်မှုအပြုအမူများ'' အဖြစ် ဝေဖန် ရှုတ်ချခဲ့သည်။ သူက တရားရေးဝန်ကြီးဌာနသည် အကူအညီလိုအပ်သူများအား မည်သည့်အကူအညီမဆို ပေးအပ်ရန် အဆင်သင့်ရှိနေကြောင်း ပြောကြားသည်။ စီအင်န်အင်န်။

No comments:

Post a Comment